SJ WorldNews - шаблон joomla Авто

ဝမ်ဘီယာအမှုနှင့် ပတ်သက်ပြီး စောင့်ကြည့်ရဦးမည့် ဒေါ်နယ်ထရမ့်၏ လုပ်ဆောင်မှု

Wednesday, 26 December 2018 09:28 Written by  font size decrease font size decrease font size increase font size increase font size

ခရစ္စမတ်နေ့ဖြစ်သည့် ဒီဇင်ဘာ ၂၅ ရက်တွင် နိုင်ငံတကာမှ သတင်းသမားများ စိတ်ဝင်စားမှု အများဆုံး အကြောင်းအရာ တစ်ခုရှိသည်။ ယင်းမှာ တွစ်တာကိုသာ တစိုက်မတ်မတ် အသုံး ပြုပြီး ပြောလိုသည့် အကြောင်းအရာကို လူမှုကွန်ရက် မီဒီယာမှတစ်ဆင့် အသိပေးတတ်သည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အကြောင်းပင်ဖြစ်သည်။

ယခုလည်း ထရမ့်က မထင်မှတ်ထားသည့် သတင်းတစ်ပုဒ်ကို တွစ်တာမှတစ်ဆင့် ချပြခဲ့သည်။ အဆိုပါ သတင်းတွင် ထရမ့်က မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်အတွက် ခရစ္စမတ် ဆုတောင်းနှင့်တကွ အမေရိကန်နှင့် မြောက်ကိုရီးယားတို့ကြား တိုးတက်လာမှုများကို ၂ဝ၁၈ ခုနှစ်တွင် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ဆက်လက်၍လည်း ခေါင်းဆောင် ကင်ဂျုံအွန်နှင့် ဒုတိယ အကြိမ်တွေ့ဆုံမှုကို မကြာမီ အကောင်အထည်ပေါ်နိုင်ရန် မျှော်လင့်နေကြောင်း ရေးသားထား သည်။

ယင်းသတင်း ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက်ထွက်ပေါ်လာသည့် တခြားသတင်း တစ်ပုဒ် ရှိသည်။ မြောက်ကိုရီးယား၌ ထောင်ကျပြီး လွတ်မြောက်လာသည့် အမေရိကန်နိုင်ငံသားသည် ၎င်း၏ နိုင်ငံသို့ရောက်ပြီး ရက်ပိုင်းအတွင်း သေဆုံးသွားသဖြင့် အမေရိကန်ပြည်ထောင်စု ကိုလံဘီယာ ခရိုင်တရားရုံးမှ သေဆုံးသူ ဝမ်ဘီယာ၏ မိသားစုကို မြောက်ကိုရီးယားမှ နစ်နာ ကြေးငွေ အမေရိကန်ဒေါ်လာ သန်း ၅ဝဝ ပေးရန် အမိန့်ချမှတ်လိုက်သည့် သတင်းဖြစ်သည်။

အသက်၂၂ နှစ်အရွယ်ရှိ ဝမ်ဘီယာသည် အမေရိကန် ကောလိပ်ကျောင်းသားတစ်ဦးဖြစ်ပြီး မြောက်ကိုရီးယား၌ ဖမ်းဆီးခြင်းခံခဲ့ရကာ ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခံထားရသူဖြစ်သည်။ သို့ သော်လည်း ထောင် ၁၅ နှစ်ကျနေသည့် ဝမ်ဘီယာကို မြောက်ကိုရီးယားတို့က ၂ဝ၁၇ ခုနှစ်တွင် အမေရိကန်နိုင်ငံသို့ ပြန်ပို့ခဲ့ကြသည်။

