SJ WorldNews - шаблон joomla Авто

ရာထူးကမနုတ်ထွက်ရေး ဦးစားပေးနေရသည့် ပြင်သစ်သမ္မတမက်ခရွန်

Monday, 17 December 2018 10:19 Written by  font size decrease font size decrease font size increase font size increase font size

ပြင်သစ်တွင် အသက်အငယ်ဆုံး သမ္မတ မက်ခရွန်တက်လာသည့် ၁၈ လတာကာလ အတွင်း စီးပွားရေး ပြုပြင်ပြောင်းလဲမှုများနှင့် အစိမ်းရောင် စွမ်းအင်စီမံကိန်းများကို အကောင်အထည် ဖော်ရန် တစိုက်မတ်မတ် ဆောင်ရွက်ခဲ့သည်။ ထိုနှစ်ခုစလုံး အကောင်အထည် ဖော်နိုင်ရန် လုံလောက်သည့် ရန်ပုံငွေရရှိရေးသည် မက်ခရွန် အစိုးရအတွက် အကြီးမားဆုံး စိန်ခေါ်မှု တစ်ရပ်ဖြစ်ကာ နောက်ဆုံး အခွန်တိုး ကောက်ရန်ဆိုသည့် အဆင့်ကို ရောက်လာခဲ့သည်။

ယခုတော့ ထိုအရာများ၏ အကျိုးဆက်ကို မက်ခရွန် အလူးအလဲ ခံစားနေရပြီဖြစ်သည်။ သိန်း နှင့်ချီသော ဆန္ဒပြသူများက မက်ခရွန် နုတ်ထွက်ပေးရေးနှင့် လောင်စာဆီ ဈေးနှုန်းမြင့်တက် လာမှု၊ လူနေမှုစရိတ် မြင့်တက်လာမှုတို့အပေါ် ဆန္ဒပြနေကြပြီး ရှပ်ပြာဝတ် ဆန္ဒပြသမားများဟု နာမည်ကြီးကြသည်။ ဒီဇင်ဘာ ၁၅ ရက်ကပဲရစ်၏ နာမည်အကြီးဆုံး ချမ့်အိုင်လီဆီးလမ်းမကြီး ကို ပိတ်ဆို့ကာ ရက်သတ္တငါးပတ်မြောက်နေ့အဖြစ် ဆန္ဒပြခဲ့ကြပြီး ပြင်သစ် ရဲတပ်ဖွဲ့များနှင့် ထိပ်တိုက် တွေ့ခဲ့ကြသည်။

ရဲတပ်ဖွဲ့များက မျက်ရည်ယိုဗုံးများနှင့် ပစ်ခတ်လူစုခွဲရန် ကြိုးစားခဲ့သော်လည်း ထိုသို့လုပ်ပါမှ အခြေအနေက ပိုမိုဆိုးရွားလာကာ ရဲတပ်ဖွဲ့များနှင့် လူထုပဋိပက္ခအသွင် ပြောင်းလဲသွားပြီး လူပေါင်းရာနှင့်ချီ ဒဏ်ရာရခဲ့သည်။ ထို့ပြင် လူပေါင်း ၅ဝ ကျော်ကိုလည်း ရဲများက ဖမ်းဆီး ထိန်းသိမ်းခဲ့သည်။ ဆန္ဒပြမှုအတွင်း ယခုအဖမ်းခံရမှုက အနည်းဆုံး ပမာဏဖြစ်ကာ ဒီဇင်ဘာ ၈ ရက်က အနည်းဆုံး လူပေါင်း ၅ဝဝ ဖမ်းဆီး ထိန်းသိမ်းခံ ခဲ့ရသည်။

ထို့ကြောင့် ယခုဆိုလျှင် ပြင်သစ် မြို့တော်ပဲရစ်၏ အကျဉ်းထောင်များမှာ ဆန္ဒပြသူများ သောင်းချီပင်ရှိတော့မည် ဖြစ်သည်။ ပြီးခဲ့သည့် ရက်သတ္တပတ်က မက်ခရွန်ကိုယ်တိုင် လူထု ရှေ့ထွက်ကာ တောင်းပန်ပြီး အခွန်တိုးမြှင့် ကောက်ခံမည့် အစီအစဉ်ကိုလည်း ပယ်ဖျက် ကြောင်း ကြေညာခဲ့ရသည်။ သို့သော် ဆန္ဒပြသူများ တောင်းဆိုသည့် သမ္မတရာထူးမှ နုတ် ထွက်ပေးရေးကို မက်ခရွန်က ဟပင်မဟခဲ့ဘဲ တဖြည်းဖြည်းနှင့် ဆန္ဒပြမှုများက ပိုမိုဆိုးရွားလာ သည်ဟု ဆိုရမည်ဖြစ်သည်။

