SJ WorldNews - шаблон joomla Авто

ဥရောပဇုန် ပြန်လည်ဖွဲ့စည်းရေး သဘောတူညီခဲ့ကြသည့် မက်ခရွန်နှင့် မာကယ်

Wednesday, 21 November 2018 09:13 Written by  font size decrease font size decrease font size increase font size increase font size

၂၁ ရာစုတွင် ဥရောပသမဂ္ဂ ဆိုသည့်စကားလုံးက ရှေ့တန်းရောက်ခဲ့သော်လည်း သြဇာအာဏာပိုင်းအနေဖြင့် စီးပွားရေး၊ လုံခြုံရေးပိုင်းအရ အတော်ပင်အားနည်း ခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။ ပထမအချက်အနေဖြင့် အကြီးမားဆုံး စီးပွားရေး အဖွဲ့အစည်းကြီးဖြစ်ပြီး ညီညွတ်သည်ဟု ဆိုကြသော ဥရောပသမဂ္ဂက အရှေ့အလယ် ပိုင်းစစ်ဘေးမှ ထွက်ပြေးလာကြသော  ဒုက္ခသည်များကို ကောင်းမွန်စွာ ကိုင်တွယ်ဖြေရှင်းပေးနိုင်မှု မရှိခဲ့ပေ။

ဂျာမနီဝန်ကြီးချုပ်  အိန်ဂျဲလာမာကယ် ဦးဆောင်သည့်ဒုက္ခသည် ခွဲတမ်းကျလက်ခံရေး အစီအစဉ်ကိုပင် ဆန့်ကျင်ကြပြီး မာကယ်အပေါ် မကျေနပ်သူများခဲ့သည်။ ထိုအထဲတွင် မျိုးချစ်စိတ်ဓာတ် ပြင်းထန်သည်ဟုဆိုနိုင်သော ဟန်ဂေရီကဲ့သို့ နိုင်ငံမျိုးက ထိပ်ဆုံးမှပါဝင်ကာ ၎င်း၏နိုင်ငံနယ်စပ်စည်းမျဉ်းကို  ခြံစည်းရိုးခတ်ခဲ့သည် အထိဖြစ်သည်။ မာကယ်ပြောလည်းမရ၊  တခြားဥရောပ နိုင်ငံများပြောလည်းမရ၊ မတတ်သာသည့်အဆုံး မာကယ်လည်း  ဂျာမနီနိုင်ငံမှာပင်  ဒုက္ခသည် တစ်သန်းကျော်ကို လက်ခံထားလိုက်ရသည်။

ထို့နောက် မဖြစ်စဖူးအဖြစ်ထူးသည့် မုဒိမ်းမှုများနှင့် ရာဇဝတ်မှုပေါင်းများစွာ ဂျာမနီ၌ ပေါ်လာတော့သည်။ ၂ဝ၁၇ ခုနှစ် နှစ်သစ်ကူးကဆိုလျှင်  ကိုလုံးမြို့၌  မုဒိမ်းမှုပေါင်း ရာကျော်အထိ မြင့်တက်ခဲ့ကာ ဂျာမနီအမျိုးသမီးထု ဆန္ဒပြလုနီးပါးပင် ဖြစ်ခဲ့သည်။ ထို့နောက် မာကယ်ကို  ဂျာမနီပြည်သူတို့ ထောက်ခံမဲကျဆင်းခဲ့ကာ  နောက်ဆုံး ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းလိုက်ရသည့် အခြေအနေ တစ်ရပ်အထိရောက်ခဲ့သည်။

ထို့နောက် ဂျာမနီအဓိပတိ မာကယ်၏  ဦးဆောင်လှုပ်ရှားသည့် အရိပ်အယောင်အနည်းငယ်သာ တွေ့ရတော့ပြီး ဥရောပရေးရာပိုင်းတွင်လည်း ဦးဆောင်အခန်း ကဏ္ဍတွင်  မာကယ်သိပ်ပါဝင်လာခြင်း မရှိတော့ပေ။ ထရမ့်၏ ဥရောပနှင့် ပတ်သက်သည့် စကားလုံးများကို မာကယ် ပြန်လည်ချေပနိုင်ခြင်း မရှိတော့။ တကယ်တမ်း ဂျာမနီဆိုသည်မှာ ဥရောပစီးပွားရေးကို ဦးဆောင်မောင်းနှင်နေသည့် နိုင်ငံဆိုလျှင် မှားမည်မဟုတ်သကဲ့သို့   ၎င်းနောက်ကမှ  ဗြိတိန်နှင့်   ပြင်သစ်တို့က လိုက်ခြင်းဖြစ် သည်။

