×

Warning

JUser: :_load: Unable to load user with ID: 105
Print this page

ပိုမိုစိတ်ဝင်စားဖွယ်ကောင်းလာမည့် မြောက်ကိုရီးယားအရေး

Wednesday, 19 December 2018 10:21 Written by  font size decrease font size decrease font size increase font size increase font size

အရှေ့အလယ်ပိုင်း၌ ယီမင်အပစ်အခတ် ရပ်စဲရေး ကျိုးပျက်ခဲ့ပြီးနောက် ကိုရီးယား ကျွန်းဆွယ် ၌ အဆင်ပြေနေသည့် ငြိမ်းချမ်းရေးကို ထပ်မံအဟန့်အတားဖြစ်စေမည့် အမေရိကန်၏ အရေးယူ ပိတ်ဆို့မှုများက မြောက်ကိုရီးယား အပေါ် ထပ်မံချမှတ်လိုက်ပြီဖြစ်သည်။

မြောက်ကိုရီးယား ထိပ်တန်း အရာရှိသုံးဦးအား သီးခြားပစ်မှတ်ထားသည့် ယင်းအရေးယူ ပိတ်ဆို့မှုကို အမေရိကန်တို့က လူ့အခွင့်အရေး ချိုးဖောက်မှုကြောင့် ပိတ်ဆို့ခြင်းဖြစ်သည်ဟု ဆိုသည်။ မကြာသေးမီက ရုရှားက မြောက်ကိုရီးယား၌ ရှိနေသည့် အရေးယူပိတ်ဆို့မှုများ ဖယ်ရှားပစ်ရန် ကူညီမည့် အရိပ်အယောင်ကို ထရမ့်အစိုးရက ပြင်းထန်စွာ ကန့်ကွက်ခဲ့ပြီး မြောက်ကိုရီးယားနှင့် ဒုတိယမြောက် ထပ်မံတင်းမာလာစေမည့် လမ်းစ ဖြစ်လာသည်။

ထရမ့်နှင့်ကင်ဂျုံအွန်တို့ ဇွန်လက စင်ကာပူ၌ တွေ့ဆုံသည့် ဆွေးနွေးပွဲမှ ပြတ်ပြတ်သားသား ရရှိခဲ့သော သဘောတူညီချက်ဟူ၍ မည်မည်ရရ ချပြစရာမရှိဘဲ ထရမ့်ဘက်က ၂ဝ၁၉ ခုနှစ် အစပိုင်းတွင် ကင်ဂျုံအွန်နှင့် နောက်တစ်ကြိမ် တွေ့ဆုံမည်ဟု ကြေညာချက်ထုတ်ပြန် ထား သည်။ ကင်ဂျုံအွန်ဘက်က မည်သည့် တုံ့ပြန်ချက်မှ မကြားရသေးဘဲ မြောက်ကိုရီးယား အရာ ရှိတို့က အမေရိကန်တို့ အနေဖြင့် အရေးယူ ပိတ်ဆို့မှုများနှင့် မြောက်ကိုရီးယားအား ထိန်းချုပ် ၍ မရဆိုသည်ကို သိရန်လိုအပ်နေပြီဖြစ်ကြောင်း ပြောထားသဖြင့် နောက်တစ်ကြိမ် ထရမ့်နှင့် ကင်ဂျုံအွန်တို့ တွေ့ဆုံမည့် အရေးက နီးလျက်နှင့် ဝေးရတော့မည့် အနေအထားဖြစ်သည်။

ထရမ့်အစိုးရက မကြာသေးမီက ဂြိုဟ်တု ဓာတ်ပုံများကိုချပြကာ မြောက်ကိုရီးယားတို့ ဒုံးအခြေ စိုက်စခန်းများကို ထပ်မံချဲ့ထွင်နေပြီး အဆင့်မြှင့်တင်နေသည်ဟု ဆိုထားကာ ကုလသမဂ္ဂ ဆိုင်ရာ အမေရိကန် သံအမတ် နစ်ကီဟာလေက ကင်ဂျုံအွန်ကို ဝေဖန်ခဲ့ပြီး ထရမ့်၏ လူကြမ်း ကြီး အဖြစ်ပင် ရောက်ရှိနေသည်။

