SJ WorldNews - шаблон joomla Авто

Huawei နည်းပညာ ကုမ္ပဏီအမှုကြောင့် အမေရိကန်နှင့် တရုတ်ကြား မြေစာပင်ဖြစ်လာနိုင် သည့် ကနေဒါ

Friday, 14 December 2018 10:33 Written by  font size decrease font size decrease font size increase font size increase font size

အမေရိကန်နှင့် တရုတ်နိုင်ငံတို့ကြား ကုန်သွယ်ရေးစစ်ပွဲက မရေမရာနှင့် လိပ်ခဲတည်းလည်း ဖြစ်နေချိန်တွင် အမေရိကန်၏ တောင်းဆိုမှုကြောင့် ကနေဒါအစိုးရက Huawei နည်းပညာ ကုမ္ပဏီ၏ တစ်ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေးမှူးချုပ် မန်ဝမ်ကျိုးကို ဖမ်းဆီးလိုက်သောအခါ အမေရိကန်၊ တရုတ်နှင့် ကနေဒါ သုံးနိုင်ငံကြား တင်းမာမှုက ပိုမိုမြင့်တက် လာခဲ့သည်။

မန်ဝမ်ကျိုးကို ဖမ်းဆီးထားခြင်းသည် အန္တရာယ်ရှိပြီး မနှစ်မြို့ဖွယ်ကောင်းသော လုပ်ဆောင် ချက်ဖြစ်ကြောင်း တရုတ်အစိုးရက ပြောကြားထားသည်။ မန်ဝမ်ကျိုးသည် Huawei ကုမ္ပဏီ တည်ထောင်သူ၏ သမီးဖြစ်ပြီး လက်ရှိတွင် ကုမ္ပဏီ၏ တစ်ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေးမှူးချုပ် အဖြစ် တာဝန်ထမ်းဆောင် နေသူဖြစ်သည်။ ကနေဒါ အစိုးရက ၎င်းကို ဒီဇင်ဘာ ၁ ရက်က ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ အမေရိကန် အစိုးရ၏ တောင်းဆိုမှုကြောင့် မန်ဝမ်ကျိုးကို ဖမ်းဆီးရ ခြင်းဖြစ်သည်ဟု ကနေဒါ အစိုးရက ထုတ်ပြန်ထားသည်။

ကမ္ဘာလုံးဆိုင်ရာ နည်းပညာပံ့ပိုးမှုကို ရည်မှန်းချက်ဖြင့် ဆောင်ရွက်နေသော တရုတ်တို့ အတွက် Huawei ကုမ္ပဏီသည် အဓိက ကျသည့် အခန်းကဏ္ဍမှ ပါဝင်နေသည်။ တရုတ်တို့က လည်း ကနေဒါကို ချက်ချင်းပင် တုံ့ပြန်သည့် အနေဖြင့် တရုတ်နိုင်ငံဆိုင်ရာ ကနေဒါသံအမတ် ဟောင်း ကိုဗ်ရင်ကို Huawei ဘဏ္ဍာရေးမှူးချုပ် ရုံးထုတ်သည့်အချိန်မှာပင် ချက်ချင်း ဖမ်းဆီး ထားလိုက်ပြီး မည်သည့်နေရာ၌ ထားသည်ကိုပင် ထုတ်ဖော်ခြင်း မရှိခဲ့ပေ။

ကိုဗ်ရင်ဆိုသည်မှာ ICS ပဋိပက္ခ ဖြေရှင်းရေးဆိုင်ရာ အာရှမြောက်ပိုင်း သံတမန်တစ်ဦးဖြစ်ပြီး မင်ဒရင်း ဘာသာရပ်ကို ကျွမ်းကျင်သူဖြစ်သည်။