ယခုတော့ အခြေအနေတစ်ခုက ပြောင်းပြန်ဖြစ်လာနေပြီဖြစ်သည်။ ဥရောပ၌  မာကယ်က အနည်းငယ် နောက်ရောက်သွားပြီး အသစ်တက်လာသည့် အသက် ငယ်ဆုံး သမ္မတမက်ခရွန်က  ဥရောပကို ဦးဆောင်လာသည်။ မက်ခရွန်က ထရမ့်ပြောသည့် စကားလုံးများကို တစ်ခွန်းမကျန် ပြန်လည်ချေပသည်။   ယခင်တုန်းက မာကယ်လုပ်ခဲ့သည့် လမ်းစဉ်အတိုင်း  မက်ခရွန်လိုက် လုပ်နေခြင်းဖြစ်သည်။

ထို့ကြောင့် မက်ခရွန်ကို ပြင်သစ်မှ မာကယ်လားဆို သည့် မေးခွန်းထုတ်သူများ ပေါ်လာရသည်အထိပင်ဖြစ်သည်။ ၂ဝ၁၈  ခုနှစ် အစပိုင်းတွင် ထရမ့်က ဥရောပကို တရုတ်နှင့် အဆင်မပြေသည့် အခွန်စည်းကြပ်နှုန်း တိုးမြှင့်သည့်အထဲ ထည့်ခဲ့သောကြောင့်  ဥရောပနှင့်  အကြီး အကျယ်ပြဿနာတက်ကာ    ထိုအချိန်ကတည်းက ဥရောပတို့  ရပ်တည်ရေးအတွက် နောက်ထပ် အမေရိကန်ကို အားကိုး၍   ရတော့မည်မဟုတ်ကြောင်း၊ 

ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်မှ ရတော့မည်ဖြစ်ကြောင်းကို မက်ခရွန်က ၎င်း၏မိန့်ခွန်းထဲတွင် အခိုင်အမာဆိုထားသည်။

ထို့ပြင် မြောက်အန္တလန္တိတ် စာချုပ်အဖွဲ့ (NATO) ဆိုသည်မှာလည်း အမေရိကန်ဦးဆောင် အဖွဲ့အစည်း တစ်ခုဖြစ်သည့်အတွက် မက်ခရွန်က ရာနှုန်းပြည့် ယုံကြည် စိတ်ချပုံမပေါ်။ ထို့ကြောင့်  ဥရောပကိုယ်ပိုင် ကာကွယ်ရေးစစ်တပ်တစ်ခု တည်ထောင်ရန်ကိုပင်  မက်ခရွန်က အသည်းအသန် တိုက်တွန်းခဲ့သည်။

ထိုအကြောင်းကို အခြေခံပြီး မကြာသေးမီက ထရမ့်နှင့် မက်ခရွန်တို့  အပြန်အလှန်စကားလုံး တိုက်ပွဲများ ဖြစ်ခဲ့သေးသည်။ ထရမ့်ကလည်း ပထမကမ္ဘာစစ်ပြီးဆုံးသည့်  တစ်နှစ်ပြည့်အထိမ်းအမှတ် တက်ရောက်ရန် ပြင်သစ် ကိုရောက်လာသည်။ မီဒီယာများနှင့် အင်တာဗျူးတွင် မက်ခရွန်ပြောသည့်  ဥရောပစစ်တပ် တည်ထောင်ရန်ကို အသာထားဦး၊ NATO အဖွဲ့ကိုတင်နေသည့် အကြွေးကိုပင်   အရင်ဆပ်ပါဦးဟု ဆိုခဲ့သောကြောင့် ထရမ့်နှင့် မက်ခရွန် ထိပ်တိုက်တွေ့ပြီလားဟု စိုးရိမ်စရာ အခြေအနေများပင် ဖြစ်ပေါ်ခဲ့ရသေးသည်။

သို့သော်  နှစ်ဦးသားတွေ့သည့် အချိန်မှာ  အဆင်ပြေခဲ့ကြသည်။ ယခုမက်ခရွန်က ဥရောပဇုန်ပြန်လည် ထူထောင်ရေးကိစ္စ  မာကယ်ကို ဖိအားပေးလာခဲ့သည့် တစ်နှစ်ကျော်အချိန်အတွင်း ၎င်း၏ရည်မှန်းချက်  အကောင် အထည်ပေါ်လာခဲ့ပြီဖြစ်သည်။

နိုဝင်ဘာ ၁၃ ရက်က မာကယ်နှင့် မက်ခရွန်တို့  သီးခြားတွေ့ဆုံပြီးချိန် စာမျက်နှာ ၁၄ မျက်နှာပါသည့် ပူးတွဲကြေညာချက် တစ်ရပ်ကို   ထုတ်ပြန်ခဲ့သည်။ထိုအထဲတွင်  ဥရောပရေးရာ ဘဏ္ဍာရေးဝန်ကြီး ခန့်အပ်ရေးနှင့်    ဥရောပသီးသန့် ပူးတွဲရန်ပုံငွေ အဖွဲ့တစ်ဖွဲ့ ထူထောင်ရေးတို့ ပါဝင်သည်။

