SJ WorldNews - шаблон joomla Авто

နျူကလီးယားအရေးတွင် အမေရိကန်နှင့် ပခုံးချင်းယှဉ်နိုင်ကြောင်း ပြသ လိုက်သည့် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်၏ ရုရှားခရီးစဉ်

Saturday, 27 April 2019 10:23 Written by  font size decrease font size decrease font size increase font size increase font size

ရုရှားနိုင်ငံ ဗလာဒီဗော့စတော့မြို့၌ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ကြား ကျင်းပခဲ့သော တွေ့ဆုံ ဆွေးနွေးပွဲသည် ရင်းနှီးဖော်ရွေမှုရှိသည့် တွေ့ဆုံပွဲတစ်ရပ် ဖြစ်သည့်အပြင် အမေရိကန် အစိုးရအတွက် နိုင်ငံရေးထိုးနှက်ချက် တစ်ရပ်အဖြစ် ထွက်ပေါ် လာသည်ကို တွေ့ရသည်။

သမ္မတပူတင်သည် ခေါင်းဆောင်ကင်နှင့် ပထမဆုံးအကြိမ်အဖြစ် ဧပြီ ၂၅ ရက်က တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး နှစ်နိုင်ငံဆက်ဆံရေး တိုးတက်လာစေရန် လုပ်ဆောင်မည့်အပြင် မပြီးဆုံးသေးသည့် ကိုရီးယားကျွန်းဆွယ် အရေးနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။

ရုရှားနိုင်ငံသည် မြောက်ကိုရီးယား၏ မဟာမိတ်နိုင်ငံတစ်နိုင်ငံအဖြစ် ကာလ ရှည်ကြာ ရပ်တည်နေသည့် နိုင်ငံတစ်နိုင်ငံလည်း ဖြစ်သည်။ ခေါင်းဆောင် နှစ်ဦး၏ အဆိုပါတွေ့ဆုံ ဆွေးနွေးမှုသည် မြောက်ကိုရီးယားနှင့် အမေရိကန် ပြည်ထောင်စုတို့ကြား သဘောတူညီချက် မချမှတ်နိုင်ဘဲ အဆုံးသတ်ခဲ့ရ သည့် ဒုတိယအကြိမ် ထိပ်သီး ဆွေးနွေးပွဲပြီးဆုံးပြီးနောက် နှစ်လအကြာတွင် ကျင်းပခြင်းဖြစ်သည်။

ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တော်၌ ဖေဖော်ဝါရီ ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် ကျင်းပခဲ့သည့် အဆိုပါ ဒုတိယအကြိမ် ဆွေးနွေးပွဲတွင် အမေရိကန် အစိုးရ သည် တစ်ဖက်သတ်ကျသည့် စိတ်သဘောထားအတိုင်း လုပ်ဆောင်သည် ဟု ခေါင်းဆောင်ကင်က သမ္မတပူတင်နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

ရုရှားနိုင်ငံသို့ ခေါင်းဆောင် ကင်လာရောက်လည်ပတ်ခြင်းသည် ၂ဝ၁၁ ခုနှစ် တွင် ၎င်းအာဏာရလာပြီးနောက် ပထမဆုံး အကြိမ်အဖြစ် လာရောက် လည်ပတ်ခြင်း ဖြစ်သည်။ ခေါင်းဆောင်ကင်သည် အကြောင်းအရာ အားလုံး နှင့်စပ်လျဉ်း၍ စကားပြောဆိုရာတွင် ပွင့်ပွင့်လင်းလင်း ပြောဆိုတတ်သူ တစ်ဦးဖြစ်ပြီး စိတ်ဝင်စားဖွယ်ကောင်းသူ တစ်ဦးဖြစ်သည်ဟု သမ္မတပူတင် က ခေါင်းဆောင်ကင်နှင့် တွေ့ဆုံဆွေးနွေးပြီး နောက်ပိုင်းတွင် ပြောကြားခဲ့ သည်။

