SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

ဂျိုကိုဝီဒိုဒို ဒုတိယ သက်တမ်းအတွက် ရွေးကောက်ပွဲ နိုင်ခဲ့လျှင် မဖြစ်မနေ ဆောင်ရွက်ရမည့် ကိစ္စများ

Monday, 29 April 2019 09:53 Written by  font size decrease font size decrease font size increase font size increase font size

အင်ဒိုနီးရှား နိုင်ငံ၏ အထွေထွေ ရွေးကောက်ပွဲကို ဧပြီ ၁၇ ရက်တွင် ကျင်းပပြီးစီးခဲ့ပြီ ဖြစ်သည်။ အတည်မပြုနိုင်သေးသော ရွေးကောက်ပွဲ ရလဒ်များအရ လက်ရှိသမ္မတဂျိုကိုဝီဒိုဒိုက အနိုင်ရရှိနိုင်ခြေ ပိုများနေသည်။ ၂ဝ၁၄ ခုနှစ်ရွေးကောက်ပွဲ တွင်လည်း ဂျိုကိုဝီဒိုဒိုက လက်ရှိပြိုင်ဘက် ဖြစ်သည့် ပရာဘိုဝိုဆူဘီအန်တိုကို အနိုင်ရပြီး သမ္မတ ဖြစ်လာခြင်း ဖြစ်သည်။

ယခုတစ်ကြိမ်သမ္မတ ဖြစ်လာလျှင် ဂျိုကိုဝီဒိုဒို အနေဖြင့် ရင်ဆိုင်ရမည့် စိန်ခေါ်မှုများစွာရှိသည်။ အမေရိကန်-တရုတ်ကုန်သွယ်ရေး တင်းမာမှုများကြောင့် ဖြစ်ပေါ်လာသည့် စီးပွားရေးစိန်ခေါ်မှု၊ တော်လှန်ရေးဝါဒီ၏ ခြိမ်းခြောက်မှု၊ မြင့်တက်လာသော အစွန်းရောက်မှု၊ ဖြစ်ပေါ်လာနိုင်သည့် ဒေသတွင်း နိုင်ငံရေး ပဋိပက္ခများက ဂျိုကိုဝီဒိုဒို ရင်ဆိုင်ကိုင်တွယ် ဖြေရှင်းရမည့် အရာများ ဖြစ်သည်။

ပထမဆုံး တွေ့ကြုံရမည့် အခက်အခဲမှာ အစိုးရ အဖွဲ့အသစ်ဖွဲ့စည်းခြင်း ဖြစ်သည်။ ထိုသို့ အစိုးရအဖွဲ့အသစ် ဖွဲ့စည်းမှုတွင် ဂျိုကိုဝီဒိုဒိုက သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုပြီးနောက် အောက်တိုဘာလတွင် လုပ်ဆောင်ဖွယ်ရှိသည်။ ဂျိုကိုဝီဒိုဒို အနေဖြင့် ၎င်း၏ ပထမသက်တမ်းတွင် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ပြောင်းလဲခန့်အပ်မှုကို လေးကြိမ် လုပ်ဆောင်ခဲ့ရသည်။ အကြောင်းရင်းမှာ ထိုဝန်ကြီးများ အနေဖြင့် စွမ်းဆောင်ရည် နည်းပါးခြင်းမှသည် နိုင်ငံရေး အခြေအနေများအထိ ဖြစ်သည်။

အကယ်၍ ၎င်းအနေဖြင့် ဒုတိယ သက်တမ်းကို ဆက်လက် ထမ်းဆောင်ရမည် ဆိုပါက ထိုသို့ ထမ်းဆောင်ရခြင်းသည် ပြည်သူလူထုထံမှ ခိုင်မာမှုရှိသော ထောက်ခံမှုကို ရရှိခြင်း ဖြစ်နိုင်သည်။ လက်ရှိရွေးကောက်ပွဲ ခန့်မှန်းသူများ၏ ထုတ်ပြန်

ချက်အရ ဂျိုကိုဝီဒိုဒိုက သမ္မတအဖြစ် ထပ်မံရွေးကောက်ခံရရန် ၉ ရာခိုင်နှုန်း သာလွန်နေပြီး ၂ဝ၁၄ ခုနှစ် ရွေးကောက်ပွဲတွင် ၆ ရာခိုင်နှုန်းသာ သာလွန်ခဲ့သည်။ ထို့ကြောင့် ၎င်း၏ ယခင်ခေါင်းဆောင်မှု အတွေ့အကြုံပေါ် မူတည်၍ အင်ဒိုနီးရှား နိုင်ငံအတွက် အနာဂတ်မူဝါဒ ကောင်းများ အကောင်အထည် ပေါ်လာစေရေး သက်ဆိုင်ရာ နယ်ပယ်၌ ကျွမ်းကျင်မှုရှိသူများကိုသာ ဝန်ကြီးများအဖြစ် ခန့်အပ်ဖွယ်ရှိသည်။

