SJ WorldNews - шаблон joomla Авто

အမေရိကန် ဆန့်ကျင်ရေး ပိုမိုအား ကောင်းလာသည့် တူရကီ

Thursday, 22 November 2018 09:25 Written by  font size decrease font size decrease font size increase font size increase font size

အမေရိကန်၌ သမ္မတဒေါ်နယ်ထရမ့်တက်လာခဲ့ သည့်နောက်ပိုင်း မဟာမိတ်အကွဲအပြဲဇာတ်လမ်းများ ဖြစ်ပေါ်ခဲ့ရာ အဓိက အကျဆုံး မဟာမိတ်ဖြစ်သည့် တူရကီလည်းအပါအဝင်ဖြစ်သည်။ ၂ဝ၁၆ ခုနှစ်က တူရကီ၌ မအောင်မြင်သည့် အာဏာ သိမ်းမှု နောက်ဆက် တွဲကြောင့် ဒေါ်နယ်ထရမ့်နှင့်အာဒိုဂန်တို့ ပြဿနာ တက်ကြကာ ဖမ်းထားသည့် အမေရိကန် ဘုန်းတော်ကြီးကို ပြန်လွှတ်ပေးရန် အမေရိကန်နှင့် တူရကီတို့ အားပြိုင်ခဲ့ကြသည်။

တူရကီတို့ဘက်ကလည်း နောက်ဆုံးအချိန်ထိ အလျှော့မပေးသောကြောင့် သြဂုတ်လမှစ၍ ထရမ့်က တူရကီကို အရေးယူပိတ်ဆို့မှုပြု လုပ်ခဲ့သည်။ တူရကီသည် အမေရိကန်၏ သမိုင်းချီ မဟာမိတ်ဖြစ်သကဲ့သို့ နေတိုး၏ မဟာမိတ် အရင်းအချာ လည်းဖြစ်သည်။ လက်ရှိ ထရမ့်စိတ်ဝင် စားသည်က တူရကီထက် အရှေ့အလယ်ပိုင်း ဆော်ဒီအာ ရေဗျ ကိုဖြစ်သည်။

မကြာသေးမီကဖြစ်ပွားခဲ့သည့် ဝါရှင်တန်ပို့စ်သတင်း ထောက် ခါရှော့ဂျီအသတ်ခံရမှုဖြစ်စဉ်တွင် သမ္မတ အာဒိုဂန် ကိုယ်တိုင်က ဆော်ဒီကိုအရေးယူပေးရန် ထရမ့်ကို တိုက်တွန်းခဲ့သည်။ ထို့ပြင် ဆော်ဒီကိုလည်း ပြင်းထန်စွာ ရှုတ်ချ ကာ တူရကီတွင် အချုပ်အခြာအာဏာကို ထိပါးသူ အဖြစ်သတ်မှတ်ခဲ့သည်။ ခါရှော့ဂျီမသေဆုံးမီ နောက်ဆုံး အချိန် ဝင်သွားခဲ့သည့် နေရာက အစ္စတန်ဘူလ်ရှိ ဆော်ဒီ ကောင်စစ်ဝန်ရုံးဖြစ်သည်။

ထို့နောက် ပျောက်ခြင်းမလှ ပျောက်သွားသော သတင်း ထောက်အမှုကြောင့် တူရကီတို့ ဦးနှောက်ခြောက်ခဲ့ကာ နောက်ဆုံးအာဒိုဂန်၏ တိုက်ရိုက်အမိန့်နှင့် အစ္စတန်ဘူလ်ရှိ ဆော်ဒီ ကောင်စစ်ဝန်ရုံးကို ဝင်ရောက်စီးနင်းရှာဖွေစေခဲ့ သည်။ ထိုနေရာမှ လိုချင်သည့်အထောက်အထားများ ကို တူရကီတို့ရရှိခဲ့ကာ အသံသွင်းထားသည့်ဖိုင်ကို ပင်ရရှိခဲ့ သည်။ အသံဖိုင်တွင် ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆယ်မန်ကိုယ်တိုင် တိုက်ရိုက်အမိန့်ပေး ထားသည့် အကြောင်းအရာများလည်း ပါဝင်ကာ CIA ကိုယ်တိုင်ကပင် အိမ်ရှေ့စံကိုယ်တိုင် ခါရှော့ဂျီကို သတ်ခိုင်းခဲ့ ကြောင်း ယုံကြည်နေသည်အထိဖြစ်သည်။

