SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

စိန်ခေါ်မှုများသည့် ပင်လယ်ပြင်ကို တရုတ်က သီးခြားကမ်းတက် တပ်ဖွဲ့ဖြင့် ကာကွယ်မည်

Wednesday, 24 April 2019 09:57 Written by  font size decrease font size decrease font size increase font size increase font size

ကမ္ဘာပေါ်၌ တရုတ်နိုင်ငံသည် စီးပွားရေးနှင့် စစ်ရေးတွင် အမေရိကန်ပြီးလျှင် ဒုတိယနေရာ၌ ရှိသည်။ စီးပွားရေးအင်အား ခိုင်မာတောင့်တင်းလာသည်နှင့်အမျှ ပိုင်ဆိုင်မှုများနှင့် အကျိုးစီးပွားကို ကာကွယ်ရန် ကာကွယ်ရေး အသုံးစရိတ်ကို အကြိမ်ကြိမ် စံချိန်တင်တိုးမြှင့်ပြီး စစ်အင်အားကိုလည်း တိုးမြှင့်လာသည်။ လက်ရှိအချိန်တွင် တရုတ်နိုင်ငံ၏ အဓိက ဦးစားပေးပစ်မှတ်မှာ ပင်လယ်ပြင်စိုးမိုးရေး ဖြစ်သည်။

ကျယ်ပြောလှသော ပင်လယ်ပြင်စိုးမိုးနိုင်ရေးမှာ ရေတပ်အင်အား တောင့်တင်းရန် လိုအပ်သည်။ ထို့ကြောင့် ရေတပ်အင်အား တောင့်တင်းစေရန် သမ္မတရှီကျင့်ဖျင် လက်ထက်တွင် ရေတပ်အတွက် စစ်လက်နက်ပစ္စည်းများ တိုးမြှင့်တပ်ဆင်လာသည် သာမက တပ်ဖွဲ့ဝင် အင်အားကိုလည်း တိုးမြှင့်လာသည်။

ယခုဆိုလျှင် ရေတပ်၏အထူး တပ်ဖွဲ့ဖြစ်သော ကမ်းတက်(မရိန်း) တပ်ဖွဲ့အင်အားကို တိုးချဲ့လိုက်ပြီး သီးခြားတပ်ဖွဲ့အဖြစ် ခွဲထုတ်လိုက်ပြီ ဖြစ်သည်။ သို့သော် အမေရိကန် မရိန်းတပ်ဖွဲ့နှင့် မတူသော အချက်မှာ တရုတ်မရိန်း တပ်ဖွဲ့သည် ရေတပ်၏ ကွပ်ကဲမှုအောက်တွင်သာ ရှိနေဦးမည် ဖြစ်သည်။ အမေရိကန် မရိန်းတပ်ဖွဲ့မှာ တခြားသော ကြည်း၊ရေ၊ လေတပ်ဖွဲ့ များနှင့်တန်းတူ သီးခြား ရပ်တည်နေသော တပ်ဖွဲ့ဖြစ်သည်။

ယခုနှစ်အစောပိုင်းတွင် အမေရိကန် သုတေသန အဖွဲ့ဖြစ်သော ဂျိမ်းတောင်းဖောင်ဒေးရှင်းက ခန့်မှန်းထားသည်မှာ တရုတ်စစ်ဘက်သည် မရိန်းတပ်ဖွဲ့ကို တပ်မဟာနှစ်ခုမှ တပ်မဟာရှစ်ခုအထိ တိုးချဲ့ကာ စစ်သည်အင်အား ၄ဝဝဝဝ ဖြင့် ဖွဲ့စည်းမည်ဟု ဆိုသည်။ ထို့ပြင် ယခုလ အစောပိုင်းတွင် တရုတ်ရေတပ်က လူမှုကွန်ရက်၌ မရိန်းတပ်ဖွဲ့သည် ၎င်း၏ကလေး ငါးဦးအနက်တစ်ဦး ဖြစ်သည်ဟု ဖော်ပြထားသည်။

