SJ WorldNews - шаблон joomla Авто

အီရန်နှင့်စစ်ဖြစ်ပွားမှုကို ရှောင်ရှားရန်မျှော်လင့်နေသည့် သမ္မတဒေါ်နယ်ထရမ့်

Sunday, 19 May 2019 10:08 Written by  font size decrease font size decrease font size increase font size increase font size

အမေရိကန်အစိုးရက အရှေ့အလယ်ပိုင်း ဒေသသို့ လေယာဉ်တင် သင်္ဘောအပါအဝင် ဗုံးကြဲလေယာဉ်များ ပို့ဆောင်ထားသော်လည်း အမေရိကန်ပြည်ထောင်စုအနေဖြင့် အီရန်နှင့် စစ်ဖြစ်ပွားမည် မဟုတ်ကြောင်း မျှော်လင့်သည်ဟု သမ္မတဒေါ်နယ်ထရမ့် ကပြောကြားလိုက်သည်။ အီရန်သည် အရှေ့ အလယ်ပိုင်းရှိ အမေရိကန် ပြည်ထောင်စု နှင့် မဟာမိတ်နိုင်ငံများ၏ အကျိုးစီးပွားအပေါ် တိုက်ခိုက်လာသည်ဟူသော အကြောင်း ပြချက်ဖြင့် စစ်အင်အား တိုးမြှင့်ထားပြီးနောက် အီရန်နှင့်စစ်ရေးအရ ထိပ်တိုက် ရင်ဆိုင် ရမည့် ဘေးအန္တရာယ်နှင့် တွေ့ကြုံရမည်ကို ထရမ့်က စိုးရိမ်နေဖွယ်ရှိသည်။

ထို့ကြောင့် အီရန်နှင့် ထိပ်တိုက်ရင်ဆိုင်ရမည့် အခြေအနေများကို ဖန်တီးခဲ့သည့် အမေရိကန် အမျိုးသား လုံခြုံရေး အကြံပေး ဂျွန်ဘော်တန်၊ နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုနှင့် အစိုးရအဖွဲ့အတွင်းရှိ အီရန် ဆန့်ကျင်ရေး အမြင်ရှိသည့် အမေရိကန် အရာရှိများအား ထရမ့်က ဒေါသထွက်လျက်ရှိသည်ဟူသော သတင်းများ ထွက်ပေါ် လျက်ရှိသည်။ ထရမ့်အနေဖြင့် အီရန်၏ နျူကလီးယား အန္တရာယ် တားဆီးနိုင်ရေး အတွက် ယင်းနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့မှုများ ချမှတ်၍ ဖိအားပေးနေသော်လည်း စစ်ဖြစ်ပွားမည်ကို လိုလားခြင်းမရှိပေ။

တစ်ချိန်တည်းမှာပင် အီရန်အနေဖြင့် ဒေသတွင်းရှိ အမေရိကန်၏ အကျိုးစီးပွားကို တိုက်ခိုက်လာပြီး နျူကလီးယား အစီအစဉ်ကို တိုးမြှင့်လာပါက တားဆီးနိုင်ရေးအတွက် အမေရိကန်စစ်သည် ၁၂ဝဝဝဝ ခန့်အား အရှေ့အလယ်ပိုင်းသို့ ဖြန့်ကြက်မည့် အစီ အစဉ်တစ်ရပ်ကို အမေရိကန် ယာယီကာကွယ်ရေးဝန်ကြီး ပက်ထရစ်ရှာနာဟန်က စီစဉ် လျက်ရှိဟု The New York Times သတင်းစာ၌ ပြီးခဲ့သည့်ရက် သတ္တပတ်အတွင်းက ဖော်ပြခဲ့သည်။

အမေရိကန်စစ်ဘက်သည် အရှေ့အလယ်ပိုင်းရှိ နိုင်ငံ၏ အကျိုးစီးပွားအပေါ် ကျရောက် လာသည့် အီရန်၏ ခြိမ်းခြောက်မှုများကို တန်ပြန်ရန် လေယာဉ်တင်သင်္ဘော တစ်စင်း နှင့် B-52 အမျိုးအစား ဗုံးကြဲ လေယာဉ်များကို အဆိုပါဒေသသို့ ပို့ဆောင်ခဲ့ပြီး ဖြစ်သည်။ အီရန်နိုင်ငံက ဒေသတွင်းရှိ အမေရိကန်၏ အကျိုးစီးပွားအပေါ် တိုက်ခိုက် လာနိုင်သည်ဟူသော ထောက်လှမ်းရေး သတင်းများကြောင့် အမေရိကန်က ယခုကဲ့သို့ စစ်လက်နက်များကို အရှေ့အလယ်ပိုင်း ဒေသ၌ ဖြန့်ကြက်ရခြင်းဖြစ်သည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက မေ ၁၃ ရက်တွင် CNBC ရုပ်သံနှင့် ပြုလုပ်သည့် တွေ့ဆုံမေးမြန်းခန်းတစ်ခု၌ အကြောင်းပြချက်ပေး၍ ပြောကြားခဲ့သည်။