သိုသော် ထရမ့်က ဆော်ဒီနှင့်ပတ်သက်လာလျှင် ဘူးတစ်လုံးဆောင်ထားသူဖြစ်သည်။ မကြာသေးမီက ထရမ့်ပြော သည့် စကားလုံးများက ပို၍ပင်ဆိုးရွားသည်။

လူ့အခွင့်အရေး တစ်ခုကြောင့် နိုင်ငံကိုထိခိုက်စေမည့် လုပ်ရပ်များကိုလုပ်မည်မဟုတ်ကြောင်း ထရမ့်ကိုယ်တိုင် မီဒီယာများကိုပြောခဲ့ကာ ဆော်ဒီသည် အမေရိကန် ပြည်တွင်းရင်းနှီးမြှုပ်နှံမှုများကို ဘီလီယံနှင့်ချီ ပြုလုပ် ထားသည့် နိုင် ငံ၊ အလုပ်အကိုင် အခွင့်အလမ်းပေါင်း ထောင်နှင့်ချီဖန်တီးပေးထားသည့်နိုင်ငံဖြစ်သောကြောင့် အကယ်၍ ၎င်းသာ ဆော်ဒီကို အရေးယူလိုက်လျှင် ထိုရင်းနှီးမြှုပ်နှံမှုများက တရုတ်နှင့်ရုရှားဆီသို့ ရောက်သွားမည်ဖြစ်၍ သူ့ကိုယ်သူ ဒုက္ခရောက်မည့်အဖြစ်မျိုး လုပ်မည်မဟုတ်ကြောင်း ထရမ့်ကပြောခဲ့ခြင်းဖြစ်သည်။

ထိုစကားလုံးများက တူရကီကို ပို၍ ဒေါသထွက်စေ သည်။ အာဒိုဂန်ကိုသာမက တူရကီပြည်သူများကိုပင် ဒေါသထွက် စေသည်။ ထို့ကြောင့် နဂိုကတည်းက အမေ ရိကန်ဆန့်ကျင်ရေးလှုပ်ရှားနေကြသည့်ပြည်သူများ ပိုမို ဒေါသထွက် လာကြကာ မကြာမီ အမေရိကန် ဆန့်ကျင်ရေး လှုပ်ရှားမှုများကို တူရကီ၌ မြင်တွေ့ရဦးမည်ဖြစ်သည်။

သြဂုတ်လက တူရကီအပေါ် အမေရိကန်၏ အရေးယူ ပိတ်ဆို့မှုကြောင့် တူရကီငွေ လိုင်ရာတန်ဖိုးကျဆင်းသွား ကာ သမိုင်းတွင် အဆိုးရွားဆုံးအဖြစ် ၄ဝ ရာခိုင်နှုန်းအထိ ကျဆင်းသွားသည်။

ထို့နောက် တူရကီပြည်သူတို့ကိုယ်တိုင် အမေရိကန် ဒေါ်လာများကိုမီးရှို့ပြီး You Tube ပေါ်တင်ကာ အမေ ရိကန်ထုတ် i Phone များကို ထုခွဲ၍ လူမှုကွန်ရက်ပေါ်တင်ပြီး အမေရိကန်ဆန့်ကျင်လှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြ သည်။ အာဒိုဂန်ကိုယ်တိုင်လည်း အမေရိကန် ပစ္စည်းများ အစား ပြည်တွင်းထုတ် ပစ္စည်းများကိုအသုံးပြုရန် မိန့်ခွန်း ထဲတွင် ထည့်ပြောကာ i Phone အစား Samsung  ကို အစားထိုး အသုံးပြုရန် ပြောခဲ့သည်။

ယခု နောက်ထပ်ဖြစ်လာပြန်သည့်ပြဿနာက အီရန် အရေးကြောင့် တူရကီကို ထပ်မံဒဏ်ခတ်မည့်ပြဿနာ ဖြစ်သည်။ မကြာသေးမီကပင် ထရမ့်က အိုဘားမား အစိုးရလက်ထက် ဖြေလျှော့ပေးခဲ့သည့် အရေးယူပိတ်ဆို့ မှုများကို ပြန်လည်ချမှတ်ကာ ထိုအထဲတွင် အီရန်နှင့် ဆက်နွှယ်သူများကိုအရေးယူရန် ထရမ့်အလေးထားခဲ့ သည်။ သို့မှသာ ၎င်းလိုချင်သည့် ပစ်မှတ်ဆီသို့ ရောက်ရှိ နိုင်မည်ဖြစ်သည်။ သို့သော် တူရကီနိုင်ငံပိုင်ံ Halkbank က အီရန် နှင့်

