SJ WorldNews - шаблон joomla Авто

ဥရောပကို ဦးဆောင်လာမည့် ပြင်သစ်နှင့် အကြမ်းဖက်မှု အသွင်ပြောင်းလာနေသည့်ဆန္ဒပြမှုများ

Tuesday, 27 November 2018 09:31 Written by  font size decrease font size decrease font size increase font size increase font size

၂ဝ၁၈ ခုနှစ်သည် အရှေ့အာရှနိုင်ငံ များသာ ကပ်ဘေးဆိုက်သည့်ခုနှစ်မဟုတ်ဘဲ အနောက်အုပ်စုတို့ပါ ဒုက္ခရောက် ရသည့်နှစ် ဖြစ်သည်။ အမေရိကန်၌လည်း အလယ် ပိုင်းမှ ရွှေ့ပြောင်းလာသူများနှင့် ပြဿနာ တက်နေရ၊ ဥရောပဆိုလျှင် ဥရောပသမဂ္ဂ မှ ဗြိတိန်ခွဲထွက်မည့်အရေးနှင့်ပတ်သက်ပြီး အသည်းအသန် ဆွေးနွေးနေရသည်။ ထိုအထဲမှ ပြင်သစ်က ယခု အဆိုးရွားဆုံး ဆန္ဒပြမှုများ ကို တွေ့ကြုံခံစားနေရသည်။

ဆန္ဒပြမှုများဖြစ် ပေါ်လာသည်မှာ နှစ်ပတ် ကျော်လာပြီဖြစ်ပြီး ယခုဆိုလျှင် အကြမ်းဖက်မှုအသွင်သို့ပါ ပြောင်းလဲ လာပြီဖြစ်သည်။

နိုဝင်ဘာ ၂၅ ရက်က လုံခြုံရေးယူထားသည့် ရဲတပ်ဖွဲ့များနှင့် ဆန္ဒပြသူများ ပဋိပက္ခဖြစ်ပွားခဲ့ကြကာ လူ ၁၉ ဦးကျော် ဒဏ်ရာရ ခဲ့သည်။ ပြင်သစ်၌ နှစ်ပတ်ကျော်ကြာလာ ခဲ့သည့် ဆန္ဒပြမှုများတွင် ပါဝင်သူပေါင်း နှစ်သိန်းကျော် အထိရှိကာ လောင်စာဆီဈေး ၂၃ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သောကြောင့်ဖြစ်သည်။

ယခု လောင်စာဆီတစ်လီတာလျှင် ၁ ဒသမ ၅၂ ယူရိုအထိ မြင့်တက်ခဲ့ကာ ၂ဝဝဝ ပြည့်နှစ်နောက်ပိုင်း အဆိုးရွားဆုံး မြင့်တက်လာသည့် လောင်စာဆီဈေးနှုန်းဟု ဆန္ဒပြသူများက ကြွေးကြော်ကြကာ တရားခံမှာ ပြင်သစ်သမ္မတ အီမန် နျူရယ် မက်ခရွန် ဖြစ်သည်ဟုဆိုသည်။ မကြာသေးမီက ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍ ပိုမိုတိုးတက်စေရန်နှင့် လျင်မြန်စွာ ဖွံ့ဖြိုးလာစေရန် မက်ခရွန်က လောင်စာဆီဈေးနှုန်းများကို အခွန်တိုးကောက်ခံခဲ့သည်။

ထို့နောက် ကမ္ဘာ့လောင်စာဆီဈေးနှုန်း ကလည်းမြင့်တက်၊ မက်ခရွန်ကလည်း အခွန်တိုးကောက်ထားသောကြောင့် ဝန်ပိသည့် ဒဏ်ကို ပြင်သစ်ပြည်သူများခံစားခဲ့ကြရ ခြင်းဖြစ်သည်။ သို့သော် ထိုသူများက ငြိမ်ခံ နေသူများမဟုတ်။ ချက်ချင်းဆန္ဒပြမှုက နှစ်ပတ်အတွင်း လူပေါင်း ၂၈ဝဝဝဝ အထိ မြင့်တက်သွားကာ ထိုအထဲမှ အများစုက ငြိမ်းချမ်းစွာဆန္ဒပြကြခြင်းဖြစ်ပြီး ၁၆ဝဝ ခန့်ရှိသော လူအုပ်ကသာ ရဲတပ်ဖွဲ့များနှင့် ပဋိပက္ခဖြစ်ကာ အကြမ်းဖက်မှု အသွင်ဆောင် သွားခြင်းဖြစ်သည်။