သို့သော်လည်း ဝမ်ဘီယာမှာ ကိုမာဖြစ်နေပြီး အောက်ဆီဂျင် ချို့တဲ့နေကာ ဦးနှောက်ဆီသို့ သွေးစီးဆင်းမှု မရှိတော့ပေ။ ထို့ကြောင့် ၎င်း၏ အမိနိုင်ငံဖြစ်သည့် အမေရိကန်သို့ ပြန်ရောက် ပြီးမကြာမီတွင် သေဆုံးခဲ့ခြင်း ဖြစ်သည်။ အမိန့်ချမှတ်ခဲ့သည့် တရားသူကြီး အိုဝဲလ်က ဝမ်ဘီယာ သေဆုံးမှုအတွက် မြောက်ကိုရီးယား၌ တာဝန်အပြည့်ရှိသောကြောင့် တာဝန်ယူ ပေးရမည် ဖြစ်ကြောင်း အခိုင်အမာ ပြောဆိုထားသော်လည်း မြောက်ကိုရီးယားတို့ကတော့ ညှဉ်းပန်းနှိပ်စက်မှုကြောင့် သေဆုံးရသည်ဆိုခြင်းမှာ မှားယွင်းစွပ်စွဲမှု တစ်ခုသာ ဖြစ်ကြောင်း ပြန်လည် တုံ့ပြန်ထားကာ နစ်နာကြေးပေးရမည့်အရေးနှင့် ပတ်သက်၍ ယခုအချိန်ထိ မည် သည့် တုံ့ပြန်မှုမျိုးမှ ထွက်ရှိမလာသေးပေ။ ဝမ်ဘီယာမိသားစု၏ ထုတ်ပြန်ချက်တွင် အမေရိကန်ပြည်ထောင်စုက တရားမျှတမှုရှိကြောင်းနှင့် ဝမ်ဘီယာမသေဆုံးမီမှာ ၎င်းအတွက် တရားမျှတမှုကို ရစေရမည်ဟု မိသားစုက ကတိပေးခဲ့ကြောင်း ပါဝင်ခဲ့သည်။

ယခုအခါ ထရမ့်က မြောက်ကိုရီးယားအတွက် နှစ်သစ်ဆုမွန်ကောင်း တောင်းပေးပြီး တခြား သော မည်သည့် မှတ်ချက်မျိုးကိုမှ ပေးထားခြင်းမရှိသည့်အတွက် ခါရှော့ဂျီအမှုကို သတိရမိ သည်။ ခါရှော့ဂျီသည် ဝါရှင်တန်ပို့စ်၏ သတင်းထောက် တစ်ယောက်၊ ဆော်ဒီနိုင်ငံသား ဖြစ်သော်လည်း အမေရိကန် နိုင်ငံသား ခံယူထားသူဖြစ်သည်။ တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့ ရှိ ဆော်ဒီကောင်စစ်ဝန်ရုံး ထဲဝင်သွားပြီးနောက် ပြန်ထွက်လာသည့် မှတ်တမ်းမရှိဘဲ အထဲမှာပင် ပျောက်သွားခဲ့သူဖြစ်သည်။ ၎င်း၏ကိစ္စမှာ ကမ္ဘာကို ရိုက်ခတ်သည့် သတင်း တစ်ပုဒ်ဖြစ်ခဲ့ သည်။ ထရမ့်သည်ပင် ခါရှော့ဂျီအမှုနှင့် ပတ်သက်ပြီး ပြင်းထန်စွာ ဝေဖန်ခံခဲ့ရ ကာ ဆော်ဒီဘုရင် အသိုင်းအဝိုင်းကြောင့် အသတ်ခံရသည် ဆိုသည်ကို သိသိကြီးနှင့်ပင် ထရမ့်က ဘက်လိုက်ခဲ့သည်။

ယခုလည်း ထရမ့်အနေဖြင့် မြောက်ကိုရီးယားနှင့် နျူကလီးယား အရေးကို ဦးစားပေးပြီး လုပ် ဆောင်နေဦး မည်ဆိုပါက မြောက်ကိုရီးယားသို့ ခရိုင်တရားရုံးမှ ချမှတ်သည့် နစ်နာကြေးကိစ္စ က လက်တွေ့ဖြစ်ပေါ်လာစရာ အကြောင်းမရှိဘဲ ခါရှော့ဂျီအမှုကဲ့သို့ပင် ဖြစ်လာဦးမည် ဖြစ် သည်။ ထို့ပြင် ထရမ့်အတွက် ပေးနိုင်သည့် အကြောင်းပြချက်များကလည်း ရှိနေသေးသည်။

၂ဝ၁၇ ခုနှစ်က အမေရိကန်နှင့် မြောက်ကိုရီးယားတို့ကြား ကောင်းမွန်သည့် သံတမန် ဆက်ဆံ ရေးနှင့် စားပွဲတစ်ဝိုင်းတည်း၌ ဆွေးနွေးနိုင်သည့် ဖြစ်စဉ်မျိုး မရှိခဲ့ပေ။ အရာအားလုံးက၂ဝ၁၈ ခုနှစ် ရောက်မှသာ စတင်ခဲ့ခြင်း ဖြစ်ပြီး ၂ဝ၁၇ ခုနှစ် ဧပြီလက ကိုရီးယား ကျွန်းဆွယ်၌ နျူကလီးယား စစ်ပွဲဖြစ်မည်လား ဟူ၍ပင် စိုးရိမ်စရာ ကောင်းသည့် အနေအထားတစ်ခု အထိ ဖြစ်ခဲ့သည်။