ထို့ကြောင့် အမေရိကန်အနေဖြင့် ယင်းဒေသသို့ စစ်သည်များ ထပ်မံပို့ဆောင်မည်ဆိုပါ က နှစ်နိုင်ငံကြားရှိ တင်းမာမှုများ အဆမတန် မြင့်တက်လာနိုင်ကြောင်း ထရမ့်က သဘောပေါက် နားလည်ထားဖွယ်ရှိသည်။ ဆီးရီးယား၊ အီရတ်၊ လက် ဘနွန်နှင့် ယီမင် နိုင်ငံတို့၌ အီရန်က ကိုယ်စား စစ်ပွဲဆင်နွှဲနေခြင်းကို အဆုံးသတ်ရေးနှင့် နျူကလီးယား နှင့် ဒုံးကျည်အစီအစဉ်ကို လျှော့ချစေရေး ဖိအားပေးသည့် အနေဖြင့် ထရမ့်က အီရန်အပေါ် စီးပွားရေး ပိတ်ဆို့မှုများ ချမှတ်ခဲ့သော်လည်း စစ်ရေးအရတင်းမာခြင်းကို ရှောင်ရှားလိုသည်ဟု နီးစပ်သူများ ကပြောသည်။

သို့သော် အရှေ့အလယ်ပိုင်းဒေသသို့ အမေရိကန်က လက်နက်ခဲယမ်းများ ပေးပို့ လိုက်ခြင်းနှင့် စပ်လျဉ်း၍ အီရန်၏ အမြင်မှာ တစ်မျိုးဖြစ်နေသည်ကို တွေ့ရမည်ဖြစ် သည်။ ဒေသတွင်း၌ အမေရိကန်က ၎င်းတို့ လက်နက်ပစ္စည်းများကို ပို့ဆောင်လိုက်ခြင်း သည် အီရန်အတွက် ခြိမ်းခြောက်မှု မဟုတ်ဘဲ ပစ်မှတ်တစ်ခုသာ ဖြစ်သည်ဟု အီရန် အရာရှိများက ရှုမြင်လျက်ရှိသည်။

အနည်းဆုံး လေယာဉ်အစင်း ၄ဝ မှ ၅ဝ အထိပါဝင်ပြီး စစ်သည် ၆ဝဝဝ လိုက်ပါလာ သည့် အမေရိကန် လေယာဉ်တင် သင်္ဘောတစ်စင်းသည် ယခင်က အီရန်အတွက် အလွန်ကြီးမားသည့် ခြိမ်းခြောက်မှု တစ်ရပ်အဖြစ် ရှိခဲ့သော်လည်း ယခုအခါ ပစ်မှတ် တစ်ခုသာဖြစ်ကြောင်း၊ အကယ်၍ အမေရိကန်စစ်ဘက်က စစ်ရေးအရ လှုပ်ရှားမှု တစ်ခုခု လုပ်ဆောင်မည်ဆိုပါက အီရန်က တိုက်ခိုက်မည်ဖြစ်ကြောင်း တော်လှန် ရေးအစောင့်တပ်ဖွဲ့ လေကြောင်းတပ်ဖွဲ့မှ တပ်မှူး အာမီရာလီဟာဂျီဇာဒေးက ပြီးခဲ့ သည့် ရက်သတ္တပတ်အတွင်းက တုံ့ပြန်ပြောကြားခဲ့သည်။

ထို့ပြင် အမေရိကန်စစ်ဘက်သည် ယခုအခါ အရှေ့အလယ်ပိုင်း ဒေသ၌ စိတ် ဓာတ်စစ်ဆင်ရေးစစ်ပွဲကို စတင်ဆင်နွှဲ လျက်ရှိကြောင်း အီရန်ရေတပ်မှ တပ်မှူး ဗိုလ်ချုပ် ဟော့စိန်ခန်ဇာဒီက ပြောကြားခဲ့ပြီး ဒေသတွင်း၌ ဖြန့်ကြက်ထားသည့် အမေ ရိကန်တပ်ဖွဲ့များ ပြန်လည်ထွက်ခွာရမည် ဖြစ်ကြောင်း ၎င်းက သတိပေးထားသည်။