ထိုကလေးငါးဦးအနက် အကြီးဆုံးမှာ ရေငုပ်သင်္ဘောများ ဖြစ်သည်။ ဒုတိယမြောက်မှာ စစ်ရေယာဉ်များ၊ တတိယမှာ လေကြောင်းတပ်ဖွဲ့များနှင့် စတုတ္ထမြောက်မှာ မရိန်းတပ်ဖွဲ့တို့ဖြစ်သည်။ ပဉ္စမမြောက်မှာ ကမ်းရိုးတန်း ကာကွယ်ရေးတပ်ဖွဲ့ ဖြစ်သည်။

ထို့ပြင် မရိန်းတပ်ဖွဲ့ကို တင်စားထားသည်မှာ မြေပြင်၌ ကျား၊ ပင်လယ်ပြင်၌ နဂါးနှင့်လေပေါ်၌ လင်းယုန်ငှက်ကဲ့သို့ ဖြစ်သည်ဟု ဆိုသည်။ ယခုကဲ့သို့ မရိန်းတပ်ဖွဲ့ကို သီးခြားတပ်ဖွဲ့အဖြစ် ခွဲထုတ်ပြီး အင်အားတိုးမြှင့်ရခြင်းမှာ တရုတ်နိုင်ငံ၏ လျင်မြန်စွာ မြင့်တက်လာသော ကုန်း၊ ရေနှစ်သွယ် စစ်ဆင်ရေး လိုအပ်ချက်များကြောင့် ဖြစ်သည်ဟု စစ်ရေးလေ့လာသူများက ပြောသည်။

''အခုလိုမျိုး မရိန်းတပ်ဖွဲ့ကို အင်အားတိုးမြှင့်ပြီး အဆင့်မြှင့်တင်ရတာက လွန်ခဲ့တဲ့နှစ် အနည်းငယ် အတွင်းကစပြီး အကောင်အထည်ဖော်နေတဲ့ စစ်ဘက်ပြုပြင် ပြောင်းလဲမှုတွေရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။

မရိန်းတပ်ဖွဲ့က အမေရိကန်ရဲ့ ဖွဲ့စည်းပုံနဲ့ လားလားမှ မဆိုင်ပါဘူး။ တရုတ်စစ်ဘက်အနေနဲ့ ကာကွယ်ရမယ့် အရာတွေ များပြားလာပါတယ်။ အဲဒီထဲမှာ ကျွန်းတွေနဲ့သန္တာကျောက်တန်းတွေ အပါအဝင် ပင်လယ်ပြင်ကို ကာကွယ်ဖို့က အဓိကကျပါတယ်'' ဟု ပေကျင်းမြို့အခြေစိုက် ရေတပ်ကျွမ်းကျင် ပညာရှင် လီကျီးကပြောသည်။

ထို့ပြင် တောင်တရုတ်ပင်လယ်အတွင်း တင်းမာမှုများ မြင့်တက်လာမှု၊ တရုတ်(တိုင်ပေ)နှင့် ပြန်လည်ပေါင်းစည်းရေး မျှော်မှန်းထားသည့် တရုတ်အစိုးရ၏ ရည်မှန်းချက်များ စသည်တို့ကို အကောင်အထည်ဖော်ရာတွင် လိုအပ်ပါက စစ်ရေးနည်းကို အသုံးပြုနိုင်သည့်အတွက် ကုန်း၊ ရေနှစ်သွယ် စစ်ဆင်ရေး ဆောင်ရွက်နိုင်သည့် ကမ်းတက်တပ်ဖွဲ့ကို တိုးချဲ့လာခြင်းလည်း ဖြစ်သည်။

အလားတူ ကမ်းတက်တပ်ဖွဲ့ကို သီးခြားတပ်ဖွဲ့ အဖြစ် ခွဲထုတ်ရခြင်းသည် ထိုတပ်ဖွဲ့အနေဖြင့် စစ်လက်နက်ပစ္စည်းများ ကောင်းစွာ တပ်ဆင်နိုင်ကာ သီးသန့်စစ်ရေးလေ့ကျင့်မှုများကို လုပ်ဆောင်ထားပြီး ရေတပ်၏တခြားသော တပ်ဖွဲ့များနှင့် စနစ်တကျ ပူးပေါင်းဆောင်ရွက်နိုင်စွမ်းရှိနေပြီ ဆိုသည်ကိုလည်း ပြသရာရောက်ကြောင်း လီကျီးက ဆိုသည်။

