SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

ကုန်သွယ်ရေးစစ်ပွဲကြောင့် တွေ့ကြုံရမည့် ၂ဝ၁၉ ခုနှစ်အတွက် အပြောင်းအလဲများ

Friday, 21 December 2018 09:47 Written by  font size decrease font size decrease font size increase font size increase font size

တရုတ်နိုင်ငံ၌ ၁၉၇၈ ခုနှစ်က စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့ပြီး နောက်တစ်နှစ်တွင် စီးပွားရေး တိုးတက်မှုနှုန်း ၇ ရာခိုင်နှုန်း၊ ၈ ရာခိုင်နှုန်းနှင့် အထက်အထိပင် ရှိခဲ့သည်။ ထိုအချိန် ၌ ဖွံ့ဖြိုးပြီး အမေရိကန်နှင့် အနောက်အုပ်စုတို့ ကမ္ဘာ့စီးပွားရေး ပျက်ကပ်ဒဏ်ကို ခံစားခဲ့ရပြီး အလုပ်လက်မဲ့ အရေအတွက်လည်း များပြားလာကာ ကမ္ဘာ့စီးပွားရေး နှေးကွေးလာမှုနှင့်အတူ အနောက်အုပ်စုတို့ အလူးအလဲ ခံစားခဲ့ရသည်။

ထိုအချိန်တွင် တရုတ်တို့ နှစ်စဉ် စီးပွားရေး တိုးတက်မှု ၇ ရာခိုင်နှုန်းကျော်ဖြင့် တစိုက် မတ်မတ် တက်လာခဲ့ကာ ယခုဆိုလျှင် ကမ္ဘာ့ဒုတိယ စီးပွားရေး အကြီးဆုံး ဆိုသည့်နေရာကို ပင် ရောက်ရှိလာပြီး အမေရိကန်နှင့်ပင် ရင်ပေါင်တန်းလာသည့်အတွက် ထရမ့်၏ အမျက်တော် ရှမှုကိုပင် ခံနေရသည် အထိဖြစ်သည်။ ထို့ကြောင့် ကုန်သွယ်ရေးစစ်ပွဲ ဆိုသည့် ခေတ်သစ် စစ်ပွဲတစ်ခု ပေါ်ပေါက်လာပြီး အမေရိကန်၌ ကုန်သွယ်ရေး စစ်ပွဲရိုက်ခတ်မှုဒဏ်ကို ခံစားခဲ့ရသူ က ဖေ့ဘွတ် တည်ထောင်သူ မာ့ခ်ဇူကာဘတ် ဖြစ်သည်။

၂ဝ၁၈ ခုနှစ်၏ နောက်ဆုံး ခြောက်လပတ်တွင် ဇူကာဘတ်၏ ချမ်းသာကြွယ်ဝမှုထဲမှ အမေရိ ကန်ဒေါ်လာ ၁၇ ဘီလီယံ ကျော်အထိ ဆုံးရှုံးခဲ့ပြီး တရုတ်၌ ထိုကဲ့သို့ ဆိုးဆိုးရွားရွား ဖြစ်ခဲ့သူ မရှိသလောက်ဖြစ်သည်။ တရုတ်၏ အချမ်းသာဆုံးဖြစ်သည့် အလီဘာဘာ ကုမ္ပဏီဥက္ကဋ္ဌ ဂျက်မားအဖို့ အပြုံးမပျက်ပင်ရှိနေကာ ၎င်း၏ e-Commerce ကလည်း အရှိန်မပျက်ပင် တရုတ်၌ ဆက်လက် လည်ပတ်နေသည်။

သို့သော် အဓိက အင်အားကြီးနှစ်နိုင်ငံ ထိပ်တိုက်တွေ့ကြသည့်အတွက် တရုတ်တို့ ဆုံးရှုံးမှု ဒဏ်ကို ခံစားရမည်ဖြစ်သည်။ အထူးသဖြင့် ထရမ့်၏ ၂၅ ရာခိုင်နှုန်း အခွန်တိုးကောက်မှု ကြောင့် တရုတ်တို့၏ ကုန်စည်များ ဈေးတက်သွားကာ သယ်ယူပို့ဆောင်ရေး စရိတ်များက ထိုးတက်သွားသည်။

