SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

သွေးကွဲနေသည့် ဥရောပနှင့် ပိုးလမ်းမသစ် စီမံကိန်း

Friday, 26 April 2019 10:30 Written by  font size decrease font size decrease font size increase font size increase font size

ရှုပ်ထွေးပြီး အတက်အကျများသော ဆက်ဆံရေးရှိသည့် ဥရောပနှင့်တရုတ်နိုင်ငံ တို့ကြားက ဆက်ဆံရေးသည် ယခုသီတင်းပတ်တွင် နောက်တစ်မျိုး ပြောင်းလဲသွားပြီ ဖြစ်သည်။ အကြောင်းရင်းမှာ တရုတ်နိုင်ငံ ပေကျင်းမြို့၌ ကျင်းပမည့် ရပ်ဝန်းနှင့်လမ်းကြောင်း (ပိုးလမ်းမသစ်) စီမံကိန်း ထိပ်သီးဆွေးနွေးပွဲသို့ စေလွှတ်ခံရမည့် တာဝန်ရှိသူများ၏ အဆင့်ကို ဥရောပခေါင်းဆောင်များက ခွဲခြားသတ်မှတ်လိုက်သောကြောင့် ဖြစ်သည်။

ဧပြီ ၂၆ ရက်မှ ၂၇ ရက်အထိ ကျင်းပမည့် ပိုးလမ်းမသစ်စီမံကိန်း ထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်လိုသူ ဥရောပ ခေါင်းဆောင်များမှာ ဥရောပသမဂ္ဂကို အလိုမရှိသူများနှင့် ဆန့်ကျင်သူများအပြင် ရင်းနှီးမြှုပ်နှံမှုအတွက် ငွေကြေးအဆ မတန်လိုအပ်နေသော နိုင်ငံများမှ ခေါင်းဆောင်များ ဖြစ်ကြသည်။

အီတလီနိုင်ငံမှ ညွန့်ပေါင်းအစိုးရအဖွဲ့ ခေါင်းဆောင်နှင့် ဝန်ကြီးချုပ်ဂျူ ဆပ်ပီကွန်တေးက ပိုးလမ်းမသစ် စီမံကိန်း ထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်မည့် ဥရောပ ခေါင်းဆောင်များကို ဦးဆောင်မည် ဖြစ်သည်။

ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာအော်ဘန်ကလည်း ပေကျင်းမြို့သို့ သွားမည်ဖြစ်သည်။

သြစတြီးယားနိုင်ငံမှ ဝန်ကြီးချုပ်ဆီဘက်ရှန်ကာ့လည်း ထိုထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်မည်ဖြစ်ပြီး ဂရိဝန်ကြီးချုပ် အလက်ဆစ်ဆီးပရက်လည်း အလားတူပင် ဖြစ်သည်။ လက်ရှိတွင် ဂရိနိုင်ငံသည် ဥရောပသမဂ္ဂနှင့် ဆက်ဆံရေးတွင် အကြွေးပဋိပက္ခက ထိပ်ဆုံးသို့ ရောက်ရှိနေချိန် တရုတ်နိုင်ငံဘက်သို့ ခြေဦးလှည့်လာခြင်း ဖြစ်သည်။

ပြင်သစ်၊ ဂျာမနီနှင့် တခြားဥရောပ နိုင်ငံများကမူ ထိပ်သီးဆွေးနွေးပွဲသို့ ဝန်ကြီးအဆင့်ကိုသာ စေလွှတ်မည်ဖြစ်သည်။ ထို့ကြောင့် တရုတ်နိုင်ငံအပေါ် ဥရောပနိုင်ငံများက ထားရှိသည့် သဘောထား ကွဲလွဲနေမှုသည် ဥရောပသမဂ္ဂအတွင်း သဘောထားကွဲလွဲမှု ဖြစ်သည်ဟု သံတမန်များက ပြင်းပြင်းထန်ထန် ဝေဖန်ထားသည်။

ပိုးလမ်းမသစ် စီမံကိန်းသည် ၎င်းတို့အနေဖြင့် မမြင်ရသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းဖြစ်ပြီး ထိုစီမံကိန်းကြောင့်ပင် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများကြား အလွန်တရာ ကြီးမားသော ရှုပ်ထွေးသည့် ဆက်ဆံရေးကို ဖြစ်ပေါ်စေမည်ဟု ဥရောပသမဂ္ဂ အကြီးတန်း သံတမန်တစ်ဦးက ဝန်ခံထားသည်။ ထို့ပြင်ယခု ပိုးလမ်းမသစ် စီမံကိန်းထိပ်သီး ဆွေးနွေးပွဲသည် ခက်ခဲသိမ်မွေ့သော ဥရောပ-တရုတ်ဆက်ဆံရေးကို ပေါ်လွင်စေမည် ဖြစ်သည်။