ထိုရန်ပုံငွေများထဲမှ မက်ခရွန်လိုလားနေသည့် ဥရောပစစ်တပ် ဖွဲ့စည်းရေး အဖွဲ့တစ်ဖွဲ့ထူထောင်ရေး ဆိုသော ရည်မှန်းချက်တစ်ခုကို အကောင်အထည်ဖော် မည်လားဆိုသည်က  မေးခွန်းထုတ်စရာ ဖြစ်နေသည်။ လက်ရှိ အချိန်ထိ မက်ခရွန်နှင့် မာကယ်တို့ ပူးတွဲကြေညာချက်ထဲတွင် ဥရောပစစ်တပ် ထူထောင်ရေးအတွက် မည်သည့်စကားဦးမှ မသန်းထားသေးဘဲ လျှို့ဝှက်ထားဆဲဖြစ်သည်။

သို့သော်  မက်ခရွန်က  ဥရောပစစ်တပ်တစ်ခုကို ကျိန်းသေဖွဲ့စည်း တည်ထောင်မည့်သူဖြစ်သည်။၎င်းနောက်မှာလည်း အဓိကကျောထောက်နောက်ခံ ဂျာမနီက လည်း ရှိနေပြီဖြစ်သည့်အတွက် ပိုမိုအားတက်စရာဖြစ် သည်။

ဥရောပဇုန်  ပြန်လည်ထူထောင်ရေးနှင့်  မည်သည့် ကိစ္စရပ်ပဲ ဖော်ဆောင်ဆောင် ဂျာမနီမပါဘဲ အထမြောက်မည် မဟုတ်ပေ။ ဂျာမနီက ဥရောပသမဂ္ဂ အဖွဲ့အစည်းတွင် အဓိကအရေးကြီးဆုံး ခေါင်းကြီးပိုင်းကို  ဆုပ်ကိုင် ထားသောကြောင့်ဖြစ်သည်။ ထိုကြောင့် မက်ခရွန်က   မာကယ်ကို   အသည်းအသန် ဖိအားပေးနေခြင်းဖြစ်သည်။  မာကယ်ကိုယ်တိုင်  မက်ခရွန်၏ သဘောကို လိုက်လျောခဲ့ရသည်မှာလည်း ထရမ့် ဥရောပအပေါ်ကို မြင်လာသည့်  အနုတ်သဘောဆောင်သော သဘောထားများကြောင့်ဖြစ်သည်။

ပုံမှန်ဆိုလျှင်  အမေရိကန်ဆိုသည်မှာ  ဥရောပနှင့် အပြန်အလှန် ကုန်သွယ်ရေး အများဆုံးရှိသည့် အဓိက  မဟာမိတ် အရင်းအချာဖြစ်သည်။ ကိုင်းကျွန်းမှီ ကျွန်း ကိုင်းမှီပုံစံမျိုး ဖြစ်ရမည့်အစား ယခု ထရမ့်လုပ်ရပ်များက ဥရောပကို စာရင်းထဲပင် မထည့်ဘဲ ၎င်း၏ကောင်းကျိုးကိုသာ ဆောင်ရွက်နေသည့်အတွက် ဥရောပတို့အနေဖြင့် ဂုဏ်သိက္ခာကျစရာ ဖြစ်လာသည်။

သို့သော် မာကယ်ကိုယ်တိုင် ပြည်တွင်း၌ ထောက်ခံမဲ  ကျဆင်းလာသည့်အတွက်  ဥရောပဆိုသည့်အဖွဲ့ အစည်းအရေးကို သိလျက်နှင့် လျစ်လျူရှုနေခဲ့ရသည့် အဖြစ်။ ထိုအချိန်တွင် ထရမ့်စကားလုံးများကို အပြင်းထန်ဆုံးချေပပြီး စင်ပေါ်တက်လာသည့် မက်ခရွန်က အဓိကနေရာကို  ဦးဆောင်ဝင်ယူလာသဖြင့် မာကယ်အတွက် အဆင်ပြေသွားသည်ဟု ဆိုနိုင်သော်လည်း တစ်ဖက်ကကြည့်လျှင် မာကယ်၏  နိုင်ငံရေးသြဇာလုံးလုံး ကျဆင်းသွား သည်ဟုဆိုနိုင်သည်။

မက်ခရွန်က  ပြန်လည်ဖွဲ့စည်းရေး အစီအစဉ်ကို ၂ဝ၂၁  ခုနှစ်အဖြစ်  ကြေညာထားပြီး  ဥရောပကို နောက်ထပ်ဦးဆောင်မည့်သူက  ပြင်သစ်ဖြစ်လာမည် လားဆိုသည်ကို အနည်းငယ် စောင့်ကြည့်ရဦးမည်ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။    

ရှိန်းထက်

Read 134 times
Rate this item
(0 votes)
Last modified on Wednesday, 21 November 2018 09:15

Latest from ကေတု