SJ WorldNews - шаблон joomla Авто

အမေရိကန်နှင့် ဆော်ဒီအာရေဗျတို့၏ ဆက်ဆံရေးအတွက် အချိုးအကွေ့ တစ်ခု ဖြစ်ပေါ်လာစေနိုင်သည့် အထက်လွှတ်တော်၏ မဲခွဲဆုံးဖြတ်မှု

Saturday, 15 December 2018 10:15 Written by  font size decrease font size decrease font size increase font size increase font size

ဆော်ဒီအာရေဗျ ဦးဆောင်သည့် ညွန့်ပေါင်းအဖွဲ့က လုပ်ဆောင်နေသော ယီမင်အပေါ် လေကြောင်းမှ တိုက်ခိုက်နေခြင်းအား အမေရိကန်အစိုးရက ထောက်ခံနေခြင်းကို ရပ်တန့်ရန်  အမေရိကန်အထက်လွှတ်တော်က  မဲခွဲဆုံးဖြတ် လိုက်သောကြောင့်   အရှေ့အလယ်ပိုင်းရှိ   အဓိက မဟာမိတ်နိုင်ငံကြီး တစ်နိုင်ငံလည်းဖြစ်၊ အမေရိကန်၏  အကြီးမားဆုံး လက်နက်ဖောက်သည်လည်းဖြစ်သည့်  ဆော်ဒီနှင့် အမေရိကန်ပြည်ထောင်စုတို့၏ ဆက်ဆံရေးမှာ အချိုးအကွေ့တစ်ခုနှင့် တွေ့ကြုံရဖွယ်ရှိသည်ဟု ဆိုနိုင်သည်။

ဆော်ဒီဦးဆောင်သည့် ညွန့်ပေါင်းအဖွဲ့သည် သမ္မတဟောင်း  ဆာလေးအား ထောက်ခံသည့် အနေဖြင့် ယီမင်ရှိ  ဟူသီ သူပုန်တပ်များအပေါ် ၂ဝ၁၅ ခုနှစ်မှစ၍ လေကြောင်းမှ တိုက်ခိုက်လျက်ရှိရာ  ယီမင် အရပ်သား အများအပြား  သေဆုံးခဲ့ရသည်။

ထို့ပြင်  နိုင်ငံအတွင်း၌လည်း  အစားအစာရှားပါးမှု၊   ရောဂါဘယ ထူပြောမှုအပါအဝင်   လူသားချင်း စာနာမှုဆိုင်ရာ အဆိုးရွားဆုံး အခက်အခဲပြဿနာများကိုပါ ဖြစ်ပေါ်စေလျက်ရှိသည်။    ဒုက္ခများကို ခံစားနေရသူအများစုမှာ  ကလေးသူငယ်များနှင့် အမျိုးသမီးများ ဖြစ်သည်။

အဆိုပါ အကျိုးဆက်များနှင့် ဆော်ဒီဦးဆောင်သည့် ညွန့်ပေါင်းအဖွဲ့၏ လုပ်ဆောင်မှုများကို အမေရိကန်အစိုးရက ကောင်းစွာသိရှိထားသော်လည်း ရေငုံနှုတ်ပိတ်နေသည့်အပြင် ဆော်ဒီသို့ လက်နက်ရောင်းချကာ ထောက်ခံလျက် ရှိသည်။

 ထို့ကြောင့် ဒီဇင်ဘာ  ၁၃ ရက်က အထက်လွှတ်တော်တွင် လုပ်ဆောင်ခဲ့သည့် မဲခွဲဆုံးဖြတ်မှုသည် ဆော်ဒီနှင့် ညွန့်ပေါင်းအဖွဲ့အတွက် အမေရိကန်အထက် လွှတ်တော်အမတ်များက ပေးပို့လိုက်သည့် သတိပေးချက် တစ်ရပ်အဖြစ်လည်း ထွက် ပေါ်လာခဲ့သည်ဟု ဆိုနိုင်သည်။