တရုတ်သမ္မတရှီကျင့်ဖျင်သည် မတ်လက ဥရောပဒေသသို့ ခရီးထွက်ခဲ့သည်။

အကြောင်းရင်းမှာ အီတလီနိုင်ငံသည် တရုတ်နိုင်ငံက ဖော်ဆောင်နေသော ပိုးလမ်းမသစ် စီမံကိန်းတွင် ပါဝင်လိုသည်ဟု ပြောလာခြင်းကြောင့်ဖြစ်သည်။ ထို့ကြောင့် အီတလီနိုင်ငံသည် ပိုးလမ်းမသစ် စီမံကိန်းတွင် ပါဝင်ရေး သဘောတူ လက်မှတ်ရေးထိုးသည့် ပထမဆုံးစက်မှုထိပ်သီး ခုနစ်နိုင်ငံ အဖွဲ့ဝင်နိုင်ငံ ဖြစ်လာသည်။ အလားတူ အီတလီနိုင်ငံ၏ သဘောထားသည် အမေရိကန်နိုင်ငံ အပါအဝင် ဥရောပနိုင်ငံ အများအပြားကိုပါ ဒေါသထွက်စေခဲ့သည်။

ယခုကဲ့သို့ အီတလီနိုင်ငံ၏ လုပ်ရပ်သည် ဥရောပသမဂ္ဂ တစ်ခုလုံးကို စိန်ခေါ်လိုက်သည်နှင့် အတူတူပင်ဖြစ်သည်ဟု လန်ဒန်မြို့ရှိ အရှေ့တိုင်းနှင့် အာဖရိကရေးရာ လေ့လာရေးကျောင်းမှ တရုတ်နိုင်ငံဆိုင်ရာ လေ့လာရေးအဖွဲ့ ညွှန်ကြားရေးမှူး စတီဖင်ဆန်းကပြောသည်။ အကယ်၍ ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံများအနက် တချို့နိုင်ငံများက ပိုးလမ်းမသစ် စီမံကိန်းတွင် ပါဝင်လိုပြီး သမဂ္ဂအပေါ် သို့မဟုတ် တခြားနိုင်ငံများအပေါ် ဖိအားပေးလာပါက ပျော်ရွှင်နေမည့် နိုင်ငံမှာ တရုတ်နိုင်ငံဖြစ်သည်ဟု ၎င်းကဆိုသည်။

ရှီကျင့်ဖျင်၏ အီတလီခရီးစဉ်ပြီးနောက် ချက်ချင်းဆိုသလိုပင် တရုတ်နိုင်ငံ၏ ဒုတိယခေါင်းဆောင်ဖြစ်သည့် လီခချန်က ဥရောပဒေသသို့ အလည်အပတ် ခရီးထွက်လာသည်။ ထိုခရီးစဉ်အတွင်း ဘရပ်ဆဲမြို့၌ ရောက်ရှိစဉ် တရုတ်နိုင်ငံ အနေဖြင့် ပိုမိုပွင့်လင်းသော စီးပွားရေးလမ်းကြောင်းကို ဖွင့်လှစ်ပေးရန် သဘောတူသည်ဟု ပါရှိသည့် ပူးတွဲကြေညာချက် တစ်ခုကို လက်မှတ်ရေးထိုးရန် လီခချန်က သဘောတူလိုက်သည်။ ထိုသဘောတူညီမှုက ၎င်းတို့အတွက် အောင်မြင်မှုဖြစ်သည်ဟု ဥရောပသမဂ္ဂ တာဝန်ရှိသူများက ကြွေးကြော်ကြသည်။ ထိုမတိုင်ခင်က တရုတ်နိုင်ငံသည် ဥရောပအတွက် ပြိုင်ဘက်နိုင်ငံ ဖြစ်သည်ဟုပင် ဥရောပ တာဝန်ရှိသူများက သတ်မှတ်ထားခြင်း ဖြစ်သည်။