သို့သော်လည်း ထရမ့်က ထိုအရာများကို ကျော်ဖြတ်ပြီး နျူကလီးယား ဖျက်သိမ်းရေးဆီသို့ ရောက်ရှိရေး အတွက်ဆောင်ရွက်နိုင်ခဲ့ကာ စင်ကာပူနိုင်ငံ၌ ၂ဝ၁၈ ခုနှစ် ဇွန်လက ထရမ့်နှင့် ကင်ဂျုံအွန်တို့ လက်ချင်းချိတ်ကာ မျက်နှာချင်းဆိုင် စကားပြောနိုင်ခဲ့ကြသည်။ ထိုမှတစ်ဆင့် တောင်ကိုရီးယားနှင့် မြောက်ကိုရီးယားတို့ ငြိမ်းချမ်းရေးဆီသို့ အရှိန်အဟုန် ကောင်းကောင်းနှင့် ရှေ့ဆက်နေသည့် ဖြစ်စဉ်မျိုး ဖြစ်လာရခြင်းဖြစ်သည်။

ထရမ့်အနေဖြင့် လက်ရှိ ဝမ်ဘီယာ မိသားစုအရေးကိုသာ တရားရုံးက ချမှတ်ခဲ့သည့်အတိုင်း ဆောင်ရွက် မည်ဆိုပါက ကင်ဂျုံအွန်နှင့် ရရှိထားသည့် ဆက်ဆံရေးသာမက တောင်ကိုရီးယား နှင့်ရရှိထားသည့် အပြုသဘောဆောင်သော ငြိမ်းချမ်းရေး အသီးအပွင့်များကိုပါ အကျိုးသက် ရောက်မှုရှိလာနိုင်မည်ဖြစ်သည်။

ထို့ကြောင့် ထရမ့်အတွက် စဉ်းစားစရာ တစ်ခုဖြစ်သည့်ကြားထဲမှ တောင်ကိုရီးယားသာ မရှိခဲ့လျှင် တစ်နည်းအားဖြင့် သမ္မတ ပတ်ဂွမ်ဟေးနေရာကို ဝင်လာသည့် သံတမန်ရေးသမား မွန်ဂျေးအင်သာ မရှိခဲ့လျှင် အမေရိကန်နှင့် မြောက်ကိုရီးယားတို့ ဆက်ဆံရေးက ယခင်နှစ်များ ကအတိုင်း ပုံမှန်ပြန်ဖြစ် သွားမည်ဖြစ်သည်။ ထို့ပြင် လက်တွေ့ တိုးတက်မှုများ အနေဖြင့် မြောက်ကိုရီးယားတို့ မည်သည့် ဒုံးပျံစမ်းသပ်မှုမှမရှိတော့။ နိုင်ငံတကာက ဝေဖန်စရာဆို၍ အမေရိကန်တို့ ထုတ်ပြန်ထားသည့် လတ်တလောဒုံးစခန်းများ အဆင့်မြှင့်တင်လာသည် ဆိုသည့် သတင်းသာရှိသည်။ ထိုအရာကလည်း မြောက်ကိုရီးယားကဲ့သို့ နိုင်ငံမျိုးမှာ အချိန် အခါမရွေး လုပ်တတ်သည့် အရာမျိုးဖြစ်သည်။ ထို့ပြင် သေဆုံးသူ ဝမ်ဘီယာအနေဖြင့် မြောက် ကိုရီးယား၌ မည်သည့် လုပ်ရပ်မျိုး ပြုလုပ်ခဲ့သနည်း ဆိုသည့် အချက်ဖြစ်သည်။