ICS အနေဖြင့် ကိုဗ်ရင်အား ဖမ်းဆီးထားသည့်နေရာကို သိရှိနိုင်ရေးနှင့် ပြန်လည် လွတ် မြောက်ရေးကို အဆုံးစွန်ထိ ကြိုးပမ်းမည်ဟုဆိုထားပြီး ကိုဗ်ရင်နှင့်ပတ်သက်၍  တရုတ်တို့ ထုတ်ပြန်ချက်တွင် နိုင်ငံလုံခြုံရေးကြောင့်ဟု ဆိုသည်။ ထင်ရှားသည်က တရုတ်၏ အကူ အညီကို လိုလားနေသည့် ကနေဒါကဲ့သို့ နိုင်ငံမျိုးက တရုတ်ကို နိုင်ငံရေးအရ တစ်ဖက်သတ် အသာစီးဖြင့် ဖြတ်ချလိုက်သည်ကို တရုတ်တို့က ပြန်လည် တုံ့ပြန်လိုက်ခြင်းဖြစ်သည်။

တရုတ်သည် ကမ္ဘာပေါ်၌ ဒုတိယစီးပွားရေး အကြီးဆုံးနိုင်ငံဖြစ်ပြီး အမေရိကန်၏ အရေးယူ ပိတ်ဆို့မှုများကိုပင် တုံ့ပြန်မှုများ ပြုလုပ်ထားသူဖြစ်သည်။ လက်ရှိ တရုတ်၏ အမေရိကန် အပေါ် အခွန်အကောက် တိုးမြှင့်မှုတန်ဖိုးက အမေရိကန်ဒေါ်လာ ၂ဝဝ ဘီလီယံ ကျော်အထိ ရှိနေပြီး လက်ရှိအချိန်ထိ ထရမ့်နှင့် ရှီကျင့်ဖျင်တို့ကြား အခွန်တိုးမြှင့်မှုဆိုင်ရာနှင့် ကုန်သွယ်ရေး လိုငွေပြမှုများက ရှင်းလေရှုပ်လေ ဖြစ်နေဆဲဖြစ်သည်။

ထရမ့်က ၎င်းတွင်ရှိသည့်အာဏာကို အသုံးပြုကာ တရုတ်တို့ထံမှ အလိုအလျောက် အလျှော့ ပေးမည့် အနေအထားကို လိုချင်နေသည်။ သို့သော် ထိုအရာမျိုးက ဖြစ်လာနိုင်စရာမရှိပေ။ အဘယ်ကြောင့်ဆိုသော် တရုတ်တို့ကလည်း လွယ်လွယ်နှင့် အလျှော့မပေးတတ်သော ကြောင့်ဖြစ်သည်။ ထရမ့်ကလည်း တရုတ်နှင့် ပတ်သက်လာလျှင် ဆတ်ဆတ်ထိ မခံသူဖြစ် နေသောကြောင့် နောက်ထပ် ထရမ့် တရုတ်နှင့်ပတ်သက်သည့် အကွက်ကြီး တစ်ကွက် ထပ်မံရွှေ့ဖို့ အလားအလာရှိနေသည်။

လက်ရှိ အမေရိကန်တို့က တရုတ်ကို အကြီးအကျယ် ထိခိုက်စေမည့် အကွက်ကြီးနှစ်ကွက်ကို ရွှေ့ထားသည်။ ယင်းတို့မှာ တရုတ်ကို အခွန် ၂၅ ရာခိုင်နှုန်း တိုးကောက်ခဲ့ခြင်းနှင့် Huawei ၏ ဘဏ္ဍာရေးမှူးချုပ် အဖမ်းခံရသည့် ကိစ္စတို့ဖြစ်သည်။ ထရမ့်က ရည်ရွယ်ချက် ရှိရှိနှင့်ပင် ၎င်း၏ ဗျူဟာများကို အကောင်အထည် ဖော်နေလေသည်။