လက်ရှိတွင် မက်ခရွန်ကိုယ်တိုင် လုံခြုံ ရေးအတွက် ရဲတပ်ဖွဲ့ဝင်ပေါင်း ၅ဝဝဝ ကျော်ချထားရပြီး အခြေအနေက ယခုအချိန်ထိ ထိန်းသိမ်း၍မရသေးပေ။ ဆန္ဒပြမှုကို ထိန်း ချုပ်နိုင်ရန် မက်ခရွန်က မျက်ရည်ယိုဗုံးများ၊ မီးသတ်ပိုက် များဖြင့် ဖြိုခွင်းရန်ခွင့်ပြုပေး ထားကာ ထိုမျှနှင့်ပင် ထိန်းမရသေးပေ။

မက်ခရွန်ကတော့ ငြိမ်းချမ်းစွာ ဆန္ဒပြမှုကို အပြစ်မပြောလို။ အကြမ်းဖက်မှုကိုတော့ ရှုတ်ချသည်ဟုဆိုသည်။

မက်ခရွန်သည် သမ္မတဟောင်း ဖရန်ဆွာ ဟော်လန်ကို မဲအရေအတွက် ၆၆ ဒသမ ၁ ရာခိုင်နှုန်းဖြင့် အပြတ်အသတ် အနိုင်ရကာ တက်လာသည့် ၃၉ နှစ်အရွယ် ပြင်သစ် သမိုင်းတစ်လျှောက် အသက်အငယ်ဆုံး သမ္မတဖြစ်လာပြီး ဘဏ်လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်သူလည်းဖြစ်သည်။ အသက် ငယ်ငယ်နှင့် နယ်အတော်များများကို လှည့်လည် ခဲ့သူဖြစ်ကာ ရည်ရွယ်ချက်ကြီး မားသူလည်းဖြစ်သည်။

ယခု ဥရောပကိုယ်ပိုင် စစ်တပ် တည်ထောင်ရေးနှင့် ဥရောပအား ဂျာမနီရှေ့မှ ဦးဆောင်ရေး အစီအစဉ်များကို ရှေ့ဆုံးမှ ဆောင်ရွက် နေသူဖြစ်ကာ အမေရိကန်သမ္မတဒေါ်နယ် ထရမ့်နှင့် အပြန်အလှန်ပြောရဲဆိုရဲ သူဆို၍ ဥရောပ မှ မက်ခရွန်တစ်ဦးသာ ရှိတော့သည်။

ယခင်က ဂျာမနီ ဝန်ကြီးချုပ် အိန်ဂျဲလာ မာကယ်ဖြစ်ကာ ယခုမာကယ်က ၎င်း၏နိုင်ငံမှာပင် ထောက်ခံမဲအပြည့်အဝ မရ တော့သောကြောင့် ညွန့်ပေါင်းအစိုးရပင် ဖွဲ့ထားရကာ ထရမ့်ကိုလည်း မဝေဖန်ရဲ၊ လူကြားထဲလည်း သိပ်မထွက်၊ ယခင်က ကဲ့သို့ တက်ကြွသည့်ပုံစံ မတွေ့ရတော့ပေ။ ထိုကြားထဲ ဗြိတိန်က ဥရောပမှ နုတ်ထွက်ရန် ဥရောပနှင့် သဘောတူ ညီချက်ရ၊ ခွဲထွက် ရေးကိုထောက်ခံမဲပေးမည်ဟု စပိန်ကလည်း ဆိုနေသောကြောင့် စည်းလုံးမှု အားနည်း လာကာ ပြိုကွဲစပြုလာသည့် ဥရောပကို မက်ခရွန် ဦးမဆောင်လျှင် မည်သူမျှဦးဆောင်နိုင် လိမ့်မည်မဟုတ်။ ဂရိဆိုသည်မှာလည်း ယခုအချိန်ထိ စီးပွားရေးပျက်ရာမှ ပြန်လည်  နာလန်ထူနိုင်သည့်နိုင်ငံမဟုတ်။ ထိုကြားထဲ အီတလီကလည်း ဒုက္ခသည်အရေးနှင့်ကြုံရ ကာ စီးပွားရေးဖွံ့ဖြိုးမှုနှုန်းနှေးကွေးနေသည့် နိုင်ငံဖြစ်သည်။

