SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

ဂျပန်-တောင်ကိုရီးယား ဆက်ဆံရေး ဘယ်ကို ဦးတည်မှာလဲ

Friday, 19 April 2019 09:31 Written by  font size decrease font size decrease font size increase font size increase font size

ယနေ့ အရှေ့အာရှဒေသ၏ ပကတိအခြေအနေမှာ အလှည့်အပြောင်း ဖြစ်လာသည့် အခြေအနေဖြစ်သည်။

တရုတ်နိုင်ငံသည် စစ်ရေးနှင့်စီးပွားရေးတွင် အင်အားကြီးထွားလာသည်။ ဂျပန်နိုင်ငံ၏ စီးပွားရေးက အကျဘက်သို့ ဦးတည်လာသည်။ ဒေသတွင်း၌ နှစ်ပေါင်းများစွာကြာအောင် လွှမ်းမိုးလာသည့် အမေရိကန်နိုင်ငံက တရုတ်နိုင်ငံ၏ ကြီးထွားလာသော အင်အားကို တုံ့ပြန်နိုင်ရန် လုပ်ဆောင်လာရသည်။

ယခုကဲ့သို့ အင်အားချိန်ခွင်လျှာ ပြောင်းလဲလာမှုက အမေရိကန်နှင့်တရုတ် တို့ကြား၌ သာမက အရှေ့အာရှဒေသတွင်း နိုင်ငံများကြား၌ပါ တင်းမာမှုများ ဖြစ်ပေါ်လာစေသည်။ အမေရိကန်နှင့် တရုတ်တို့ကြား တင်းမာမှုများကြောင့်လည်း အရှေ့အာရှဒေသတွင်း နိုင်ငံများက ထွက်ပေါက်မရှိ ပိတ်မိနေသည်။ ကမ္ဘာ့အင်အားကြီး နှစ်နိုင်ငံကြား ပိတ်မိနေသည့် နိုင်ငံများသည် ကိုယ့်အတွက် လွတ်မြောက်ရာလမ်းကို ကိုယ်တိုင်ရှာဖွေလာရသည်။

အဆိုပါ ဖြစ်စဉ်အတွက် အကောင်းဆုံးဥပမာကို ကိုရီးယားကျွန်းဆွယ်၌ မြင်တွေ့နိုင်သည်။ တစ်ချိန်က စစ်အေးတိုက်ပွဲတွင် ပါဝင်သည့် နိုင်ငံများမှာ ကုန်းမြေအင်အားကြီးနိုင်ငံများ ဖြစ်သည့် ဆိုဗီယက်ပြည်ထောင်စုနှင့် တရုတ်နိုင်ငံတို့ကတစ်ဖက်၊ ရေကြောင်းအင်အားကြီး နိုင်ငံဖြစ်သည့် အမေရိကန်နိုင်ငံက တစ်ဖက်ဖြစ်သည်။

ကိုရီးယားကျွန်းဆွယ်၏ တောင်ဘက်ရှိ တောင်ကိုရီးယားနိုင်ငံက ဆိုဗီယက်ပြည်ထောင်စုနှင့် တရုတ်နိုင်ငံကို ဆန့်ကျင်နေသည့် အမေရိကန်အတွက် ကုန်းမြေ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။

တောင်ကိုရီးယားနိုင်ငံ ဆိုသည်မှာ အရှေ့အာရှဒေသ၌ စစ်ရေးအရ ခုခံကာကွယ်ရန် အခက်ခဲဆုံးသော ဒေသဖြစ်သည်ဟု အမေရိကန်ဘက်က ယူဆထားသည်။ ထို့ကြောင့် ကိုရီးယား ကျွန်းဆွယ် ဆိုသည်မှာ စစ်ရေးတင်းမာမှု ဖြစ်နေရသည့် ဒေသတစ်ခုဖြစ်နေခြင်း ဖြစ်သည်။ ထိုသို့ ဖြစ်ပေါ်မှုက အိမ်နီးချင်း ဂျပန်နိုင်ငံအတွက် သိသာထင်ရှားသည့် ခြိမ်းခြောက်မှု ဖြစ်လာသည်။ ထို့ကြောင့် အမေရိကန်၏ မဟာမိတ်နိုင်ငံများ ဖြစ်သည့် တောင်ကိုရီးယားနှင့်ဂျပန်တို့က တစ်ခုတည်းသော ရည်မှန်းချက်ဖြစ်သော ကိုရီးယား ကျွန်းဆွယ်တည်ငြိမ် အေးချမ်းရေးအတွက် သမိုင်းကြောင်း တစ်လျှောက် အတူတကွပူးတွဲ လုပ်ဆောင်လာခြင်း ဖြစ်သည်။