Huawei ဆိုသည်မှာ ကမ္ဘာကျော် ဆက်သွယ်ရေး ကုမ္ပဏီကြီးတစ်ခုဖြစ်ပြီး တရုတ်နိုင်ငံ၏ အကြီးမားဆုံး ကုမ္ပဏီများထဲမှ တစ်ခုဖြစ်ကာ Apple ၏ စမတ်ဖုန်းရောင်းအားကိုပင် ကျော် လွန်နေသည့် ကုမ္ပဏီတစ်ခုဖြစ်သည်။ ထို့ပြင် ဆက်သွယ်ရေး ကွန်ရက်ပိုင်းတွင်လည်း 3G/4G များဖြင့် အနောက်အုပ်စုအထိ ဝင်ရောက်နေရာ ယူထားနိုင်သည်။ ဗြိတိန်၌ လက်ရှိ 3G ကွန် ရက်များ တပ်ဆင်ထားသည့် တာဝါတိုင်များက Huawei နည်းပညာ ကုမ္ပဏီထုတ် ပစ္စည်းများ ဖြစ်သည်။ ဥရောပနိုင်ငံများ၌လည်း Huawei က နာမည်ရှိပြီးသား ကုမ္ပဏီဖြစ်သောကြောင့် အမေရိကန်၏ လုပ်ရပ် နောက်ဆက်တွဲအနေဖြင့် ဥရောပနိုင်ငံတို့ကပင် Huawei အပေါ်၌ သံသယ ပွားလာကြပြီဖြစ်သည်။ မကြာသေးမီက ဥရောပသမဂ္ဂကလည်း Huawei ပစ္စည်းများ ကို အသုံးမပြုရန် အဖွဲ့ဝင်နိုင်ငံများကို တိုက်တွန်းနေသည်။

ထို့ကြောင့် တရုတ်တို့ Huawei အမှုမှာ အရှုံးနှင့် ရင်ဆိုင်နေရသည်ဟု ဆိုနိုင်မည်ဖြစ်သည်။ ကြားထဲက မြေစာပင်ဖြစ်ရသူက ကနေဒါဖြစ်သည်။ ကနေဒါဝန်ကြီးချုပ် ထရပ်ဒူး အမေရိကန် နှင့် အဆင်မပြေချိန် ၂ဝ၁၈ ခုနှစ် နှစ်လယ်ပိုင်းက တရုတ်နိုင်ငံကို ရောက်သွားပြီး အသေး စားနှင့် အလတ်စား လုပ်ငန်းများ ကနေဒါ၌ လာရောက် ရင်းနှီးမြှုပ်နှံနိုင်ရေး ဆွေးနွေးခဲ့ကာ BRIS အစည်းအဝေးပါ တက်ခဲ့သေးသည်။

ထို့ပြင် အလီဘာဘာဥက္ကဋ္ဌ ဂျက်မားနှင့်တွေ့ဆုံ၍ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်လာစေရန် ဆွယ် တရားဟော သွားခဲ့သည်။ ထိုကဲ့သို့ နိုင်ငံမျိုးက တရုတ်၏ ထိပ်တန်း နည်းပညာကုမ္ပဏီမှ တာဝန်ရှိသူကို ဖမ်းဆီးခြင်းက အမေရိကန်နှင့် တင်းမာနေစဉ် အမေရိကန် တောင်းဆိုသည့် အတိုင်း ကနေဒါ အစိုးရက ပြုလုပ်ပေးသည့် အတွက်လည်း တရုတ်တို့ ကျေနပ်လိမ့်မည် မဟုတ်ပေ။

ထို့ကြောင့် တရုတ်နိုင်ငံဆိုင်ရာ ကနေဒါ သံအမတ်ဟောင်းကိုလည်း Huawei ၏ ဘဏ္ဍာရေး မှူးချုပ်ကို မလွှတ်ပေးမချင်း အလွယ်တကူ ပြန်လွှတ်ပေးမည် မဟုတ်ပေ။ အမေရိကန်နှင့် အနောက်အုပ်စုတို့ စွပ်စွဲချက်က Huawei နည်းပညာကုမ္ပဏီသည် သူတို့ဆက်သွယ်ရေး ကွန်ရက်အသုံးပြုပြီး တရုတ်အစိုးရထံ သတင်းအချက်အလက်များကို ပြန်လည်ပေးအပ်ကာ သူလျှိုလုပ်နေသည်ဆိုသည့် အချက်ဖြစ်သည်။