မက်ခရွန် အစိုးရ၏ အဆိုးရွားဆုံး အခွန်ထဲ၌ပါသည့် ဥပဒေတစ်ချက်က ပင်စင်လစာ တိုးပေးမှု အပေါ်ကိုလည်း အခွန်ဥပဒေက အလွတ်မပေးဘဲ လိုက်လံကောက်ခံမည် ဆိုသောကြောင့် ဖြစ်သည်။ ထို့ကြောင့် သက်လတ်ပိုင်းနှင့် သက်ကြီးပိုင်းများပင် ဆန္ဒပြမှုထဲ ပါဝင်လာကာ မက်ခရွန်ကတော့ လွန်ခဲ့သည့် ဆယ်စုနှစ်များကတည်းက ကိန်းအောင်းနေသည့် မကျေနပ် ချက်များ ယခုမှ ပေါ်ထွက်လာခြင်းဟု ခေါင်းစဉ်တပ်ခဲ့သည်။

တကယ်တမ်း၌ပင် မက်ခရွန်သူ့ဇာတ်သူ မနိုင်ဖြစ်ခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်တွင် ထရမ့်၏ ဥရောပအပေါ် ထိုးနှက်ချက်များကလည်း ရှိ၊ ဂျာမနီကလည်း ဥရောပကို ဦးဆောင်နိုင်မည့် အလားအလာကလည်း နည်းလာ၊ ဗြိတိန်ကလည်း ဥရောပသမဂ္ဂမှ ခွဲထွက်၊ နောက်ဆုံး ပြင်သစ်သာလျှင် ဥရောပကို ဦးဆောင်ရမည့် ပုံစံ ဖြစ်လာသည်။ သို့သော် မက်ခရွန်အနေဖြင့် လက်ရှိ အနေအထားအရ နိုင်ငံကို တည်ငြိမ်မှု ပြန်ရစေရန် အချိန်ယူရဦးမည်ဖြစ်ပြီး ဥရောပကို ဦးဆောင်ရန် အနည်းငယ် အလှမ်းဝေး ဦးမည်ဖြစ်သည်။

ယခုဆိုလျှင် ချမ့်အိုင်လီဆီး နန်းတော်ဆီသို့ပင် ချီတက်ရန်အထိ ဆန္ဒပြသူများက ဆော်သြ နေကြကာ ပြင်သစ် အစိုးရကတော့ ပြင်းပြင်းထန်ထန် ကန့်ကွက်ထားသည်။ လက်ရှိ အနေ အထားနှင့်ပင် နိုင်ငံ၏ ဒီမိုကရေစီနှင့် တရားစီရင်ရေးကို များစွာ ထိခိုက်နေပြီဖြစ်ကာ ဆုံးရှုံးမှု တန်ဖိုးကလည်း ယူရိုဘီလီယံနှင့်ချီ ရှိနေပြီဖြစ်သည်။ ဆန္ဒပြမှုများဆီသို့ နယ်မြို့များမှ မကျေနပ်သူများကလည်း နေ့စဉ်လာရောက် ပူးပေါင်းနေကာ ဖရန့်ခ်ဆိုသော ဆောက်လုပ်ရေး လုပ်သားတစ်ဦးဆိုလျှင် ၎င်းသူငယ်ချင်းလေးဦးနှင့် ပဲရစ်ဆီသို့ ဓာတ်ငွေ့ကာ မျက်နှာဖုံးများနှင့် လာရောက် ပူးပေါင်းခဲ့သည်။ ဆန္ဒပြမှုများမှာ စစ်ပွဲတစ်ပွဲအဖြစ်သို့ တဖြည်းဖြည်း ပုံစံကူးပြောင်း လာနေသည်။

ဆန္ဒပြသူများက လမ်းမများပေါ်မှ တွေ့သမျှကား၊ အဆောက်အအုံနှင့် ဈေးဆိုင်များကို ဖျက် ဆီးကြသည်။ မက်ခရွန်ကတော့ အခွန်ဥပဒေကို ရုပ်သိမ်းပြီး ဆန္ဒပြသူများကို လိုက်လျောမှု ပေးခဲ့သော်လည်း အကြမ်းဖက်မှု ဆန်သည့် လုပ်ရပ်များကို ၎င်းအနေဖြင့် လုံးဝလက်ခံနိုင်မည် မဟုတ်ကြောင်းနှင့် တရားဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