သို့သော် ထိုအခြေအနေများက ၂ဝ၁ဝ ပြည့်လွန်နှစ်များတွင် ပြောင်းလဲသွားသည်။ အကြောင်းရင်းမှာ တရုတ်နိုင်ငံ၏ ကြီးထွားလာသော ရေတပ်အင်အားကြောင့် ဖြစ်သည်။ အမေရိကန်နှင့် တရုတ်နိုင်ငံတို့၏ ထိပ်တိုက် တွေ့ဆုံမှုမှာလည်း ကုန်းမြေနေရာမှ ရေပြင်သို့ ပြောင်းလဲသွားသည်။ ထိုအချိန်တွင် တစ်ချိန်က အရေးပါဆုံးနေရာ ဖြစ်ဖူးသည့် ကိုရီးယားကျွန်းဆွယ်သည် အတော်အတန် အရေးမပါတော့သော အခြေအနေသို့ ရောက်ရှိသွားသည်။ အမေရိကန်နှင့် ဂျပန်တို့က ၎င်းတို့၏ အဓိက ပစ်မှတ်နေရာကို ရေပြင်သို့ ပြောင်းလဲလိုက်ချိန်တွင် ကိုရီးယားကျွန်းဆွယ်ရှိ မဟာဗျူဟာမြောက် အကျိုးစီးပွားမှာ မှေးမှိန်ယုတ်လျော့သွားသည်။ မြောက်ကိုရီးယား၌ ကင်ဂျုံအွန် ခေါင်းဆောင် ဖြစ်လာချိန်တွင် ကိုရီးယားကျွန်းဆွယ် အရေးမှာ တစ်ဖန်ပြန်လည် အရေးပါလာသည်။ ထို့ကြောင့် အမေရိကန်အတွက် ကိုရီးယား ကျွန်းဆွယ်အရေးက သတ်သတ်၊ တရုတ်နိုင်ငံအရေးက သတ်သတ်ဖြစ်လာသည်။

ယခုကဲ့သို့ သီးခြားစီ သတ်မှတ်လိုက်ခြင်းကြောင့် ဂျပန်နှင့် တောင်ကိုရီးယားတို့မှာ မဟာဗျူဟာမြောက် ရည်မှန်းချက်များ ကွဲပြားသွားသည်။ ဂျပန်နိုင်ငံက တရုတ်နိုင်ငံနှင့် ရေပိုင်နက် အငြင်းပွားနေစဉ် တောင်ကိုရီးယားက ကိုရီးယားကျွန်းဆွယ် အရေးတွင် တရုတ်နိုင်ငံ၏ ပူးပေါင်းပါဝင်မှုကို လိုအပ်နေကာ စီးပွားရေးတွင်လည်း တရုတ်နိုင်ငံအပေါ် များစွာ မှီခိုလာရသည်။ ထို့ကြောင့် ဂျပန်နှင့်တောင်ကိုရီးယား တို့၏ လုံခြုံရေးအရ ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်မှာ ခက်ခဲမှုများနှင့် ရင်ဆိုင်လာရသည်။