ထရမ့်၏ လုပ်ရပ်များက အဆင်ပြေနေသည့် တောင်ကိုရီးယားနှင့် မြောက်ကိုရီးယား ဆက်ဆံ ရေးကိုပင် သက်ရောက်မှုရှိနိုင်ကာ လက်တွေ့ အကောင်အထည်ဖော်နေသည့် နှစ်နိုင်ငံကြား ငြိမ်းချမ်းရေး ဖြစ်စဉ်များနှင့် နျူကလီးယား စွန့်လွှတ်ရေး အစီအစဉ်များကို နှောင့်နှေး စေနိုင်သည်။ လက်ရှိ မြောက်ကိုရီးယားက နျူကလီးယား ပိုင်ဆိုင်သည့် နိုင်ငံဖြစ်သော်လည်း စမ်းသပ်သည့် စခန်းကို ကမ္ဘာ သိဖျက်ပြထားသည်။

ကင်ဂျုံအွန်ဆိုလျှင် တောင်ကိုရီးယား ခေါင်းဆောင် မွန်ဂျေးအင်နှင့် တွေ့ဆုံခဲ့သည်မှာ သုံးကြိမ်ရှိပြီဖြစ်ပြီး အမေရိကန်ကြားဝင်မှု မပါသည့် တောင်မြောက် သီးသန့်စကားဝိုင်းများ ဖြစ်သည်။ ယခုဆိုလျှင် နှစ်နိုင်ငံရထား ပြေးဆွဲရန် တောင်ကိုရီးယားနှင့် မြောက်ကိုရီးယား အစိုးရတို့ ဆွေးနွေးနေကြပြီဖြစ်သည်။

မကြာသေးမီက တောင်ကိုရီးယား ရထားတစ်စင်း နယ်စပ်ကိုဖြတ်ကျော်ကာ မြောက်ကိုရီးယား ထဲဝင်လာခဲ့ရာ နိုင်ငံနှစ်ခြမ်းကွဲပြီး နှစ်ပေါင်းဆယ်နှင့် ချီကြာသည့်အချိန်တွင် ပထမဆုံး အကြိမ် ဝင်ရောက်လာခြင်း ဖြစ်သည်။ ထိုလမ်းစက ကိုရီးယား ကျွန်းဆွယ်ငြိမ်းချမ်းရေးအတွက် အရေး ပါလွန်းလှပြီး အဆက်မပြတ်သည့် တစ်နိုင်ငံနှင့် တစ်နိုင်ငံ ထိတွေ့မှုများက ယုံကြည်မှုကို ပိုမိုခိုင်မာ လာစေသည်။ ထို့ပြင် တောင်ကိုရီးယား ပြည်သူများပင် မြောက်ကိုရီးယား နိုင်ငံထဲသို့ ဝင်ထွက် သွားလာရန် စတင်နေပြီဖြစ်ရာ တောင်ကိုရီးယားနှင့် မြောက်ကိုရီးယား အရေးက အတိုး တက်ဆုံးငြိမ်းချမ်းရေး ဖြစ်စဉ်အဖြစ် သတ်မှတ်၍ရကာ ထရမ့်က လက်ရှိတွင် ကြားနေ လူအဖြစ် ခပ်ရှောင်ရှောင် နေသည့် ပုံစံတွေ့နေရသည်။

နောက်ဆုံးတွင် အိတ်နှင့်လွယ်ပြီး အပြတ်တိုက်မည့် ထရမ့်၏ဗျူဟာလားဟူ၍ နိုင်ငံရေး ဝေဖန်ရေးသမား တို့က ပုံစံတစ်မျိုးဖြင့် တွေးနေကြကာ ကင်ဂျုံအွန်နှင့်မွန်ဂျေးအင် ငြိမ်းချမ်း ရေးအတွက် ခိုင်မာသည့် အနေအထား တစ်ခုကိုရောက်၊ ထိုအချိန်ကျမှ ထရမ့်မြောက် ကိုရီးယား နျူကလီးယား အရေးနှင့်ဝင်လာလျှင် လှုပ်မရသည့် အနေအထားတစ်ခုကို ပုံသွင်း နေခြင်း ဖြစ်သည်။