ဂျိုကိုဝီဒိုဒိုသည် ပါတီခေါင်းဆောင်များ၏ ဖိအားပေးမှုကို လွန်ဆန်နိုင်မည် မဟုတ်ပေ။ ထိုပါတီခေါင်းဆောင်များက နိုင်ငံရေးအရ ၎င်းတို့ စိတ်ကြိုက် ရွေးချယ်ထားသူများကို ဝန်ကြီးများအဖြစ် အဆိုပြု လာဖွယ်ရှိသည်။ ထို့ကြောင့် အဓိကကျသော ဝန်ကြီးရာထူးတချို့ကို ချန်လှပ်ကာ ကျန်ဝန်ကြီးရာထူးများ အတွက်သာ စဉ်းစားရမည်ဖြစ်သည်။ သို့သော် မဟာဗျူဟာအရ အရေးကြီးသည့် ဘဏ္ဍာရေး၊ စီးပွားရေးနှင့် စွမ်းအင်နေရာများကို ကျွမ်းကျင်မှု ရှိသည့် သူများကိုသာ ခန့်အပ်ဖွယ်ရှိသည်။

ဒုတိယမြောက်စိန်ခေါ်မှုမှာ စီးပွားရေး တိုးတက်အောင် လုပ်ဆောင်ရန် ဖြစ်သည်။

၂ဝ၁၄ ခုနှစ်က သမ္မတအဖြစ် စတင်တာဝန်ယူစဉ် နိုင်ငံစီးပွားရေးကို ၇ ရာခိုင်နှုန်း အထိ တိုးမြင့်လာအောင် လုပ်ဆောင်မည်ဟု ကတိပြုခဲ့သော်လည်း ၎င်း၏ သက်တမ်းတစ်လျှောက်တွင် ၅ ရာခိုင်နှုန်း ဝန်းကျင်၌သာ ရှိခဲ့သည်။

စီးပွားရေး တိုးတက်မှုမှာ ရည်မှန်းထားသလောက် ဖြစ်မလာသော်လည်း နိုင်ငံ၏ ဆင်းရဲမှုနှုန်းကို ၁ဝ ရာခိုင်နှုန်း အောက်လျှော့ချနိုင်ခဲ့သည်။ ထိုသို့ လျှော့ချနိုင်ခြင်းသည် အင်ဒိုနီးရှား နိုင်ငံသမိုင်းတွင် ပထမဆုံး ဖြစ်သည်။ ထို့ပြင် ကုန်ဈေးနှုန်းများကို ကျဆင်းအောင် ဆောင်ရွက်ပေးနိုင်ပြီး အလုပ်အကိုင် အခွင့်အလမ်း များစွာကိုလည်း ဖန်တီးပေးနိုင်ခဲ့သည်။ လက်ရှိအစိုးရ အဖွဲ့မှ ရည်မှန်းချက်မှာ စီးပွားရေးကို ၅ ဒသမ ၃ ရာခိုင်နှုန်း တိုးမြင့်စေရန် ဖြစ်သည်။ ထိုပမာဏသည် အရှေ့တောင်အာရှ၌ စီးပွားရေး အင်အားအကြီးဆုံး အင်ဒိုနီးရှား နိုင်ငံအတွက် အလွယ်တကူ ရရှိနိုင်သော ပမာဏဖြစ်သည်ဟု လေ့လာသူများက သုံးသပ်ထားသည်။

ထို့ကြောင့် ဂျိုကိုဝီဒိုဒိုသည် အမေရိကန်တရုတ်ကုန်သွယ်ရေး တင်းမာမှုများနှင့် တစ်ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးနေခြင်းစသော ပြင်ပမှ အနှောင့်အယှက်များ ရှိနေသည့်ကြားမှ နိုင်ငံ၏ စီးပွားရေး တိုးတက်မှု ရရှိစေရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်ရမည် ဖြစ်သည်။ ထို့ပြင် ဘဏ္ဍာရေးလိုငွေနှင့် စာရင်းရှင်အပ်ငွေ လိုငွေပြနေမှုတို့ကို ထိန်းချုပ်ရမည် ဖြစ်သည်။ ထိုသို့ လိုငွေပြနေမှုများသည် ရင်းနှီးမြှုပ်နှံသူများ၏ သဘောထားများနှင့် ငွေကြေးတည်ငြိမ်မှု တို့အပေါ် အကျိုးသက်ရောက်စေသည်။