အမေရိကန်ဆိုသည်မှာလည်း နိုင်ငံကြီးသားဝါဒီကို လက်ကိုင်ထားသူများဖြစ်သည့်အတွက် ၎င်းလူမျိုးကို တခြားနိုင်ငံတစ်နိုင်ငံက ပြစ်ဒဏ်တစ်ခုချမှတ်ပြီး အရေးယူလျှင် သည်းခံတတ်သူ မဟုတ်။ နိုင်ငံတစ်နိုင်ငံ၌ ချမှတ်ထားသည့် ဥပဒေကို ချိုးဖောက်လျှင် မည်သည့် နိုင်ငံသား ဖြစ်စေ ပြစ်ဒဏ် ချမှတ်ခံရမှာ မလွဲဧကန်ဖြစ်သည်။ ထို့ကြောင့် ဝမ်ဘီယာအမှုကို အမှန် တကယ် တရားမျှတမှု ရှိစေလိုပါက မြောက်ကိုရီးယား အစိုးရနှင့် ညှိနှိုင်း ဆောင်ရွက်ရမည်ဖြစ် သည်။ ထိုသို့ မဟုတ်ပါက နိုင်ငံကြီးသားဝါဒီကို လက်ကိုင်ထားကာ တစ်ဖက်သတ်ဆန်သည့် စွပ်စွဲချက် အဖြစ် မြောက်ကိုရီးယား၏ အပြစ်တင်မှုကို ခံရမည်ဖြစ်ပြီး ထိုအခြေအနေမျိုးကို မြောက်ကိုရီးယားတို့က မည်သည့်အချိန်ကမှ လိုက်လျောခြင်း မရှိဖူးသောကြောင့် ထရမ့် အတွက် စဉ်းစားစရာဖြစ်သည်။

ခါရှော့ဂျီနှင့် ဝမ်ဘီယာတို့နှစ်ဦးတွင် ကွာခြားချက်မှာခါရှော့ဂျီက ဆော်ဒီ၌မွေးပြီး အမေရိကန် နိုင်ငံသား ခံယူထားသူဖြစ်သည်။ ဝမ်ဘီယာက အမေရိကန်၌ မွေးသည့် အမေရိကန်နိုင်ငံသား စစ်စစ်ဖြစ်သည်။ ထိုကွာခြားချက်ကြောင့်ပင် ခရိုင်တရားရုံး၏ ချက်ချင်း အရေးယူမှုကိုလည်း ခံရကာ အမေရိကန်ဒေါ်လာ သန်း ၅ဝဝ ပေးရန်အထိ အမိန့်ချခဲ့သည်။

ခါရှော့ဂျီအမှုက အမေရိကန်အစိုးရ၏ လျစ်လျူရှုခြင်းကို ပေါ်ပေါ်ထင်ထင် ခံခဲ့ရသဖြင့် အမေရိကန် နိုင်ငံသား တစ်ဦးနှင့် နိုင်ငံသားခံယူထားသူတို့၏ ကွာခြားချက်ဟုဆိုလျှင်လည်း မှားမည်မဟုတ်ပေ။ ထိုအရေးကို ထရမ့်က မည်သို့ ကိုင်တွယ်ဖြေရှင်းမည်ဆိုသည်မှာ ကိုရီးယား ကျွန်းဆွယ် ငြိမ်းချမ်းရေးနှင့် တိုက်ရိုက် သက်ဆိုင်နေသည်ဟု ဆိုရမည်ဖြစ်သည်။

လက်ရှိတွင် ထရမ့်က ၎င်း၏ကတိအတိုင်း မက္ကဆီကိုနိုင်ငံနှင့် တံတိုင်းကိစ္စကလည်း အထက် လွှတ်တော်၌ ထောက်ခံမှုကမရ။ ၎င်းနှင့်လွှတ်တော်ကြား အဖုအထစ်လေးများ ရှိနေသည့် အပြင် တစ်ချိန်တည်းမှာပင် ၎င်း၏ ပစ်မှတ်ဖြစ်သည့် ကိုရီးယား ကျွန်းဆွယ်အရေးကလည်း အခက်အခဲများ ပေါ်လာကာ ရုရှားနှင့်လည်း ထိုအတိုင်းပင်ဖြစ်သည်။ ထို့ကြောင့် ဝမ်ဘီယာ အမှုကို ခါရှော့ဂျီ အမှုကဲ့သို့ ဖြစ်သွားမလား သို့မဟုတ် ခရိုင်တရားရုံး၏ ဆုံးဖြတ်ချက်ကို ထရမ့်ထောက်ခံ ဆောင်ရွက်မလားဆိုသည်မှာ အနည်းငယ် စောင့်ကြည့် ရဦးမည်ဖြစ်ပါ ကြောင်း တင်ပြလိုက် ရပါသည်။ ။

ရှိန်းထက်

Ref;BBC

Read 172 times
Rate this item
(0 votes)
Last modified on Wednesday, 26 December 2018 09:29