ညွန့်ပေါင်းအဖွဲ့အား    အမေရိကန် အစိုးရက ထောက်ခံနေခြင်းကို  ရပ်တန့်ရန် မဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံမဲ ၅၆ မဲ၊ ကန့်ကွက်မဲ ၄၁ မဲဖြင့် အတည်ပြုနိုင်ခဲ့ခြင်းဖြစ်သည်။ အထက်လွှတ်တော်ရှိ ဒီမိုကရက်နှင့် ရီပတ်ဘလစ်ကန် အမတ်အများအပြားသည် ညွန့်ပေါင်းအဖွဲ့က လုပ်ဆောင်နေသည့် ရက်စက်ကြမ်းကြုတ်သော လေကြောင်းမှ တိုက်ခိုက်မှုကို    ပြစ်တင်ဝေဖန်လျက်ရှိသည်။

အဆိုပါမဲခွဲဆုံးဖြတ်မှုသည် အမေရိကန် သမ္မတဒေါ်နယ်ထရမ့်နှင့် ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆယ်လ်မန်တို့ကြား ဆက်ဆံရေး အတွက်လည်း  ထိုးနှက်ချက် တစ်ရပ်အဖြစ် ထွက်ပေါ်လာသည်ဟု ဆိုနိုင်သည်။

အကြောင်းမှာ အမေရိကန်အခြေစိုက် ဆော်ဒီသတင်းထောက် တစ်ဦးဖြစ်သည့် ဂျမားခါရှော့ဂျီ အသတ်ခံရမှုတွင်  ဆော်ဒီ အိမ်ရှေ့မင်းသား  ပါဝင်ပတ်သက်နေဖွယ် ရှိသည်ဟူသော အမေရိကန်ထောက်လှမ်းရေး အဖွဲ့များ၏  စစ်ဆေးတွေ့ရှိချက်များ ရှိနေခဲ့သော်လည်း အမေရိကန်အစိုးရအနေဖြင့် ၎င်းတို့၏ အကျိုးစီးပွားကိုသာ ရှေးရှု၍ ဆော်ဒီကို အကာအကွယ်ပေးမည်ဟု ဒေါ်နယ်ထရမ့်ကိုယ်တိုင်က ပြောကြားခဲ့သည်။

ယင်းအချက်ကို   ကြည့်ခြင်းအားဖြင့် ထရမ့်ဦးဆောင်သော  အမေရိကန်အစိုးရသည် ၎င်းတို့ထံမှ လက်နက်အများအပြား ဝယ်ယူနေသည့်   ဆော်ဒီနှင့် ဆက်ဆံရေး ကောင်းမွန်ခြင်းကို ဆက်လက်ထိန်းသိမ်း  ထားလိုကြောင်း ပြသခဲ့ခြင်းဖြစ်သည်။

ထို့ပြင် အရှေ့အလယ်ပိုင်း ဒေသတွင် ဆော်ဒီနှင့်  ဆက်ဆံရေး ကောင်းမွန်နေခြင်းက ဒေသတွင်း အင်အားကြီးထွားလာသည့်  အီရန်အား  တန်ပြန်ရာတွင်လည်း တစ်တပ်တစ်အား   အထောက်အကူပြုမည်ကို အမေရိကန် အစိုးရက ကောင်းစွာ သဘောပေါက်ထားသည်။

ထို့ကြောင့် မည်သည့်နိုင်ငံ၊ မည်သည့်အဖွဲ့အစည်းက ယီမင်ပဋိပက္ခ၊ ခါရှော့ဂျီ အသတ်ခံရမှု    စသည့်ကိစ္စရပ်များနှင့် စပ်လျဉ်း၍    ဆော်ဒီအား  မည်သို့ပင် ပြစ်တင်ရှုတ်ချစေကာမူ    အမေရိကန် အစိုးရက အခင်မင်မပျက်   ဆက်လက် ထောက်ခံနေခြင်းဖြစ်သည်။

သို့ရာတွင်  ခါရှော့ဂျီအသတ်ခံရမှုတွင် ဆော်ဒီအစိုးရ   အိမ်ရှေ့မင်းသားအား ပြစ်တင်ရန် ပျက်ကွက်ခဲ့ခြင်းကြောင့် ယင်းအချိန်က အထက်လွှတ်တော်အမတ်များ၏ ဖိအားပေးမှုများနှင့်လည်း  ရင်ဆိုင်ခဲ့ရသည်။ သို့သော် ထရမ့်သည် ဖိအားပေးမှုကို မမှုသည့်အပြင် အိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆယ်လ်မန်နှင့် အတူ ရပ်တည်မည်ဟု ပြောင်ပြောင်တင်းတင်းပင် တုံ့ပြန်ခဲ့သည်။