သို့သော်လည်း တိကျသေချာသည့် သက်သေများက ယခုအချိန်ထိ မရှိသေးသောကြောင့် အီရန်နှင့် ငွေပေးငွေယူ ကိစ္စကိုသာ အမေရိကန်တို့ အမည်တပ်ထားခြင်း ဖြစ်သည်။ အမေရိကန် လက်ကိုင်တုတ်ဖြစ်သွားသည့် ကနေဒါအနေဖြင့်လည်း တရုတ်၏ မကျေနပ်မှုများ ကြောင့် ထိုးနှက်ချက်များကို ခံရတော့မည်ဖြစ်သည်။ ဟန်ကူးဗား တရားရုံးက Huawei ၏ ဘဏ္ဍာရေးမှူးချုပ်ကို ခံဝန်နှင့် အကျယ်ချုပ်ထားရန် အာမခံငွေ အမေရိကန်ဒေါ်လာ ၇ ဒသမ ၅ သန်း ချမှတ်ခဲ့သည့်အပြင် ပြည်ပသို့ ထွက်မပြေးစေရန် နိုင်ငံကူး လက်မှတ်များကိုလည်း သိမ်းဆည်း ထားလိုက်ပြီဖြစ်သည်။

ထိုကြားထဲ ထရမ့်ကလည်း Huawei အမှုကို စိတ်ဝင်စားလွန်းနေသောကြောင့် ကနေဒါက Huawei ၏ ဘဏ္ဍာရေးမှူးချုပ်ကို အမေရိကန်ကို မည်သို့မည်ပုံ လွှဲပြောင်း ပေးအပ်မည် ဆိုသည်မှာ စိတ်ဝင်စားစရာ ဖြစ်သည်။ တရုတ်တို့ကလည်း ၎င်း၏နိုင်ငံသား တစ်ဦးကို တခြား နိုင်ငံတစ်နိုင်ငံက ဥပဒေအတိုင်း စီရင်မည်ကိုတော့ လက်ပိုက်ကြည့်နေမည် မဟုတ်ပေ။

ထိုအချိန်တွင် တရုတ်နှင့် အမေရိကန်တို့ နိုင်ငံရေး အင်အားယှဉ်ပြိုင်မှုနှင့် ကုန်သွယ်ရေး စစ်ပွဲ အရှိန်က အမြင့်ဆုံး ဒီရေအနေအထားကို ရောက်ရှိလာနိုင်ကာ အပြောင်းအလဲများစွာ ဖြစ်လာ မည့် ကာလတစ်ခုကို မကြာခင် ဆိုက်ရောက်လာတော့မည့် ဖြစ်စဉ်များ၏ အစဟုဆိုလျှင် လည်း မှားနိုင်မည်မဟုတ်ပေ။ ဥရောပသမဂ္ဂက Huawei ထုတ်ကုန်များကို အသုံးမပြုရန် တိုက်တွန်းခဲ့သော်လည်း လက်ရှိတွင် ၎င်းတို့အတွက် အမေရိကန်ထက် တရုတ်ကသာ အကောင်းဆုံး စီးပွားရေးမိတ်ဖက် ဖြစ်နေသည်။ ထို့ကြောင့် တရုတ်ကို အလုံးစုံပစ်ပယ်နိုင် လိမ့်မည် မဟုတ်ပေ။ ဗြိတိန်ကိုယ်တိုင်ပင် တရုတ်နှင့် ကုန်းတွင်းပိုင်း ကုန်သွယ်ရေး One Belt One Road ၏ တစ်စိတ်တစ်ပိုင်းဖြစ်သော ရုရှားမှဖြတ်လာသည့် တရုတ်ရထားနှင့် ကုန်သွယ် ရေးပိုင်းကိုပင် ဂုဏ်ယူဝင့်ကြွားစွာ ပြုလုပ်နေသောကြောင့် ဖြစ်သည်။

လက်ရှိဖြစ်ပေါ်နေသည့် တရုတ်နှင့် အမေရိကန် ကုန်သွယ်ရေး တင်းမာမှုများကြား မြေစာပင် ဖြစ်ရသော ကနေဒါနိုင်ငံအနေဖြင့် Huawei ၏ ဘဏ္ဍာရေးမှူးချုပ်ကို ဖမ်းဆီးမှုနှင့်ပတ်သက်ပြီး တရုတ်၏ ဖိအားများကို ရင်ဆိုင်ရဖွယ်ရှိပါကြောင်း တင်ပြလိုက်ရပါသည်။ ။

Ref;CNN

ရှိန်းထက်

Read 182 times
Rate this item
(0 votes)
Last modified on Friday, 14 December 2018 10:34