ထို့ကြောင့် တရုတ်တို့ ယင်းအခွန် တိုးကောက်ခံမှုကို ကာမိစေရန် ပြည်တွင်း၌ အများပိုင် အခြေခံ အဆောက်အအုံ ကဏ္ဍတည်ဆောက်မှုကို ရပ်တန့်ကာ စားသုံးသူ အကြိုက်လိုက်မည့် ပုံစံတစ်ခု အစားထိုးပြီး စီးပွားရေး တိုးတက်မှုစံနှုန်းကို ထိန်းထားနိုင်ရန် ပြင်ဆင်နေသည်။

၂ဝ၁၈ ခုနှစ်တွင် တရုတ်တို့၏ စီးပွားရေး တိုးတက်မှုက ၆ ဒသမ ၅ ရာခိုင်နှုန်းဖြစ်ကာ ကမ္ဘာ့ ဒုတိယစီးပွားရေးတိုးတက်မှု အများဆုံးဖြစ်သည်။ ၂ဝ၁၉ ခုနှစ်အတွက် တရုတ်တို့ ၆ ဒသမ ၂ ရာခိုင်နှုန်းခန့်အထိ ပိုင်ဆိုင် နိုင်ရန် ကြိုးစားမည်ဖြစ်ကာ တိုးတက်မှုနှုန်းပင်လျှင် ၂၈ နှစ်အတွင်း တရုတ်တို့၏ အနိမ့်ဆုံးနှင့် အဆိုးရွားဆုံး စီးပွားရေး တိုးတက်မှု နှုန်းဖြစ်သည်။ ထို့ပြင် နောက် တစ်ချက်က ပြည်ပ၌ ကြွေးမြီများနှင့် ရင်းနှီးမြှုပ်နှံမှု အရှိန်အဟုန်မြှင့် ပြုလုပ်နေသည့် အချက် ဖြစ်သည်။ ၂ဝ၁၉ ခုနှစ်တွင် ထိုမူဝါဒလည်း အနည်းငယ် အပြောင်းအလဲဖြစ်လာနိုင်ကာ ပြည်ပသို့ ဘီလီယံဆယ်နှင့်ချီ အကြွေးပေးပြီး ဆောက်လုပ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ အားနည်းသွားမည်ဖြစ်သည်။

ထိုသို့ မဟုတ်ပါက အားနည်းလာသည့် တရုတ်စီးပွားရေး တိုးတက်မှုနှုန်းကို ပြန်လည် စုစည်းရန် ဆိုသည်မှာ မဖြစ်နိုင်ဘဲ ခြံစည်းရိုး မလုံဘဲ ခြံပြင်ထွက် လူစွမ်းကောင်းလုပ်သည့်ပုံ ပေါ်သွားမည်ဖြစ်သည်။ ထို့ကြောင့် ပြည်တွင်း စားသုံးမှုနှင့် အများအကြိုက် လိုက်ဆောင်ကာ ကိုယ့်တာကိုယ်လုံရန် ယခု တရုတ်တို့ ကြိုးစားနေကြခြင်း ဖြစ်သည်။

လက်ရှိတွင် တရုတ်ပို့ကုန်က အမေရိကန်တို့ထက် နှစ်ဆနီးပါး ပိုလျှံနေသည့်အတွက် တစ်နိုင်ငံနှင့်တစ်နိုင်ငံ အခွန်အပြိုင်အဆိုင် တိုးမြှင့်ကြသောအခါ ပို့ကုန်ပိုများသည့် နိုင်ငံက ဆုံးရှုံးမှု ဒဏ်ကို ပိုခံရသည်။ ထို့ကြောင့် လက်ရှိအချိန်ထိ ထရမ့်ဘက်က အရှုံးအများကြီး မရှိသေးသည့်အတွက် မာမာထန်ထန်ပဲ ရှိနေသေးကာ တရုတ်တို့ဘက်က ကုန်သွယ်ရေး ဆိုင်ရာ ဆွေးနွေးပွဲများ ကမ်းလှမ်းထားသည်များကိုပင် ပယ်ဖျက်ရသည့် အကြိမ်များပင် ရှိသေးသည်။