ထို့ကြောင့် ပြင်သစ်၌ ဆန္ဒပြမှုများက နှစ်လဆိုသည့် ကာလသို့ ရောက်လာသော်လည်း ပြီးဆုံးသွားမည့် အရိပ်အယောင် မတွေ့ရသေးဘဲ လက်ရှိ လူအင်အားကလည်း ၇ဝဝဝဝ နီးပါး အထိရှိနေသေးသည်။

ထိုကြားထဲ ခရစ္စမတ်ပစ္စည်းများ ရောင်းသည့်ဈေး၌ သေနတ်သမားတစ်ဦးက ပစ်ခတ်ခဲ့သော ကြောင့် လူလေးဦး သေဆုံးခဲ့သည်။ ဆန္ဒပြမှုအတွင်း လူသေဆုံးမှုများ ကြောင့်လည်း အရှိန် အဟုန်ပိုမို ပြင်းထန်လာသည် ဟုဆိုနိုင်ကာ ဒီဇင်ဘာ ၁၅ ရက်က ထိုသေဆုံးသူများအတွက် သောင်းနှင့်ချီသော ဆန္ဒပြသူများက ခေတ္တငြိမ်သက်ကာ ဆုတောင်းပေးမှုများ ပြုလုပ်ပေးခဲ့ခြင်း က အထူးခြားဆုံး ဖြစ်စဉ်ဟု ဆိုရမည်ဖြစ်သည်။

ထို့ကြောင့် စည်းလုံးမှုအင်အား ပြင်းထန်လွန်းသည့် ဆန္ဒပြလူအုပ်ကို အကြမ်းဖက် ဖြိုခွင်းရန် ဆိုသည်က မဖြစ်နိုင်သည့်အပြင် မက်ခရွန်ဘက်က ယခုထက်ပိုသည့် သဘောတူညီချက်များ နှင့် လိုက်လျောမှုများကို ဆက်လက်ပြုလုပ် ပေးရဦးမည်ဖြစ်သည်။

လက်ရှိ မက်ခရွန် လိုက်လျောပေးထားရသည့် အရာများက တစ်လလျှင် ယူရို ၂ဝဝဝ အောက် ရရှိသည့် လူတန်းစားဆိုလျှင် အခွန်တိုးမြှင့် ကောက်ခံမှုထဲ ထည့်သွင်း စဉ်းစားခြင်း မပြုရန်၊ အချိန်ပိုဆင်းရာမှ ရရှိသည့် ဝင်ငွေကို အခွန်ကောက်ခံခြင်း မပြုရန် နှစ်သစ်ကူး Bonus ဆုကြေးတွင်လည်း အလုပ်သမား ၂ ဒသမ ၃ သန်းကို အခွန်ကောက်ခံမှုမှ ဖယ်ရှားပေးရန် တို့ဖြစ်သည်။

သို့သော် ဆန္ဒပြသူများက မက်ခရွန်ပေးသည့် လိုက်လျောမှုများက သေးငယ်လွန်း သကဲ့သို့ အချိန်လည်း နှောင်းခဲ့ပြီဟုဆိုကာ မက်ခရွန်ကိုလည်း အောက်ခြေ လူတန်းစားတို့ ဘဝကို မစာနာတတ်သည့် သမ္မတအဖြစ် ပုံဖော်ခဲ့ကြသည်။