ဆက်နွှယ်မှုများရှိခဲ့သည့်အတွက် ၎င်းချမှတ်ထားသည့် ဥပဒေကိုချိုးဖောက်သည်ဟုဆိုကာ ထရမ့်အစိုးရက ယင်းဘဏ်ကို ဒဏ်ငွေ အမေရိကန်ဒေါ်လာ ဘီလီယံနှင့် ချီ ရိုက်ရန်ပြင်ဆင်နေသည်။ ဘီလီယံနှင့် ချီသည့် ဒဏ်ငွေသာ ရိုက်ခဲ့လျှင် တူရကီစီးပွားရေး အထိနာသွားမည်ဖြစ်ကာ ပြန်လည်ချည်နှောင်ရန် ကြိုးပမ်းနေသည့် အမေရိကန် နှင့် တူရကီဆက်ဆံရေးလည်း ပိုမိုဆိုးရွားလာမည်ဖြစ်သည်။

လက်ရှိတွင် တူရကီက အမေရိကန်နှင့်ဆက်ဆံရေးထက် ရုရှားနှင့် ဆက်ဆံရေးကို ပိုမိုအလေးထားနေသည်။

အမေရိကန်လက်နက်များအစား ရုရှားလက်နက်များကိုပင် ဝယ်ယူနေပြီဖြစ်ကာ လေကြောင်းရန်ကာကွယ်ရေး အတွက် ရုရှား၏ S400 ကိုပင် ဝယ်ယူရန် သမ္မတဗလာဒီမာပူတင် နှင့် ဆွေးနွေးထားပြီးဖြစ်သည်။ တူရကီနှင့် ရုရှားဆိုသည်မှာ ရှည်ကြာသည့်မဟာမိတ်သမိုင်းရှိသကဲ့သို့ အဆိုးရွားဆုံးဖြစ်စဉ် တစ်ခုကြောင့် သံတမန်ရေးပြတ် တောက်ရန် အထိပင်ဖြစ်ခဲ့သဖြင့် အချိန်တိုအတွင်း ပြန်လည်အဆင်ပြေရန် မည်သူမှ မမျှော်လင့်ခဲ့ကြပေ။

၂ဝ၁၅ ခုနှစ်က အရှေ့အလယ်ပိုင်း၌ IS တို့အားကောင်း နေသည့်အချိန် ရုရှားတို့ကလည်း ဆီးရီးယားအစိုးရ ဘက်မှရပ်တည်ရန် အရှေ့အလယ်ပိုင်းကို စစ်တပ်အလုံး အရင်းနှင့်ဝင်ရောက်လာခဲ့သည်။ ထိုအချိန်က IS တို့ကို ဗုံးကြဲရန်သွားသည့် ရုရှား SU34 ဂျက်တိုက်လေယာဉ် ကို တူရကီလေတပ် F16 များက ပစ်ချခဲ့သည်။ ရုရှား လေယာဉ်မှူးလည်း သေဆုံးခဲ့ရကာ ပူတင်ကိုယ်တိုင် ထိုတစ်ဝိုက်ကှို S400  ချပြီး ဝင်လာသမျှလေယာဉ်ကို ပြန်လည် ပစ်ချမည်ဟု ကြမ်းခဲ့သောကြောင့် တူရကီ သာမက အမေရိကန်ဂျက်တိုက်လေယာဉ်များပင် ထိုအချိန်ကဖြတ်ပြီး မပျံရဲခဲ့ကြပေ။

ထို့နောက် ရုရှားနှင့်တူရကီတို့ အပြန်အလှန်စကားလုံး စစ်ပွဲများဖြစ်ကာ အာဒိုဂန်က ရုရှားကို မီးနှင့် မကစားနဲ့ ဟု သတိပေး ခဲ့သောကြောင့် ရုရှားတို့ ပိုမိုပေါက်ကွဲခဲ့ကာ ပူတင်ကိုယ်တိုင် ရုရှား၌ရှိသည့် တူရကီ ကုမ္ပဏီများကို ထွက်ခွာ စေခဲ့သည်။ ထိုအချိန်တုန်းက အိုဘားမား လက်ထက်ဖြစ်ပြီး တူရကီကို ကျောထောက်နောက်ခံ ကောင်းကောင်း ပေးခဲ့သည့်အချိန်ဖြစ်သည်။ ထို့ပြင် တူရကီနှင့်အမေရိကန်တို့ ရွှေလက်တွဲခိုင်မြဲသည့် နောက်ဆုံး အချိန်ဟုလည်း ပြော၍ ရသည်။