သို့ရာတွင်    အထက်လွှတ်တော်တွင် ယခုမဲခွဲ ဆုံးဖြတ်လိုက်သည့် ဆုံးဖြတ်ချက်ကြောင့်    အမေရိကန်အစိုးရ အနေဖြင့် ဆော်ဒီအား အကူအညီပေးရာတွင် အဟန့်အတားများနှင့် ရင်ဆိုင်ရမည့် အလားအလာရှိသည်။

မဲခွဲဆုံးဖြတ်ခဲ့သည့်  ဆုံးဖြတ်ချက်အရ ယီမင်နိုင်ငံအပေါ်  ညွန့်ပေါင်းအဖွဲ့က တိုက်ခိုက်မှုများပြုလုပ်ရာတွင် အမေရိကန် အစိုးရအနေဖြင့် ယင်းအဖွဲ့သို့ ထောက်လှမ်းရေး သတင်းအချက်အလက်များ ပေးပို့ခြင်း၊ ဗုံးကြဲရာတွင် ပစ်မှတ်ကို အတိအကျ ထိမှန်စေရန် အထောက်အကူပြုပေးခြင်း အပါအဝင် တခြားစစ်ရေး အကူအညီများ ပေးအပ်နေခြင်းကို    ရပ်တန့်ရမည်ဖြစ်သည်။ ထို့ပြင် ယီမင်စစ်ပွဲအတွင်း အမေရိကန်စစ်ဘက်က    ပါဝင်ခြင်းကိုလည်း တားမြစ်ထားသည်။

ထို့ကြောင့်   အထက်လွှတ်တော်တွင် လုပ်ဆောင်ခဲ့သည့်   မဲခွဲဆုံးဖြတ်မှုသည် သမ္မတထရမ့်အား အထက်လွှတ်တော်က တိုက်ရိုက်စိန်ခေါ်လိုက်ခြင်းပင်ဖြစ်သည် ဟူသော သုံးသပ်ချက်များလည်း ထွက်ပေါ်လာသည်။

အဆိုပါ မဲခွဲဆုံးဖြတ်မည့် အစီအစဉ်ကို အထက်လွှတ်တော်အမတ်များ ဖြစ်ကြသည့် ဘားနီဆန်းဒါးစ်၊  ခရစ်စ်မာဖီနှင့်  မိုက်လီတို့က တင်သွင်းခဲ့ခြင်းဖြစ်သည်။ အဆိုပါဆုံးဖြတ်ချက်ကို  အထက်လွှတ်တော်တွင် ဒီဇင်ဘာ ၁၂ ရက်မှ  စတင်ဆွေးနွေးခဲ့ခြင်း ဖြစ်ပြီး     နောက်တစ်ရက်အကြာတွင် အတည်ပြုနိုင်ခြင်းဖြစ်သည်။

ထို့အတူ ခါရှော့ဂျီအသတ်ခံရမှုတွင် ဆော်ဒီအိမ်ရှေ့မင်းသား၌ တာဝန်ရှိသည်ဟု  အဆိုပါ မဲခွဲဆုံးဖြတ်ပွဲတွင်  အထက်လွှတ်တော်အမတ်များက  တညီတညွတ်တည်း သဘောတူခဲ့ကြပြီး သတ်ဖြတ်မှုတွင် ပါဝင်သူများကို  တာဝန်ခံစေရေး အတွက် လုပ်ဆောင်ရန် ဆော်ဒီအစိုးရအား တိုက်တွန်းထားသည်ကို တွေ့ရသည်။

အချုပ်အားဖြင့်ဆိုရပါမူ   အထက်လွှတ်တော်တွင် မဲခွဲချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်သည်  ယီမင်ပဋိပက္ခကို အဆုံးသတ်နိုင်စေရေး အတွက် ဆွီဒင်နိုင်ငံ၌ ကျင်းပနေသည့်   ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို အထောက်အကူပြုစေမည် ဖြစ်သော်လည်း အမေရိကန်နှင့် ဆော်ဒီတို့၏ ဆက်ဆံရေးအတွက် အချိုးအကွေ့တစ်ခု ဖြစ်ပေါ်လာစေနိုင်ကြောင်း   ရေးသားတင်ပြ လိုက်ရပါသည်။         

ဇေယျဘုန်း

Ref: Press TV

Read 113 times
Rate this item
(0 votes)
Last modified on Saturday, 15 December 2018 10:17

Latest from ကေတု