ဥရောပအရေးကို ထိပ်ဆုံးမှ တက်တက် ကြွကြွပါဝင်ရန် ဆိုသည်မှာ မဖြစ်နိုင်ပေ။ ထို့ကြောင့် မက်ခရွန် အနည်းငယ် လှုပ်ရှား လိုက်သည်နှင့် စင်ပေါ်ကို အလိုအလျောက် ရောက်ရှိလာခြင်းဖြစ်သည်။ ထရမ့်က ဥရောပကို အားနည်း စေချင်နေသလားဟု သံသယဝင်စရာကောင်းလောက်အောင်ပင်ဥရောပနှင့် ပတ်သက်ပြီး အကောင်းမြင် စိတ်မရှိပေ။

ဒုတိယကမ္ဘာစစ်အပြီးတွင် ဥရောပကို စည်းလုံးအောင်ဖွဲ့စည်းကာ စစ်တပ်အင်အားတစ်ခုဖြစ်သည့် နေတိုးကို တည်ထောင် ထားခဲ့ သည်မှာ အမေရိကန်တို့ ရုရှားရန်ကိုကာကွယ် နိုင်ရန်ဖြစ်သည်။ ဥရောပတို့ပိုမို ညီညွတ် အားကောင်းလေ ရုရှားရန်မှကာကွယ်ရေးကို ပိုမိုစိတ်ချရလေဖြစ်သည်။ ထိုအခါ ပြိုင်ဘက်ကို အမေရိကန်တို့ ကောင်းစွာ ထိန်းချုပ်နိုင် ပြီဖြစ်သည်။ ထိုအတွေးနှင့် နေတိုးကို အမေရိကန်တို့ ရန်ပုံငွေပိုထည့်၊ စိတ်ကြိုက် အမိန့် ပေးနိုင်စေရန် ပုံသွင်းခဲ့ခြင်းဖြစ်သည်။

ယခု ထရမ့်က ဥရောပအဖွဲ့အစည်းကို ပိုမိုအားနည်းစေသယောင်ပြုလုပ်လာနေကာ နေတိုးနှင့် ပတ်သက်၍ ဥရောပ နိုင်ငံ များက ရန်ပုံငွေကိုခွဲတမ်းနှင့် တန်းတူညီမျှ မပေးလျှင် ၎င်းလည်းပေးတော့မည်မဟုတ် ဟု ခြိမ်းခြောက်လာကာ ၎င်း၏ ရည်ရွယ် ချက်က ရုရှားမှ နံပါတ်တစ်အဖြစ်သတ်မှတ် ထားသည့် နေတိုးနှင့် ဥရောပသမဂ္ဂ EU အဖွဲ့အစည်းကို အားနည်းအောင်လုပ်၊ ရုရှား နှင့် ပူးပေါင်းလိုသောကြောင့်လားဟု တွေးစရာရှိသည်။

သို့သော် လွန်ခဲ့သောနှစ်နှစ်ဆိုသည့် အချိန်ကိုကြည့်မည်ဆိုလျှင် ရုရှားနှင့် အဆင်ပြေရန် ထရမ့် အသည်း အသန် ကြိုးစားခဲ့သည်။ ကမ္ဘာ့ဖလားပွဲကိုတောင် ရုရှားအထိ သွားကြည့်ပြီး လိုအပ်သည်ထက် ပိုသော အပြုအမူများဖြင့် ရုရှား သမ္မတ ဗလာဒီမာပူတင်ကို ဆက်ဆံခဲ့သောကြောင့် ဝေဖန်မှုများစွာခံခဲ့ရသည်။

အခြေအနေက ထုံးစံအတိုင်း ထိုမျှနှင့်ပင် တစ်ခန်းရပ်သွားပြန်ကာ ထရမ့်က ရှေ့မှလုပ်လိုက်၊ ဒီမိုကရက်တစ်တို့က နောက်မှ ဖျက်လိုက်၊ ရုရှားအပေါ်အရေးယူပိတ်ဆို့ မှုများချလိုက်နှင့် ထရမ့်က ၎င်းသွားလိုသည့် ရုရှားလမ်းကြောင်းကို သွားမရဖြစ်နေသည်။

သို့သော် ထရမ့်က ယခုအချိန်ထိ ရုရှားနှင့် ပေါင်းဖက်ရေးကို ဆက်လက်ကြိုးစားနေ ဆဲဖြစ်နေကာ ထို့ကြောင့်သာ ဥရောပကို ပိုမိုဆိုးရွားသည့်ဆက်ဆံမှုမျိုးနှင့် ဆက်ဆံ နေခြင်းဖြစ်သည်။