ကြားထဲတွင် ၎င်းဖြစ်စေချင်သည့် ပုံစံများအား မွန်ဂျေးအင်ကို ထရမ့်ဗျူဟာခင်းပြမည်ဖြစ်ကာ လက်ရှိတွင် တောင်ကိုရီးယားက မြောက်ကိုရီးယားအတွက် ကောင်းမွန်သော မိတ်ဆွေဆို သည့် အဆင့်တစ်ခုကို ထရမ့်လိုချင် နေသည့် ပုံရသည်။ အကယ်၍ ထရမ့်သာ ထိုဗျူဟာကို ခင်းနေသူဆိုပါက မြောက်ကိုရီးယားအပေါ် ၎င်း၏ဗျူဟာများ ထိရောက်နေပြီဟု ဆိုရမည်ဖြစ် သည်။

ယခု ကင်ဂျုံအွန်က မွန်ဂျေးအင်ကို ထရမ့်ထက် ယုံကြည်နေပြီဖြစ်ကာ နှစ်နိုင်ငံ ဆက်ဆံရေး ကလည်း မပြတ်ရှိနေသည်။ ထိုအချက်က ထရမ့်လိုချင်သည့် အချက်တစ်ချက် လည်းဖြစ်နိုင် သည်။

ယခု မြောက်ကိုရီးယားအရေးကို ထရမ့် လှည့်မကြည့်သည်မှာ ကာလအနည်းငယ် ကြာနေပြီ ဖြစ်ကာ တောင်ကိုရီးယားနှင့်ပင် လွှတ်ထားပြီး မွန်ဂျေးအင်က ကင်ဂျုံအွန်နှင့် ကုန်သွယ်ရေး အထိပါ ဆွေးနွေးနေပြီ ဖြစ်သည်။ တကယ်တမ်းဆိုလျှင် အမေရိကန်တို့ မြောက်ကိုရီးယားကို အရေးယူပိတ်ဆို့မှုများ ချမှတ်ထားသည့်အတွက် တောင်ကိုရီးယားအနေဖြင့် မြောက်ကိုရီးယား နှင့်ကုန်သွယ်ရန် ဆိုသည်မှာ မဖြစ်နိုင်ပေ။

ထိုအချက်ကို ထရမ့်က သီးခြားခြွင်းချက်အနေဖြင့် လက်ခံပေးထားသည့် အတွက်ကြောင့်သာ တောင်ကိုရီးယားနှင့် မြောက်ကိုရီးယားတို့ ကုန်သွယ်ရေးဆိုင်ရာတို့ကို ဆွေးနွေး၍ ရခြင်းဖြစ် သည်။ တကယ်တမ်း ထရမ့်က မြောက်ကိုရီးယား အရေးကို လှည့်မကြည့်ချင်ယောင် ဆောင်နေသော်လည်း အမေရိကန်သမိုင်းတွင် မှတ်ကျောက် တင်ခံရနိုင်သည့် မြောက်ကိုရီး ယား နျူကလီးယား အရေးကိုတော့ အရေးတယူ ရှိလှသည်။

ထရမ့်ကို နောက်ပိုင်း အမေရိကန်၌ လူကြိုက်များလာသည့် အဓိက အကြောင်းရင်းကလည်း မြောက်ကိုရီးယား နျူကလီးယား အရေးကြောင့်ဖြစ်ကာ ၎င်းကို မထောက်ခံသူများကပင် ကင်ဂျုံအွန်နှင့် ထရမ့်တို့၏ အရိပ်အခြည်ကို စောင့်ကြည့်နေရသည့် အနေအထားဖြစ်သည်။