ဆန္ဒပြမှု တစ်လျှောက် အကြီးမားဆုံးနှင့် အဆိုးရွားဆုံး နေ့ရက်များမှာ နိုဝင်ဘာ ၁၇ ရက်၊ နိုဝင်ဘာ ၂၄ ရက်၊ ဒီဇင်ဘာ ၁ ရက်နှင့် ဒီဇင်ဘာ ၈ ရက်တို့ဖြစ်သည်။ ဒီဇင်ဘာ ၁၇ ရက်တွင် ဆန္ဒပြသူအင်အား ၂၈၂ဝဝဝ အထိရှိပြီး တစ်ဦးသေဆုံးကာ ၄ဝ၉ ဦးဒဏ်ရာရခဲ့သည်။ ၇၃ ဦး မှာ ဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရသည်။ နိုဝင်ဘာ ၂၄ ရက်က အင်အား ၁၆၆ဝဝဝ ရှိကာ ၈၄ ဦး ဒဏ်ရာရရှိပြီး ၃ဝ၇ ဦး ဖမ်းဆီး ထိန်းသိမ်းခြင်း ခံခဲ့ရသည်။ ဒီဇင်ဘာ ၁ ရက်က လူအင်အား ၁၃၆ဝဝဝ ခန့်ရှိကာ တစ်ဦး သေဆုံးပြီး ၂၆၃ ဦး ဒဏ်ရာရရှိခဲ့ကာ ၆၃ဝ ဖမ်းဆီးခြင်း ခံခဲ့ရ သည်။ ဒီဇင်ဘာ ၈ ရက်က အင်အား ၁၃၆ဝဝဝ ခန့်ရှိကာ ၁၁၈ ဦး ဒဏ်ရာရရှိပြီး ၁၂၂ဝ ဖမ်းဆီးခံခဲ့ရသည်။

ပြင်သစ်သမိုင်း တစ်လျှောက် အစိုးရအား အဆိုးရွားဆုံး ဆန္ဒပြမှုများထဲမှ တစ်ခုဖြစ်ပြီး ဆင်းရဲ ချမ်းသာ ကွာဟမှုကို အဓိက ထိန်းညှိထားသည့် အနောက်အုပ်စု ပြင်သစ်ကဲ့သို့ နိုင်ငံမျိုးမှာ ယခုဖြစ်ရပ်ဖြစ်ပွားခြင်းက ဆိုးရွားလွန်းလှသည်။ လုပ်ခလစာ အနိမ့်ဆုံးအဖြစ် သတ်မှတ်ပြီး အမြင့်ဆုံးပေးသည့် ဥရောပနိုင်ငံများထဲတွင် ပြင်သစ်က တစ်လလျှင်ယူရို ၁၅ဝဝ နှင့် ဂျာမနီ၊ ဗြိတိန်တို့ထက် အထက်ရောက်ကာ နံပါတ်ငါးနေရာတွင် ရှိနေပြီး နံပါတ်တစ်က လူဇင်ဘတ် ဖြစ်သည်။ ၎င်းပေးသည့် တစ်လဝင်ငွေမှာ ယူရို ၂ဝဝဝ ဖြစ်ကာ အနိမ့်ဆုံးမှာ တစ်လယူရို ၅ဝဝ ကျော်နှင့် ပေါ်တူဂီဖြစ်သည်။

ဆန္ဒပြမှုများဖြစ်ပွားခဲ့သည်မှာ တစ်လကျော်လာပြီဖြစ်သော်လည်း မက်ခရွန်က ဒီဇင်ဘာ ၁ဝ ရက်ညမှ ပထမဆုံးပေါ်ထွက်လာခဲ့ကာ ၎င်းမိန့်ခွန်းကို နားထောင်သည့် သူက ပြင်သစ်ပြည်သူ ၂၃ သန်းအထိ ရှိခဲ့သည်။ ပြင်သစ်တွင် ထိုမျှအထိ အစိုးရအပေါ်ကို အာရုံစူးစိုက်ပြီး သံသယ နှင့် ပြည်သူများ၏ စောင့်ကြည့်ခံရမှုများကို မက်ခရွန်အစိုးရခံနေရကာ ၁၈ လသာရှိသေးသည့် အစိုးရသစ် တစ်ရပ်အနေဖြင့် ထိုးနှက်မှု ကြီးမားသည်ဟု ဆိုရမည်ဖြစ်သည်။ ထို့ကြောင့် ဥရောပပြန်လည် ဖွဲ့စည်းရေး၊ဥရောပ ကိုယ်ပိုင်စစ်တပ် ထူထောင်ရေး၊ သဘာဝပတ်ဝန်းကျင် အရေးကို ဥရောပမှ အမေရိကန်အစား ဦးဆောင်ရေးက မပီပြင်သည့် အနာဂတ်ရေးရာများ ဖြစ်လာခဲ့ကာ ပြင်သစ်တွင် မက်ခရွန်တစ်ယောက် သမ္မတ ရာထူးမှ နုတ်မထွက်ရရေးကိုပင် ဦးစားပေးအနေဖြင့် ကာကွယ်ရရန်ရှိနေပါကြောင်း တင်ပြလိုက်ရ ပါသည်။ ။

ရှိန်းထက်

Ref;CNN

Read 121 times
Rate this item
(0 votes)
Last modified on Monday, 17 December 2018 10:20