ယခု တရုတ်တို့ ထရမ့်အစိုးရအဖွဲ့ အစိုးရအရာရှိများနှင့် ကုန်သွယ်ရေးဆိုင်ရာ ထိပ်သီး ဆွေးနွေးပွဲ တစ်ရပ်ကျင်းပရန် သဘော တူညီချက်ရကြောင်း ထုတ်ပြန်ထားပြီး ထရမ့်က မည် သည့်တုံ့ပြန်ချက်မှ မပေးသေးကာ အတည်ပြုပေးမှုလည်း ယခုအချိန်ထိ မရှိသေးပေ။

အရှေ့အလယ်ပိုင်းတွင် ဆော်ဒီကို ထရမ့်အပိုင်ပေါင်းနေခြင်းက တရုတ်နှင့် ကုန်သွယ်ရေး စစ်ပွဲမှအရှုံးကို ကာမိစေရန်ဖြစ်ကာ လက်ရှိ ဆော်ဒီကြောင့် အမေရိကန်၌ အလုပ်အကိုင် အခွင့်အလမ်းများနှင့် အကျိုးအမြတ်များရနေခြင်းက သာဓက ဖြစ်သည်။ ထို့ကြောင့် ခါရှော့ဂျီ အသတ်ခံရသည့်ဖြစ်စဉ်တွင် ထရမ့်က လူ့အခွင့်အရေးကို အလေးထားသော အမေရိကန်၏ ပုံရိပ်ကိုပင် မကြည့်တော့ဘဲ လျစ်လျူရှုကာ ဆော်ဒီဘက်ကို အလေးသာခဲ့သည်။

ထိုအချက်က ကုန်သွယ်ရေး စစ်ပွဲဖြစ်ပွားနေချိန်နှင့် တိုက်ဆိုင်နေသောကြောင့် ထရမ့် ဆော်ဒီ ဘက်ကို ပါသွားခြင်းဖြစ်ကာ လက်ရှိဥရောပနှင့်လည်း အဆင်မပြေ၊ ပြေနေသည့် မက္ကဆီကိုနှင့် လည်း အမေရိကအလယ်ပိုင်းမှ ရွှေ့ပြောင်းလာသူများကြောင့် နယ်စပ်၌ အမေရိကန်နှင့် ပြဿနာ ထပ်တက်သဖြင့် ထရမ့်အတွက် အဆင်အပြေဆုံး ဆော်ဒီကို လွှတ်ပေးလိုက်၍ မရပေ။

၎င်းစခဲ့သည့် ကုန်သွယ်ရေးစစ်ပွဲမှာ အရှုံးပေါ်နိုင်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် အရှုံးဆို သည်ကို မခံနိုင်ဘဲ ထရမ့်က တခြားအရာများကို လျစ်လျူရှုကာ ဘာဖြစ်ဖြစ် စီးပွားရေးကိုသာ အာရုံစိုက်မည်ဆိုသည့် ပုံစံဖြစ်နေသောကြောင့်ဖြစ်သည်။ တစ်ဖက်မှာလည်း တရုတ်ကို နောက်ကောက်ချမည့် ထရမ့်၏ ဖြစ်မလာသေးသည့် ဗျူဟာတစ်ခုကလည်း ရှိနေသေးသည်။

ရုရှားနှင့် ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီချက်ရပြီး တရုတ်ကို တန်ပြန်နိုင်ရန်ဆိုသည့် ထရမ့်၏ ဗျူဟာဖြစ်သည်။ သို့သော်လည်း လက်ရှိအချိန်ထိ ထိုအကြံအစည်က အကောင် အထည်ပေါ်လာရန် မဖြစ်နိုင်သေးဘဲ ရုရှားက ထရမ့်နှင့် နီးကပ်ရန်ကြိုးစားရင်း တရုတ်နှင့် ရုရှားက ပိုမိုနီးစပ်လာကာ အမေရိကန်နှင့်တော့ ပို၍ဝေးလာတော့သည်။ ထိုအချက်ကို ထရမ့် က သတိထားမိရန် လိုသည်။