ခေါင်းဆောင်နှစ်ဦး တွေ့ဆုံဆွေးနွေးရာတွင် နှစ်နိုင်ငံဆက်ဆံမှု တိုးတက် စေရေး၊ မြောက်ကိုရီးယားအပေါ် အမေရိကန် ပြည်ထောင်စုအပါအဝင် နိုင်ငံတကာက ချမှတ်ထားသည့် ပိတ်ဆို့မှုများ၊ မြောက်ကိုရီးယားနှင့် ရုရှား နိုင်ငံတို့၏ အမေရိကန်နှင့် ဆက်ဆံရေး၊ ကိုရီးယားကျွန်းဆွယ်ပေါ် နျူကလီး ယား ကင်းစင်ရေး ဆောင်ရွက်မှုများ စသည့် ကိစ္စရပ်များကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြသည်။

အလားတူ ရုရှားနိုင်ငံသို့ လာရောက်၍ တွေ့ဆုံဆွေးနွေးခွင့်၊ အကြောင်း ကိစ္စရပ် အတော်များများနှင့်ပတ်သက်၍ အမြင်ချင်း ဖလှယ်ခွင့်ပြုသည့် သမ္မတ ပူတင်အား ခေါင်းဆောင်ကင်က ကျေးဇူးတင်ကြောင်းနှင့် နှစ်နိုင်ငံ ကြား စေ့စပ်ဆွေးနွေးမှုများကို အပြုသဘောဆောင်စွာ ဆက်လက်လုပ် ဆောင်မည်ဟု ခေါင်းဆောင်ကင်က ထပ်လောင်း ပြောကြားသည်။

ထို့ပြင် မြောက်ကိုရီးယားသို့ လာရောက်လည်ပတ်ရန် သမ္မတပူတင်အား ခေါင်းဆောင်ကင်က ဖိတ်ကြားခဲ့သည်။ ခေါင်းဆောင်နှစ်ဦးကြား တွေ့ဆုံ ဆွေးနွေးမှုသည် အချိန်အားဖြင့် သုံးနာရီခွဲခန့် ကြာမြင့်ခဲ့ပြီး ယင်းတွေ့ဆုံ ဆွေးနွေးပွဲသည် တစ်နည်းအားဖြင့် နှစ်နိုင်ငံကြား ဆက်ဆံရေးကို ပိုမို တိုးတက်လာစေသည် ဟု သုံးသပ်မှုများ ထွက်ပေါ်လာသည်။

အထူးသဖြင့် အမေရိကန်ပြည်ထောင်စုနှင့် ဆွေးနွေးမှုများသည် သောင်မ တင် ရေမကျဖြစ်နေသည့် အချိန်တွင် ခေါင်းဆောင်ကင်က ရုရှားနိုင်ငံသို့ လာရောက်ပြီး အကြောင်းအရာ အတော်များများနှင့် စပ်လျဉ်း၍ ဆွေးနွေး ခဲ့ခြင်းသည် ရုရှားနိုင်ငံကို ကမ္ဘာ့ဇာတ်ခုံပေါ်တွင် နိုင်ငံရေးအရ မျက်နှာပန်း လှစေရုံသာမက အမေရိကန်ပြည်ထောင်စုနှင့်ပါ ပခုံးချင်းယှဉ်နိုင်သည့် အခြေ အနေရှိသည်ကို လက်တွေ့ပြသနိုင်ခဲ့သည်ဟု ဆိုနိုင်သည်။