ထို့ပြင် အမေရိကန်၏ ထောက်ပံ့မှုကို ရရှိရန်အတွက်လည်း အပြိုင်ကြိုးပမ်းလာသည်။ တစ်နည်းဆိုရသော် အမေရိကန်သည် ၎င်း၏ မဟာမိတ်များဖြစ်သော ဂျပန်နှင့်တောင်ကိုရီးယား တို့ကြားကို ချိတ်ဆက်ပေးသည့် နိုင်ငံမဟုတ်တော့ဘဲ ထိုနှစ်နိုင်ငံက အမေရိကန်ထံမှ ထောက်ပံ့မှု ရရှိရန် ကြိုးပမ်းလာရသောကြောင့် ဂျပန်နှင့် တောင်ကိုရီးယားတို့မှာ အလိုလိုနေရင်း ပြိုင်ဘက်နိုင်ငံများ အဖြစ်သို့ ရောက်ရှိလာသည်။

ထိုသို့ ပြိုင်ဘက်ဖြစ်လာမှုက တစ်ခါတစ်ရံတွင် နိုင်ငံရေးအရ ပြေငြိမ်းမှုများ ဖြစ်ပေါ်လာစေသည်။ အမေရိကန်နိုင်ငံ၏ အတင်းအကျပ် ဖိအားပေးမှုကြောင့် တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံ တို့ကြား၌ တောင်ကိုရီးယား လိင်ကျွန်အရေးနှင့် ပတ်သက်၍ သဘောတူညီချက် ရရှိခဲ့သည်။ ထိုသဘောတူညီချက်မှာ ဂျပန်နိုင်ငံအတွက် အရေးသာမှု ဖြစ်သော်လည်း တောင်ကိုရီးယားနိုင်ငံအတွက် ဆုံးရှုံးမှုများရှိနေသည်။ ၂ဝ၁၇ ခုနှစ်တွင် မွန်ဂျေးအင် တောင်ကိုရီးယား သမ္မတ ဖြစ်လာသည့်အခါ အမေရိကန်အပေါ် ထားရှိသည့် သံတမန်ရေး မဟာဗျူဟာကို ပြောင်းလဲသွားရန် စဉ်းစားသုံးသပ်ပြီး သံတမန်ရေး စစ်မျက်နှာဖွင့်ရန် လုပ်ဆောင်ခဲ့သည်။ ထိုတစ်နှစ်တည်းမှာပင် မြောက်ကိုရီးယားနှင့် အမေရိကန်တို့ကြား ထိပ်သီးဆွေးနွေးပွဲ ကျင်းပရန် မွန်ဂျေးအင်က ဒေါ်နယ်ထရမ့်ကို စည်းရုံးနိုင်ခဲ့သည်။ အမှန်တကယ်လည်း အောင်မြင်မှုရရှိခဲ့သည်။ ထိုအချိန်တွင် ဂျပန်နိုင်ငံက မြောက်ကိုရီးယားအပေါ် တင်းမာသော သဘောထား ရပ်တည်ချက် ထားရှိခဲ့သည်။ တောင်ကိုရီးယားကလည်း ၎င်းတို့၏ အောင်မြင်မှုအပေါ် ဂုဏ်ယူမဆုံး ဖြစ်ခဲ့သည်။

သို့သော် အမေရိကန်-မြောက်ကိုရီးယား ဒုတိယအကြိမ် ထိပ်သီးဆွေးနွေးပွဲက အောင်မြင်မှု မရရှိဘဲ ပြီးဆုံးပြီးနောက် အခြေအနေများ တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားပြန်သည်။ အရေးကြီးသည့် အချက်မှာ တောင်ကိုရီးယား အစိုးရက ၎င်းတို့၏ လွှမ်းမိုးမှုကို ခန့်မှန်းလွန်သွားခြင်း ဖြစ်သည်။ တောင်ကိုရီးယားဘက်က ထင်ထားသည်မှာ ၎င်း၏လွှမ်းမိုးမှုက အမေရိကန်နှင့်မြောက်ကိုရီးယားတို့ကြား ဆွေးနွေးပွဲများ ဖြစ်ပေါ်စေပြီး ထိုဆွေးနွေးပွဲများ မှတစ်ဆင့် ၎င်းတို့ ရည်မှန်းထားသော ပန်းတိုင်ကို ရောက်ရှိမည်ဟု ထင်ထားခြင်း ဖြစ်သည်။