ထိုသို့မဟုတ်ပါက အချိန်ကြာလာသည်နှင့်အမျှ ကုန်သွယ်ရေးစစ်ပွဲ၌ တရုတ်တို့က သမိုင်းတွင် အနိမ့်ဆုံး စီးပွားရေး တိုးတက်မှုနှုန်း ၆ ဒသမ ၂ ရာခိုင်နှုန်းပဲရှိရှိ၊ ၆ ရာခိုင်နှုန်းပဲရှိရှိ တည် တည်ငြိမ်ငြိမ်နှင့် ရှေ့ဆက်လာနိုင်ကာ အမေရိကန်သာ ဥရောပနှင့်လည်း အဆင်မပြေဖြစ်ပြီး စီးပွားရေး တိုးတက်မှုနှုန်းကလည်း ၃ ရာခိုင်နှုန်းဝန်းကျင်သာရှိကာ တစ်ချိန်တုန်းက ကမ္ဘာ့ စီးပွားရေး တိုးတက်မှုကို မောင်းနှင်နိုင်လောက်အောင်လည်း အင်အားမရှိသောကြောင့် ရေ ရှည်တွင် အဆင်မပြေဖြစ်ရန် လမ်းစပိုများနေခြင်း ဖြစ်သည်။

လက်ရှိ ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုက အာရှဘက်၌ ရာခိုင်နှုန်း အများဆုံးဖြစ်နေကာ တရုတ်က အများဆုံး ဝေစုကို ယူထားသူဖြစ်ပြီး ဒုတိယကတော့ အိန္ဒိယဖြစ်သည်။ ထို့ကြောင့် ၂ဝဝဝ ပြည့်နှစ် နောက်ပိုင်းခေတ်သည် အနောက်အုပ်စု၏ စီးပွားရေးခေတ် မဟုတ်တော့ဘဲ အာရှဘက်အုပ်စု၏ စီးပွားရေး ခေတ်တစ်ခေတ်ဟု ဆိုရမည်ဖြစ်သည်။

လက်ရှိတွင် တရုတ်တို့က ကမ္ဘာ့စီးပွားရေး အနိမ့်ဆုံး အဆင့်တစ်ခုကို ရောက်နေသည်ဟု ဆိုသော်လည်း အမေရိကန်မှ ရစရာရှိသည့်ကြွေးမြီက အမေရိကန် ဒေါ်လာထရီလီယံနှင့်ချီ ရှိနေသေးသည်။ ကမ္ဘာပေါ်၌ အမေရိကန်၏ အကြီးမားဆုံးကြွေးရှင်က တရုတ်ဖြစ်ပြီး ဒုတိယ ကြွေးရှင်က ဂျပန်ဖြစ်သည်။

ထို့ကြောင့် အမေရိကန်ပြည်သူတို့တွင် ကြွေးမြီပေါင်း ၁၄ ထရီလီယံအထိ ရှိနေသည်ဟု စစ်တမ်းများက ဖော်ပြနေခြင်းဖြစ်သည်။ လက်ရှိ တရုတ်တို့က ထရမ့်ဖန်တီးခဲ့သည့် ကုန်သွယ် ရေးစစ်ပွဲကို တန်ပြန်နိုင်ရန် ပြည်တွင်း အခွန်ကောက်ခံမှု နှုန်းထားကိုလည်း တိုးမြှင့်ဦး မည်ဖြစ်ကာ၂ဝ၁၉ ခုနှစ်ကို အပြောင်းအလဲများမည့်နှစ်ဟု ကြိုတင် ဟောကိန်းထုတ်ရ မည်ဖြစ်သည်။

သို့ဖြစ်၍ အချိန်ကြာလာသည်နှင့်အမျှ အမေရိကန်နှင့် တရုတ်တို့၏ ကုန်သွယ်ရေး စစ်ပွဲက စိတ်ဝင်စားဖွယ် ဖြစ်လာပါကြောင်း တင်ပြလိုက်ရပါသည်။ ။

ရှိန်းထက်

Ref;BBC

Read 120 times
Rate this item
(0 votes)
Last modified on Friday, 21 December 2018 09:48

Latest from