အီရန်အနေဖြင့် အရှေ့အလယ်ပိုင်း ဒေသ၌ တင်းမာမှုများမြင့်တက်လာစေရန် လုပ် ဆောင်နေခြင်း မရှိသော်လည်း ရန်စမှုနှင့် တွေ့ကြုံရမည်ဆိုပါက ပြန်လည်ခုခံမည်ဟု ကုလသမဂ္ဂဆိုင်ရာ အီရန်သံအမတ် မာဂျစ်တက်အီရာဗန်ချီက မေ ၁၆ ရက်တွင် ပြောကြား ခဲ့သည်။ ဒေသတွင်း၌ ပဋိပက္ခ တစ်ခုဖြစ်ပေါ် လာမည်ဆိုပါက အီရန်နှင့် အမေရိကန် ပြည်ထောင်စုအပါအဝင် ဒေသတွင်း နိုင်ငံအားလုံး ထိခိုက်ဆုံးရှုံးရမည်ဖြစ် သည်ဟု အီရန်က ဆိုထားသည်။

ထို့ပြင် စစ်ဖြစ်ပွားခြင်းသည် သဘောထား ကွဲလွဲမှုတစ်ရပ်ကို ဖြေရှင်းသည့်နည်း လမ်းတစ်ခု အဖြစ် ယူဆထားခြင်းမရှိဟု အီရန်က ဆိုထားပြီး နယ်မြေပေါင်းစည်းမှုနှင့် နိုင်ငံ၏ အချုပ်အခြာ အာဏာကို ထိပါးလာမည်ဆိုပါက တုံ့ပြန်ရန် လက်နက်ကိုင်တပ်ဖွဲ့ ကို အသင့်ပြင်ထားသည်ဟု ရာဗန်ချီက ဆက်လက် ပြောကြားသည်။

အမေရိကန်အစိုးရက ၂ဝ၁၅ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သည့် အီရန်နျူကလီးယား သဘောတူညီချက်မှ နုတ်ထွက်သွားပြီးနောက် အီရန်အပေါ်ပိတ်ဆို့မှုများ ချမှတ်ခဲ့ပြီး ချိန်မှစ၍ အီရန်နှင့် အမေရိကန်တို့ကြား တင်းမာလာခဲ့ခြင်းဖြစ်ပြီး နောက်ဆုံးတွင် နျူကလီးယား အစီအစဉ်ကို စွန့်လွှတ်ရန် ဟူသော ရည်ရွယ်ချက်ဖြင့် အမေရိကန်က အီရန်၏ ရေနံထုတ်လုပ်ရေး ကဏ္ဍကို လုံးဝချည့်နဲ့ သွားစေရန် ပိုမိုတင်းကျပ်သည့် ပိတ်ဆို့မှုများ ထပ်မံချမှတ်ခဲ့သည်။

ပိတ်ဆို့မှုများသည် ရေရှည်တွင် အီရန်အား ထိခိုက်လာနိုင်သည်ကို အီရန်အစိုးရက ကြိုတင်မြင်မိသောကြောင့် ပိတ်ဆို့မှုမှ အီရန်၏ အကျိုးစီးပွားကို အကာအကွယ်ပေးရန် အီရန်က နျူကလီးယား သဘောတူညီချက်တွင် ပါဝင်လက်မှတ်ရေး ထိုးခဲ့သည့် ကမ္ဘာ့ အင်အားကြီးနိုင်ငံများကို တောင်းဆိုခဲ့ရသည်။ တစ်ချိန်တည်းမှာပင် အီရန်နှင့် အမေရိကန် တို့ကြား ရှိရင်းစွဲတင်းမာမှုမှာလည်း အမြင့်ဆုံးသို့ ရောက်ရှိလာခဲ့သည်။

ထိုသို့ တင်းမာမှုမြင့်တက် နေစဉ်အတွင်း အမေရိကန်က ၎င်းတို့၏ စစ်လက်နက်များကို အရှေ့အလယ်ပိုင်းသို့ ဖြန့်ကြက်လိုက်ခြင်းသည် တင်းမာမှုများကို လျော့ကျလာ စေခြင်းမရှိဘဲ စစ်ရေးအရ ထိပ်တိုက်ရင်ဆိုင်ရမည့် အခြေအနေများကို ဖန်တီးခဲ့သော ကြောင့် အီရန်နှင့် စစ်ဖြစ်ပွားခြင်းကို မလိုလားသည့် ထရမ့်အနေဖြင့် မည်သို့ ဆက်လက် လုပ်ဆောင်မည်ကို စိတ်ဝင်တစား စောင့်ကြည့်ရမည်ဖြစ်ပါကြောင်း ရေးသား တင်ပြလိုက်ရပါသည်။ ။

ဇေယျဘုန်း

Ref: Press TV, Reuters

Read 35 times
Rate this item
(0 votes)
Last modified on Sunday, 19 May 2019 10:09