ထို့ကြောင့် မည်သည့်နည်းနှင့်မျှ ထရမ့်က ကိုရီးယား ကျွန်းဆွယ်အရေးကို နောက်ဆုတ် လိမ့်မည်မဟုတ်ပေ။ ထို့ပြင် ထရမ့်အစိုးရ ဝန်ကြီးများ စကားကျွံထားသည်များလည်း ရှိနေပြန် သည်။ တစ်နှစ်အတွင်း မြောက်ကိုရီးယား နျူကလီးယား စွန့်လွှတ်ရေး အကောင် အထည် ဖော်နိုင်သည်ဟု ပြောထားကာ ယခုတော့ ၂ဝ၁၉ ခုနှစ်ထဲသို့ ရောက်ရှိလာတော့မည်ဖြစ်သည်။ ထရမ့်က ၂ဝ၁၈ ခုနှစ်ကို နျူကလီးယား ကစားပွဲ အပြောင်းအလဲလုပ်ခဲ့သည့် အဓိကလူဖြစ် သည်။

အိုဘားမား အစိုးရနှင့်ရခဲ့သည့် အီရန်-နျူကလီးယား သဘောတူညီချက်ကို ထရမ့်ဖျက်သိမ်းခဲ့ကာ အရှေ့အလယ်ပိုင်းကို  နျူကလီးယား ကစားပွဲတစ်ခု ထပ်မံဖန်တီးပေးခဲ့ပြီး ကိုရီးယား ကျွန်းဆွယ်ကိုတော့  နျူကလီးယား ကင်းစင်နယ်မြေအဖြစ် သတ်မှတ်နိုင်ရန် ထရမ့်ကြိုးစား နေခြင်းဖြစ်သည်။

အီရန်-နျူကလီးယား အရေးကိုတော့ ထရမ့်ကစီးပွားတွက် တွက်တတ်သည့် ဦးနှောက်ကြောင့် နျူကလီးယား မီး ထပ်မံမွှေးပေးလိုက်သည်ဟု အများစုက ဝေဖန်ကြကာ ယခုတော့ ထရမ့်က ၎င်း၏စီးပွားရေးကို ရာနှုန်းပြည့် တာဝန်မယူနိုင်သည့် ဥရောပသမဂ္ဂနှင့် တဝဲလည်လည်ဖြစ်နေ သည်။ ထိုအဖြစ်မျိုး မရောက်ရန် မြောက်ကိုရီးယားတို့ သတိထားနေကြကာ ထရမ့်ကို ကင်ဂျုံအွန် ပို၍ မယုံရဲသေးသည်ကလည်း အလွန်တော့မဟုတ်။

ထရမ့်ဆိုသည်မှာ သမ္မတအဖြစ် တက်လာလာချင်း အီရန်-နျူကလီးယား သဘောတူညီချက်မှ အမေရိကန်ကို ဆွဲထုတ်သည်။၂ဝ၁၅ ခုနှစ် ကုလသမဂ္ဂရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ညီလာခံ မှ အမေရိကန်ကို ထပ်မံဆွဲထုတ်သည်။ ပစိဖိတ်ဖြတ်ကျော် စီးပွားရေး စီမံကိန်း (TPP) မှ ထပ်မံဆွဲထုတ်ပြန်သည်။ ထို့နောက် အိုဘားမားအစိုးရ၏ ကျန်းမာရေး စောင့်ရှောက်မှု အစီ အစဉ် များကို ဖျက်သိမ်းလိုက်ပြန်ကာ ကျောက်မီးသွေး စက်ရုံများကိုပင် ပြန်လည်ဖွင့်လှစ် နေသူဖြစ်သည်။

ထို့ကြောင့် ကင်ဂျုံအွန်က ထရမ့်ကို သတိနှင့်စောင့်ကြည့်ပြီး တောင်ကိုရီးယားနှင့် ပထမဆုံး အဆင်ပြေမည့် သေချာသည့် ဘက်ကို အလေးသာသွားခြင်းဖြစ်၍ ထိုအကွက်များကသာ ထရမ့်ချထားသည့် ဗျူဟာအတိုင်း ဆိုလျှင်တော့ မြောက်ကိုရီးယား နျူကလီးယားအရေးနှင့် ငြိမ်းချမ်းရေး ဖြစ်စဉ်များက ပုံမှန်ထက် စိတ်ဝင်စားဖွယ် ပိုကောင်းလာမည်ဖြစ်ပါကြောင်း တင်ပြလိုက် ရပါသည်။ ။

ရှိန်းထက်

Ref;CNN

Read 141 times
Rate this item
(0 votes)
Last modified on Wednesday, 19 December 2018 10:24

Latest from