ထရမ့်တစ်ခုသိထားသည်က ဥရောပဆို သည်မှာ မက္ကဆီကိုနှင့် ကနေဒါကဲ့သို့နိုင်ငံ မျိုး၊ ၎င်းဘက်က မည်မျှပင်တင်းတင်း အချိန်တန်၍ နှစ်ဆင့်ခန့် ပြန်လျှော့လျှင် အဆင် ပြေမည်ကို¤င်းကသိသည်။ ထို့ကြောင့်သာ ရုရှားကို အဓိက၊ ဥရောပကိုနောက်မှ ဆိုသည့် ဇာတ်လမ်းမျိုးကို ထရမ့်ခင်းနေခြင်းဖြစ်သည်။

သို့သော် ဥရောပဆိုသည့်အဖွဲ့အစည်း အစည်းက ခေါင်းမာလျှင်လည်း သူများထက်မာတတ်သည်။ ဟန်ဂေရီကဲ့သို့ ရှေးရိုးစွဲဝါဒီ ကို လက်ကိုင်ထားဆဲဖြစ်သည့်လူမျိုးကြီး ဝါဒီများရှိသည်။ အမေရိကန်နှင့် မပေါင်းရလည်း တရုတ်နှင့် ပေါင်းမည်ဆိုသည့် မထူး ဇာတ်မျိုးကိုလည်း ခင်းနိုင်သည်။ ယခုပင် တရုတ်နှင့် အမေရိကန်ကုန်သွယ်ရေးစစ်ပွဲ ဖြစ်နေချိန် တရုတ်နှင့် ဥရောပက ကုန်သွယ် ချစ်ကြည်ရေးကို တိုးပြီးလုပ်ဆောင်နေ သည်။

ထို့ကြောင့် ထရမ့်ထင်ထားသည့်အတိုင်း ဖြစ်မလာလျှင် အမေရိကန်တို့ရထားသည့် ကမ္ဘာ့သြဇာလွှမ်းမိုးမှု အရှိဆုံး ဆိုသော နာမည် ကို ထရမ့်လက်ထက်မှာပင် တစ်ကွက်မှား သွားသည်နှင့် ပျောက်ပျက်သွားနိုင်သည်။

အာရှဘက်မှ တရုတ်နှင့်ရုရှားတို့ကလည်း အမေရိကန်တို့ နေဝင်ချိန်ကိုစောင့်နေကြကာ အကွက်ကောင်းကို ချောင်း နေသည်။

ထိုအချက်ကိုထည့်မတွက်ဘဲ ရုရှားနှင့် အဆင်ပြေရန်တစ်ခုအတွက်ကိုသာ ထရမ့်ကြည့်နေမည်ဆိုလျှင် ထရမ့်က သမိုင်း တရားခံတစ်ဦးဖြစ်လာမည်ဖြစ်သည်။ ရုရှား နှင့် တရုတ်ဆိုသည်မှာ လက်ရှိခိုင်မာသည့် မဟာမိတ်များအဖြစ် နာမည် တပ်နိုင်ကာ အမေရိကန် ဆိုသည်ကို အယုံအကြည်နည်း သူများဖြစ်သည်။

နောက်ဆုံး ဥရောပသမဂ္ဂကိုပင် တရုတ် က အမေရိကန်ထက် ပိုယုံကြည်ခဲ့ကြသည်။ ဥရောပတို့ကလည်း လက်ရှိတွင် အမေရိကန် ၏ဘေးဖယ်ထားမှုနှင့် အခွန်ကောက်မှုတို့ ကြောင့် ရန်သူ၏ရန်သူက မိတ်ဆွေဆိုသည့် အတိုင်း တရုတ်နှင့် ဥရောပသမဂ္ဂတို့အဆင် ပြေနေကြခြင်းဖြစ်သည်။

ထို့ပြင် ယခု ဥရောပကိုဦးဆောင်မည် ဆိုသည့် ပြင်သစ်၌ ဆိုးရွားသည့်ဆန္ဒပြမှု များလည်း ဖြစ်နေသောကြောင့် ထရမ့် ထင်ထားသည့်အတိုင်း ဖြစ်မလာဘဲ မထူး ဇာတ်အဖြစ်ကို ဥရောပတို့ခင်းလိုက်လျှင် အစပိုင်းက ခေါင်းစဉ်တပ်ထားကြ သည့် နန်းကျဘုရင်ကြီးအဖြစ်သို့ အမေရိကန် ရောက်သွားမည်ဖြစ်ပါကြောင်း ရေးသား တင်ပြလိုက်ရပါသည်။ ။

ရှိန်းထက်

Read 141 times
Rate this item
(0 votes)
Last modified on Tuesday, 27 November 2018 09:34