ထို့ပြင် တရုတ်ရေတပ်က ကမ္ဘာတစ်ဝန်း၌ လှည့်ပတ် စစ်ဆင်နိုင်သည့် ပင်လယ်ပြာရေတပ်ကို ပိုင်ဆိုင်နိုင်စေရေးအတွက်ရည်မှန်းထားသည်။ ထိုသို့ ရည်မှန်းထားသည့် အလျောက် လုံခြုံရေး၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးနှင့် ပြည်ပနိုင်ငံများရှိ တရုတ်နိုင်ငံသားများကို ကယ်တင်ရေးတို့ ကဲ့သို့ အကောင်အထည် ဖော်ရမည့် ရည်မှန်းချက် အသစ်များ လည်း ပေါ်ထွက်လာသည်။ ထိုရည်မှန်းချက်များ အောင်မြင်စေရန် ဆောင်ရွက်ရမည့်သူမှာ မရိန်းတပ်ဖွဲ့ပင်ဖြစ်သည်။

လူကြိုက်များ အောင်မြင်ခဲ့သော တရုတ်ရုပ်ရှင်ကားဖြစ်သည့် Operation Red Sea ထဲတွင် ပါဝင်သော ပြည်သူများနှင့် ဓားစာခံများကို ကယ်ဆယ်သည့် ကျန်းလုံ၏အထူး တပ်ဖွဲ့ကဲ့သို့သော တပ်ဖွဲ့ဝင်များသည် မရိန်းတပ်ဖွဲ့ဝင်များ ဖြစ်လာမည်ဟု ဟောင်ကောင်အခြေစိုက် စစ်ရေးဆိုင်ရာသုံးသပ်ချက်များ ရေးသားသူ ဆုန့်ကျုံ့ဖျင်က ပြောသည်။

တရုတ်မရိန်းတပ်ဖွဲ့ကို အမေရိကန်မရိန်း တပ်ဖွဲ့နှင့် နှိုင်းယှဉ်ကြည့်မည် ဆိုပါက စစ်သည်အင်အားနှစ်သိန်း အထိရှိသည့် အမေရိကန် မရိန်းတပ်ဖွဲ့သည် အမေရိကန်သမ္မတ၏ တိုက်ရိုက်အမိန့်ကို အလျင်အမြန် တုံ့ပြန်နိုင်ကာ ကမ္ဘာတစ်ဝန်းကို ပတ်သွားပြီး စစ်ဆင်ရေးများ ဆောင်ရွက်နိုင်စွမ်းရှိသည်။

သို့သော် တရုတ်မရိန်းတပ်ဖွဲ့ကတော့ ကြီးမားလှသည့် စစ်ဆင်ရေးကြီးများကို ထမ်းဆောင်ရန် အစီအစဉ် မရှိသေးသည့် အတွက် အရွယ်အစားသေးငယ်ကာ ရေတပ်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ဆက်လက်တည်ရှိနေဦးမည်ဟု လီကျီးက ဆိုသည်။

၁၉၅၃ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည့် တရုတ်ကမ်းတက်တပ်ဖွဲ့တွင် ယခုအခါ ကုန်း၊ ရေနှစ်သွယ် စစ်ဆင်နိုင်သည့် ခြေလျင်တပ်ဖွဲ့၊သံချပ်ကာတပ်ဖွဲ့၊ အမြောက်တပ်ဖွဲ့၊ လေကြောင်းရန်ကာကွယ်ရေး၊ အင်ဂျင်နီယာတပ်ဖွဲ့၊ ကင်းထောက်တပ်ဖွဲ့နှင့် အထူးတိုက်ပွဲဝင် တပ်ဖွဲ့များဖြင့် ဖွဲ့စည်းလာနိုင်ပြီ ဖြစ်သည်။ ထို့ကြောင့် စိန်ခေါ်မှုနှင့် ပိုင်ဆိုင်မှု များပြားသည့် ပင်လယ်ပြင်ကို တရုတ်နိုင်ငံက သီးခြားကမ်းတက် တပ်ဖွဲ့ဖြင့် ကာကွယ်နိုင်တော့မည် ဖြစ်ပါကြောင်း ရေးသား တင်ပြလိုက်ရပါသည်။ ။ မင်းခန့်တင်

Ref: SCMP

Read 85 times
Rate this item
(0 votes)
Last modified on Wednesday, 24 April 2019 09:57

Latest from