ရုရှားနိုင်ငံသို့ ခေါင်းဆောင်ကင် လာရောက်လည်ပတ်ခြင်းသည် ကိုရီးယား ကျွန်းဆွယ် အရေးကို မည်သို့ဖြေရှင်းရမည်၊ ရုရှားအစိုးရအနေဖြင့် မည်သို့ အပြုသဘောဆောင်စွာ အထောက်အကူ ပြုနိုင်သည်ဟူသော အချက်ကို ပိုမိုနားလည် သဘောပေါက်စေရန် အထောက်အကူ ပြုမည်ဖြစ်ကြောင်း သမ္မတပူတင်က နောက်ပိုင်းတွင် မီဒီယာများအား ပြောကြားခဲ့သည်။

ထို့ပြင် တောင်ကိုရီးယားနှင့် မြောက်ကိုရီးယား နှစ်နိုင်ငံကြား တွေ့ဆုံ ဆွေးနွေးပွဲများ ကျင်းပနိုင်ရေးနှင့် မြောက်ကိုရီးယား အမေရိကန် ဆက်ဆံ ရေးပုံမှန်ပြန်လည် တည်ထောင်ရေး ကြိုးပမ်း လုပ်ဆောင်မှုများကို ရုရှား အစိုးရက ကြိုဆိုကြောင်း သမ္မတ ပူတင်က ဆက်လက် ပြောကြားခဲ့သည်။

မကြာသေးမီက ဗီယက်နမ်နိုင်ငံ၌ ကျင်းပသည့် ထိပ်သီးဆွေးနွေးပွဲတွင် အမေရိကန် အစိုးရက တစ်ဖက်သတ် သဘောထားဖြင့် လုပ်ဆောင်ခဲ့ခြင်း ကြောင့် ကိုရီးယား ကျွန်းဆွယ်နှင့် ဒေသတွင်း အခြေအနေများသည် ယခု အခါ ရှေ့မတိုး နောက်မဆုတ်သာ အခြေအနေသို့ ရောက်ရှိခဲ့ရပြီး အခြေ အနေများ အားလုံး မူလအနေအထားသို့ ပြန်လည် ရောက်ရှိမည့် အလား အလာရှိနေကြောင်း၊ အနာဂတ်ဖြစ်ပေါ်လာနိုင်သည့် အခြေအနေသည် အမေရိကန် အစိုးရ၏ သဘောထားအပေါ်တွင် မူတည်နေကြောင်း ခေါင်းဆောင်ကင်က ထပ်လောင်း ပြောကြားသည်။

ကမ္ဘာ့နိုင်ငံများသည် လက်ရှိတွင် ကိုရီးယား ကျွန်းဆွယ်အရေးကို အာရုံစိုက် လျက်ရှိရာ မိမိတို့အနေဖြင့် ကိုရီးယား ကျွန်းဆွယ်ပေါ် ရှိမူဝါဒများကို အတူ တကွ ပူးပေါင်းကာ ပြန်လည်သုံးသပ်မည်ဖြစ်ပြီး မိမိတို့၏ အမြင်များအပေါ် စေ့စပ်ညှိနှိုင်းရန်နှင့် ဝေမျှရန် ဆွေးနွေးမှုများ လုပ်ဆောင်မည်ဟု ခေါင်း ဆောင်ကင်က ဆက်လက် ပြောကြားခဲ့သည်။ ထို့ပြင် မိမိ၏အလည် အပတ် ခရီးစဉ်သည် မြောက်ကိုရီးယားနှင့် ရုရှားဆက်ဆံရေးကို ပိုမိုတိုးတက် ကောင်းမွန် လာစေရန် အထောက်အကူပြုမည် ဖြစ်ကြောင်းနှင့် မြောက်ကိုရီး ယားအစိုးရ အနေဖြင့် ကိုရီးယားကျွန်းဆွယ် အရေးကို ဖြေရှင်းရာတွင် ရုရှားနှင့် ညှိနှိုင်းလုပ်ဆောင်မည်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်ကို တွေ့ရသည်။