သို့သော် ထင်ထားသလို ဖြစ်မလာသည့် အချိန်မှာတော့ တောင်ကိုရီးယားအစိုးရက စိတ်ပျက်လက်ပျက် ဖြစ်ခဲ့ရသည်။ တကယ်တမ်း စိတ်ပျက်ရသည့် အရာက အမေရိကန်-မြောက်ကိုရီးယား ဆွေးနွေးပွဲ မအောင်မြင်ခြင်းကြောင့် မဟုတ်ဘဲ ၎င်းတို့၏ လွှမ်းမိုးမှု မရှိသည်ကို မျက်မြင်တွေ့လိုက်ရခြင်းကြောင့် ဖြစ်သည်။

ထိုအခြေအနေကြောင့် ဂျပန်နိုင်ငံအပေါ် ထားရှိသည့် တောင်ကိုရီးယား၏ ရပ်တည်ချက် ပြောင်းလဲလာနိုင်သည်။

တောင်ကိုရီးယား အနေဖြင့် အမေရိကန်အပေါ် အတန်အသင့် လွှမ်းမိုးမှု ရှိနေစဉ် ဂျပန်နိုင်ငံကို ထည့်သွင်း စဉ်းစားရန် မလိုပေ။ သို့သော် ၎င်း၏သြဇာအာဏာက ထင်ထားသည်ထက် ပိုမိုကန့်သတ်ခံလိုက်ရသည့် အခါတွင် တောင်ကိုရီးယား အနေဖြင့် ၎င်း၏မဟာဗျူဟာကို ပြောင်းလဲရန် လိုအပ်မည်ဖြစ်သည်။ သြဇာလွှမ်းမိုးမှု ကြီးထွားလာစေရန်အတွက် ဂျပန်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သည့်နည်းလမ်း သို့မဟုတ် မြောက်ကိုရီးယား အရေးနှင့် ပတ်သက်ပြီး အမေရိကန်အပေါ် ဂျပန်နိုင်ငံ၏ လွှမ်းမိုးမှုကို လျော့ကျစေရန်လုပ်ဆောင်သည့် နည်းလမ်းကို တောင်ကိုရီးယားက ရွေးချယ်ရမည် ဖြစ်သည်။

အမေရိကန်-မြောက်ကိုရီးယား ဒုတိယအကြိမ်ထိပ်သီးဆွေးနွေးပွဲ မအောင်မြင်ရခြင်းက အရှေ့အာရှနိုင်ငံများအပေါ် ကြီးမားသော ရိုက်ခတ်မှုများ ဖြစ်ပေါ်စေသည်။

အဓိကအားဖြင့် ဂျပန်နှင့်တောင်ကိုရီးယား တို့၏ ဆက်ဆံရေးအပေါ် အကျိုးသက်ရောက်ခြင်း ဖြစ်သည်။ ယခုအခါ ထိုနှစ်နိုင်ငံအနေဖြင့် ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေးကို ပြန်လည်ရွေးချယ်မည်လား ဒါမှမဟုတ် ကတောက် ကဆတ်ဖြစ်မှုများကို ဆက်လက်ဖန်တီးမည်လား။ မည်သို့ပင် ဆိုစေကာမူ ထိုရွေးချယ်မှုများ အားလုံးသည် တောင်ကိုရီးယား သမ္မတမွန်ဂျေးအင်၏ အစိုးရအဖွဲ့ အပေါ်တွင်သာ မူတည်နေပြီ ဖြစ်ပါကြောင်း ရေးသား တင်ပြလိုက်ရ

ပါသည်။ ။

Ref: The Diplomat

Read 88 times
Rate this item
(0 votes)
Last modified on Friday, 19 April 2019 09:32

Latest from