ယင်းသို့ ထိန်းချုပ်နိုင်ရန် လောင်စာဆီ တင်သွင်းမှုကို ကန့်သတ်ခြင်းနှင့် ပြည်ပပို့ ကုန်တင်ပို့မှုကို တိုးမြှင့်ခြင်းကဲ့သို့ ဆောင်ရွက်ချက်များကို လုပ်ဆောင်ရုံဖြင့် ရရှိနိုင်သည်ဟု စီးပွားရေး ပညာရှင်များက အကြံပြုထားသည်။

ဂျိုကိုဝီဒိုဒိုသည် ၎င်း၏ ပထမသမ္မတ သက်တမ်းတွင် စက်မှုလုပ်ငန်း၌ ကျွမ်းကျင်လုပ်သား ရှားပါးမှုကို ဖြည့်ဆည်းပေးရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိစေရန် ရည်ရွယ်၍ အသက်မွေးမှု သင်တန်းများကို တိုးမြှင့် ဖွင့်လှစ်ပေးရန် ကြိုးပမ်းခဲ့သည်။

သမ္မတတာဝန်ထပ်မံ ထမ်းဆောင်ရပါက သန်း ၂၆ဝ ရှိသော နိုင်ငံ၏ လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရန် အဓိက ဦးစားပေး လုပ်ဆောင်မည်ဟု ၎င်းက ကတိပြုထားသည်။

အထူးသဖြင့် ပညာရေးနှင့် လေ့ကျင့်ရေးတို့တွင် ငွေလုံးငွေရင်းများ သုံးစွဲခြင်းဖြင့် လုပ်ဆောင်မည်ဖြစ်သည်။ ထိုသို့ ဆောင်ရွက်ခြင်းသည် ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်ရန်နှင့် သန်းပေါင်းများစွာသော အလုပ်အကိုင် အခွင့်အလမ်းများကို ဖန်တီးပေးရန် အရေးပါလာမည် ဖြစ်သည်။

ဂျိုကိုဝီဒိုဒို ဖြေရှင်းရမည့် တတိယပုစ္ဆာ တစ်ခုမှာ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှု မှတစ်ဆင့် နိုင်ငံတွင်း ချိတ်ဆက်နိုင်မှုကို မြှင့်တင်ခြင်း ဖြစ်သည်။ ကျွန်းပေါင်း ၁၇ဝဝဝ ကျော်ရှိသည့် အင်ဒိုနီးရှား တစ်နိုင်ငံလုံးကို ချိတ်ဆက်နိုင်ရန် စံချိန်တင် အသုံးစရိတ် အမေရိကန်ဒေါ်လာ ၃၅ဝ ဘီလီယံကို ၎င်း၏ပထမ သမ္မတသက်တမ်းတွင် သုံးစွဲပြီး အခြေခံ အဆောက်အအုံများကို ဆောက်လုပ်ခဲ့သည်။ ထိုစီမံကိန်းကြီးများအနက် ဂျာဗားပြည်နယ် ဖြတ်ကျော် လမ်းမကြီးနှင့် အင်ဒိုနီးရှား နိုင်ငံ၏ ပထမဆုံးသော မြေအောက်မီးရထား စီမံကိန်းကဲ့သို့ အဓိကကျသည့် စီမံကိန်းများတွင် အောင်မြင်မှုများ ရရှိခဲ့သည်။ သို့သော် ဂျကာတာ - ဘန်ဒန်းမြန်နှုန်းမြင့် မီးရထား လမ်းကွန်ရက်နှင့် ဂျကာတာ-ဆူရာဘာယာ အမြန်သွားမီးရထားလမ်း ကွန်ရက်တို့ အပါအဝင် မပြီးမြောက်သေးသည့် တခြားစီမံကိန်း များစွာ ကျန်ရှိနေသေးသည်။

၎င်း၏ ပထမသက်တမ်းတွင် စတင်ခဲ့သော စီမံကိန်းများ ပြီးစီးမှုနှင့် အရေးကြီးသော အခြေခံ အဆောက်အအုံ စီမံကိန်း အများအပြားကို ဆောင်ရွက်ခြင်းသည် ဂျိုကိုဝီဒိုဒို၏ ဒုတိယသက်တမ်းအတွင်း အဓိက စိန်ခေါ်မှုများတွင် ပါဝင်လာမည် ဖြစ်သည်။ ထိုစိန်ခေါ်မှုများတွင် ရင်းနှီးမြှုပ်နှံမှုအတွက် ပြည်ပမှ ဝင်ရောက် လာနိုင်သော်လည်း လုပ်ငန်း ဆောင်ရွက်မှုအတွက် ပြည်တွင်းကုမ္ပဏီများကို ငှားရမ်းခြင်း၊ နိုင်ငံပိုင်ကုမ္ပဏီများကို ငှားရမ်းခြင်းများ ပါဝင်မည် ဖြစ်သည်။ ထိုမှတစ်ဆင့် ဖြစ်ပေါ်လာသော ကာယလုပ်အား သုံးစီမံကိန်းများကြောင့် နိုင်ငံအတွင်း၌ အလုပ်အကိုင် အခွင့်အလမ်းပေါင်းများစွာ ထွက်ပေါ်လာမည် ဖြစ်သည်။