ထို့ဖြစ်စဉ်နောက်ပိုင်း အမေရိကန်နှင့် တူရကီတို့ ထိပ်တိုက်တွေ့ကြကာ ယခုကဲ့သို့ အတင်းမာဆုံးဆိုသည့် အနေ အထားကို ရောက်လာခြင်းဖြစ်သည်။ တူရကီက လည်း ရုရှားနှင့် ပိုမိုအဆင်ပြေနေသောကြောင့် ဥရောပ သမဂ္ဂသို့ ဝင်မည့် ၎င်း၏ကြိုးပမ်းချက်ကိုပင် ပယ်ဖျက်လိုက်ပြီဟု အာဒိုဂန်ကိုယ်တိုင် ကြေညာခဲ့ပြီး အမေရိကန် ကိုလည်း ဂရုမစိုက်တော့။ အမေရိကန်အတွက်ကတော့ တူရကီနှင့် ထိပ်တိုက်တွေ့ခြင်းက အကောင်းထက် အဆိုး ဘက်ကို ပိုများ နေသည်။

ကုန်သွယ်ရေး ပိုင်းတွင်လည်း တူရကီနှင့်အမေရိကန်တို့က အများဆုံးပမာဏကိုပိုင်ဆိုင်ထားကြပြီး တူရကီ ဆိုသည်မှာလည်း ကမ္ဘာ့စီးပွားရေးအင်အားနေရာ ၁၇နေရာ၌ ရပ်တည်နေသူဖြစ်သည်။ ကြားထဲက အေးအေး ဆေးဆေး အမြတ်ထွက်နေ သည့် နိုင်ငံက ရုရှား ဖြစ်သည်။ အမေရိကန်နှင့် တူရကီတို့ အဆင်မပြေလေ၊ ထရမ့်က တူရကီကို ပိတ်ဆို့မှုများချမှတ်လေ၊ တူရကီက ၎င်းဘက်ရောက်လာလေဖြစ်သည်။

တူရကီကိုရလျှင် တစ်ချက်ခုတ်နှစ်ချက်ပြတ်မည်ကို ရုရှားတို့သိသည်။ တစ်ချက်က နေတိုးကို ပိုမိုအားနည်း သွားစေနိုင်ကာ ဒုတိယတစ်ချက်က ၎င်း၏ စီးပွားရေးကို ပိုမိုကောင်းမွန်လာစေမည်ဖြစ်သည်။ လက်ရှိစစ်တမ်း ကောက်ယူ ချက်များတွင်လည်း ရုရှားဘက်ကို တူရကီ ပြည်သူများယုံကြည်မှုရှိလာပြီး အမေရိကန်ကို အယုံ အကြည် မရှိမှုက တရိပ်ရိပ်တက်လာနေသည်။

ယခု တူရကီ စီးပွားရေး အကျဘက်ကိုဦးတည်နေပြီး တရားခံက အမေရိကန်ဟု အာဒိုဂန်အစိုးရသာမက ပြည်သူများ ကပင် သတ်မှတ်ထားကြပြီဖြစ်သည်။ တူရကီ ပြည်သူတို့ဆိုသည်မှာ အာဏာသိမ်းမှုကို အသက်နှင့် ရင်းပြီး ဒီမိုကရေစီကိုကာကွယ်ခဲ့သောကြောင့် နာမည် ကြီးသူများဖြစ်သည်။ စီးပွားရေးကောင်းမွန်ပြီး ပညာ တတ်များ သောကြောင့် မည်သူ့ကြောင့် ၎င်းတို့စီးပွားရေး ထိခိုက်ရသည်ကိုလည်း နားလည်သည်။

ထို့ကြောင့် အမေရိကန်ဆန့်ကျင်ရေးသည် တူရကီ၌ ပိုမိုအားကောင်းလာပြီး နောက်ဆုံး ရုရှားဘက်ကို တူရကီတို့ ရောက်သွားမည်ဖြစ်ပါကြောင်း ရေးသားတင်ပြ လိုက်ရပါသည်။ ။

ရှိန်းထက်

Read 118 times
Rate this item
(0 votes)
Last modified on Thursday, 22 November 2018 09:39