ခေါင်းဆောင်ကင်နှင့် သမ္မတပူတင်တို့ကြား ယခုကျင်းပသည့် တွေ့ဆုံ ဆွေးနွေးပွဲသည် မြောက်ကိုရီးယားနိုင်ငံကို ရုရှားအစိုးရထံမှ ထောက်ခံမှု ရရှိစေရန် အခွင့်အလမ်း ရရှိစေမည့် အလားအလာ ထွက်ပေါ်လာစေခဲ့ပြီး အထူးသဖြင့် မြောက်ကိုရီးယားအနေဖြင့် ၎င်းတို့ အပေါ်ချမှတ်ထားသည့် ပိတ်ဆို့မှုများကြောင့် တိုးတက်မှုနှေးကွေးနေသည့် နိုင်ငံ၏ စီးပွားရေး အတွက်လည်း အထောက်အကူ ဖြစ်စေနိုင်သည့်အလား ရှိနေသည်။

မြောက်ကိုရီးယား အစိုးရသည် ပိတ်ဆို့မှုများ ဖယ်ရှားရေး မျှော်လင့်ချက်ဖြင့် နျူကလီးယားနှင့် ဒုံးကျည်စမ်းသပ်မှုများကို ရပ်တန့်ပစ်ရုံသာမက နိုင်ငံ အတွင်းရှိ အထင်ကရ နျူကလီးယား အဆောက်အအုံကို ပိတ်ပစ်ခဲ့သည်။

ထို့ကြောင့် ဟနွိုင်းမြို့၌ကျင်းပခဲ့သည့် ဒုတိယအကြိမ် ထိပ်သီးဆွေးနွေးပွဲ၌ နိုင်ငံ၏ စီးပွားရေးတိုးတက်မှုအတွက် အဟန့်အတား ဖြစ်နေသည့် ပိတ်ဆို့မှု များကို ဖယ်ရှားပေးရန် ခေါင်းဆောင်ကင်က အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်အား မျှော်လင့်တကြီး တောင်းဆိုခဲ့ခြင်း ဖြစ်သည်။ သို့သော် မှန်းချက်နှင့် နှမ်းထွက်မကိုက်ခဲ့ပေ။ မြောက်ကိုရီးယား၏ နျူကလီးယား ကင်းစင်ရေး လုပ်ဆောင်ချက်များသည် စိတ်ကျေနပ်လောက်ဖွယ် မရှိသေး ဟု အမေရိကန်ကရှုမြင်ပြီး ခေါင်းဆောင်ကင်၏ တောင်းဆိုချက်ကို ငြင်းဆန် ခဲ့ရာမှ နှစ်နိုင်ငံကြား ဆွေးနွေးမှုများ ရပ်တန့်သွားခြင်း ဖြစ်သည်။

သို့သော် ခေါင်းဆောင်ကင်၏ ယခုသွားရောက်ခဲ့သည့် ရုရှားနိုင်ငံ ခရီးစဉ် သည် မြောက်ကိုရီးယား၏ နျူကလီးယား အစီအစဉ်နှင့် ပတ်သက်၍ ဖြေရှင်း ရာတွင် အမေရိကန် ပြည်ထောင်စုသည် ကမ္ဘာပေါ်၌ တစ်နိုင်ငံတည်းသော အင်အားကြီးနိုင်ငံ မဟုတ်ကြောင်း ပြသခြင်းဖြစ်သလို တခြား တစ်ဖက်တွင် လည်း ရုရှားနိုင်ငံသည် ဒေသတွင်းသာမက ကမ္ဘာ့ရေးရာ ကိစ္စရပ်များတွင် အမေရိကန်နှင့် ပခုံးချင်းယှဉ်နိုင်သည့် အနေအထားတွင် ရှိနေကြောင်းကို ပြသလိုက်ခြင်း ဖြစ်သည်ဟု ဆိုနိုင်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။

ဇေယျဘုန်း

Ref: Sputnik, Reuters

Read 148 times
Rate this item
(0 votes)
Last modified on Saturday, 27 April 2019 10:25

Latest from ကေတု