စတုတ္ထမြောက်ပုစ္ဆာမှာ အင်ဒိုနီးရှား နိုင်ငံကို ဘေးကင်းစိတ်ချရမှု ရှိသည့် နိုင်ငံအဖြစ် ဖန်တီးရေး ဖြစ်သည်။ ပြီးခဲ့သည့်နှစ် မေလ၌ဖြစ်ပွားသော ခရစ်ယာန်ဘုရားကျောင်းသုံးခု၌ ဗုံးခွဲမှုနှင့် ဆူရာဘာယာ ရဲဌာနချုပ်တို့ တိုက်ခိုက်ခံရမှုသည် အင်ဒိုနီးရှားနိုင်ငံ၌ အကြမ်းဖက်ဝါဒ မြင့်တက်လာမှုအပေါ် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်စေသည်။ အကြမ်းဖက်သမား များသည် အသေခံ ဗုံးခွဲ တိုက်ခိုက်မှုများ လုပ်ဆောင်ရာတွင် ၎င်းတို့၏ ဇနီးများနှင့် သားသမီးများကို အသုံးချလာကြသည်။

တရားခံများသည်လည်း IS  စစ်သွေးကြွ အဖွဲ့ကို သစ္စာခံသည့် ဒေသတွင်းရှိ အကြမ်းဖက် အဖွဲ့များသို့ ဆက်သွယ်လာကြသည်။

ထို့ကြောင့် အင်ဒိုနီးရှားနိုင်ငံကို ဘေးကင်း စိတ်ချရမှုရှိသော နိုင်ငံအဖြစ် ပြန်လည်ပုံဖော်ရေးသည် ဂျိုကိုဝီဒိုဒိုအတွက် ကြီးမားသော စိန်ခေါ်မှုများအနက် တစ်ခုအပါအဝင် ဖြစ်နေခြင်း ဖြစ်သည်။

ထိုစိန်ခေါ်မှုကို ဖြေရှင်းရာတွင် ဂျိုကိုဝီဒိုဒိုက ၎င်း၏ ဒုတိယသမ္မတ သက်တမ်းအတွင်း အကြမ်းဖက်မှု တိုက်ဖျက်ရေးကို ပိုမိုထိရောက်စွာ လုပ်ဆောင်နိုင်ရေးအတွက် ရဲတပ်ဖွဲ့ကို ငွေကြေးထောက်ပံ့မှု တိုးမြှင့်ပေးဖွယ်ရှိသည်။ လက်ရှိတွင် အင်ဒိုနီးရှား နိုင်ငံအနေဖြင့် အကြမ်းဖက်မှု တိုက်ဖျက်ရာ၌ ဒေသတွင်းနှင့် နိုင်ငံတကာပူးပေါင်း ဆောင်ရွက်မှုတို့ကို တိုးမြှင့်ရန် လိုအပ်နေသည်။ ထိုသို့ အကြမ်းဖက်မှုကို တိုက်ဖျက်ရန် အာဆီယံဒေသတွင်း နိုင်ငံများ အပါအဝင် တရုတ်၊ ရုရှား၊ သြစတြေးလျနှင့် အမေရိကန် နိုင်ငံစသည့် တခြားနိုင်ငံများနှင့် ပူးပေါင်းသွားရန် ဂျိုကိုဝီဒိုဒိုက ကတိပြုထားသည်။

ဂျိုကိုဝီဒိုဒိုသာ ဒုတိယသက်တမ်းတွင် သမ္မတအဖြစ် ဆက်လက်ထမ်းဆောင်ရမည် ဆိုလျှင် ရင်ဆိုင်ရမည့် စိန်ခေါ်မှုများမှာ ၎င်းအနေဖြင့် ပထမ သက်တမ်းတွင် အစပျိုးပြီးသည့် အရာများ ဖြစ်သည်ကို တွေ့ရသည်။ ထို့ကြောင့် အဆိုပါ စိန်ခေါ်မှုများသည် ဂျိုကိုဝီဒိုဒိုအတွက် မစိမ်းလှသော ကိစ္စများ ဖြစ်သောကြောင့် ထိုစိန်ခေါ်မှုများကို အလွယ်တကူ ကျော်ဖြတ်နိုင်ဖွယ် ရှိကြောင်း ရေးသား တင်ပြလိုက်ရပါသည်။ ။

မင်းခန့်တင်

Ref: The Straits Times

Read 85 times
Rate this item
(0 votes)
Last modified on Monday, 29 April 2019 09:53

Latest from