ထို့နောက် လီခချန်သည် ခရိုအေးရှား နိုင်ငံ၌ ကျင်းပသည့် ၁၇+၁ ညီလာခံဟုခေါ်သော အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။ ထိုညီလာခံသည် ဥရောပသမဂ္ဂအဖွဲ့ဝင် ၁၂ နိုင်ငံအပြင် ဂရိနှင့်အနောက်ပိုင်း ဘော်ကန်နိုင်ငံ ငါးနိုင်ငံ၌ ရှိသည့် တရုတ်နိုင်ငံ၏ ပိုးလမ်းမသစ် စီမံကိန်းအတွက် စီးပွားရေး စင်္ကြံတစ်ခုဖြစ်သည်။ အကောင်အထည်ဖော်

ဆောင်မည့် စီမံကိန်းမှာ ဂရိနိုင်ငံရှိ တရုတ်နိုင်ငံပိုင် ပီရေးယက်ဆိပ်ကမ်းကို ဘော်ကန်နိုင်ငံများမှ တစ်ဆင့် ဥရောပ အလယ်ပိုင်းသို့ အခြေခံအဆောက်အအုံများဖြင့် ဆက်သွယ်မည့် စီမံကိန်း ဖြစ်သည်။ ထိုစီမံကိန်းအတွက် တရုတ်က ၎င်းတို့၏ ကုမ္ပဏီများနှင့် အလုပ်သမားများကို အများဆုံး စေလွှတ်ရမည် ဖြစ်သည်။

ထိုနိုင်ငံများသည် ဆင်းရဲပြီး ပြင်သစ်နှင့်ဂျာမနီကဲ့သို့ နိုင်ငံကြီးများ၏ နှစ်သက်မှုများအရ ဒုတိယ အတန်းအစား နိုင်ငံများအဖြစ်သာ သတ်မှတ်ခံရသည့်အတွက် ယခုကဲ့သို့ တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုကို ကြိုဆိုရခြင်း ဖြစ်ကြောင်း ဥရောပသမဂ္ဂ တာဝန်ရှိသူဟောင်း ဖိလစ်ပီလီဂရိန်းက ဆိုသည်။ ထို့ပြင် ပိုးလမ်းမသစ် စီမံကိန်းသည် ဒုတိယကမ္ဘာ စစ်ပြီးနောက် အမေရိကန်နိုင်ငံက ဖော်ဆောင်သည့် မာရှယ်ပလန် စီမံကိန်းကဲ့သို့ပင် ဥရောပကို နိုင်ငံရေးအရ လွှမ်းမိုးရန် ကြိုးပမ်းမှု ပါဝင်နေသည်ဟု ၎င်းကပြောသည်။

သို့သော် ပိုးလမ်းမသစ် စီမံကိန်းသည် နိုင်ငံရေး မပါဝင်သော စီးပွားရေး သက်သက်သာ ဖြစ်ကြောင်း တရုတ် တာဝန်ရှိသူများက အကြိမ်ကြိမ် ပြောဆိုခဲ့သည်။ အလားတူ ဥရောပသမဂ္ဂထက် တရုတ်နိုင်ငံမှ ကူညီထောက်ပံ့မှုကို လွယ်လင့်တကူ မျှော်လင့်နိုင်သည်ဟု အဆင်းရဲဆုံးသော ဥရောပနိုင်ငံ တစ်နိုင်ငံမှ တာဝန်ရှိသူ တစ်ဦးက အတိအလင်း ဝန်ခံထားသည်။

ထို့ကြောင့် ဥရောပသမဂ္ဂ အတွင်းရှိ နိုင်ငံအများစုမှာ ကျန်ဥရောပ နိုင်ငံကြီးများ၏ အဆင့်အတန်းခွဲခြား သတ်မှတ်မှု၊ အကူအညီများ လွယ်လင့်တကူမရမှု၊ ရင်းနှီးမြှုပ်နှံမှုများအတွက် ငွေကြေးမတတ်နိုင်မှု တို့ကြောင့် တရုတ်နိုင်ငံ၏ ပိုးလမ်းမသစ် စီမံကိန်းအပေါ် အားကိုးလာခြင်း ဖြစ်ကြောင်း သုံးသပ်ရသည်။ ထိုအချိန်တွင် ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံများကြား စိတ်ဝမ်းကွဲမှုများ ဖြစ်ပေါ်လာနေပြီး ပိုးလမ်းမသစ် စီမံကိန်းက ထိုစိတ်ဝမ်းကွဲမှု ပမာဏကို တိုင်းတာပေးနိုင်မည် ဖြစ်ကြောင်း ရေးသား တင်ပြလိုက်ရပါသည်။ ။ Ref: AFP

Read 107 times
Rate this item
(0 votes)
Last modified on Friday, 26 April 2019 10:32

Latest from