SJ WorldNews - шаблон joomla Авто

ဟောင်ကောင်ထောက်ခံရေး မူကြမ်းများအား အမေရိကန်က လက်မှတ်ရေးထိုးခြင်းကို တုံ့ပြန်လိုက်သည့် တရုတ်

Wednesday, 04 December 2019 08:46 Written by  font size decrease font size decrease font size increase font size increase font size

ဟောင်ကောင်      ဆန္ဒပြသူများကို ထောက်ခံကြောင်းပြသရန်  အမေရိကန် အစိုးရက    ဥပဒေမူကြမ်းနှစ်ခုအား လက်မှတ်ရေးထိုးခြင်းကို    တုံ့ပြန်သည့် အနေဖြင့် ဟောင်ကောင်သို့ အမေရိကန်စစ်သင်္ဘောများ     အလည်အပတ် လာရောက်မည့် အစီအစဉ်ကို တရုတ်အစိုးရက ဒီဇင်ဘာ ၂ ရက်တွင် ဖျက်သိမ်းခဲ့သည်။

အမေရိကန်အစိုးရက ဟောင်ကောင်လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအက်ဥပဒေဟု အမည်ပေးထားသည့် မူကြမ်း အပါအဝင်   ဟောင်ကောင်ဆန္ဒပြသူများအား ထောက်ခံသည့်မူကြမ်းများကို လက်မှတ်ရေးထိုးလိုက်ခြင်းသည် တရုတ်နှင့် အမေရိကန်ပြည်ထောင်စုတို့ကြား    သဘောထားကွဲလွဲမှုများ   ဖြစ်ပေါ်လာစေသည့်အပြင် တင်းမာမှုကိုပါ မြင့်တက်လာစေခဲ့သည်။

အဆိုပါမူကြမ်းကို    တရုတ်နိုင်ငံက ကန့်ကွက် သတိပေးနေသည့်ကြားမှ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က နိုဝင်ဘာ ၂၇ ရက်တွင် လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။   အမေရိကန်အစိုးရ၏  အဆိုပါ လုပ်ဆောင်ချက်သည်  တရုတ်နိုင်ငံအား အကြီးအကျယ် အမျက်ဒေါသထွက်စေခဲ့သည်။

ထို့ကြောင့် အမေရိကန်အစိုးရ၏ လုပ်ဆောင်ချက်ကို   တုံ့ပြန်သည့်အနေဖြင့် တရုတ်အစိုးရက   အမေရိကန်သံအမတ်တယ်ရီဘရန်းစတက်အား နိုဝင်ဘာ ၂၈ ရက်က  ဆင့်ခေါ်ပြီး ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်နေခြင်းကို  ချက်ချင်း ရပ်တန့်ရန်တောင်းဆိုခဲ့သည်။

အမေရိကန်အစိုးရ၏ လုပ်ဆောင်ချက်သည် ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နေခြင်း ဖြစ်ပြီး   နိုင်ငံတကာဥပဒေကို ချိုးဖောက်ခြင်းပင်ဖြစ်ကြောင်း  တရုတ်အစိုးရက တုံ့ပြန်ပြောဆိုခဲ့သည်။

ထို့ပြင် အမေရိကန်ပြည်ထောင်စုသည် ဟောင်ကောင်၌   ဖြစ်ပွားနေသည့် ဆန္ဒပြမှုများကို  နောက်ကွယ်မှ ထောက်ခံနေသည့် နိုင်ငံဖြစ်သည်ဟု တရုတ်က စွပ်စွဲထားပြီး တရုတ်နိုင်ငံအနေဖြင့်  တုံ့ပြန်လုပ်ဆောင်မည်ဟု   ဆက်လက်ပြောကြားခဲ့သည်။

သို့သော် ဟောင်ကောင်၌ ဖြစ်ပွားနေသည့် ဆန္ဒပြမှုများအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက   လူ့အခွင့်အရေး ချိုးဖောက်မှုများ လုပ်ဆောင်နေသည်ဟု  အမေရိကန်နှင့် ပြည်ပနိုင်ငံများက စွပ်စွဲထားပြီး ယင်းလုပ်ဆောင်ချက်များကြောင့် တရုတ်နိုင်ငံအပေါ်   ပိတ်ဆို့မှု ချမှတ်ဖွယ်ရှိသည်ဟု အမေရိကန်အစိုးရက ခြိမ်းခြောက် ပြောဆိုခဲ့သည်။

အမေရိကန် ပြည်ထောင်စုက  အတည်ပြုလိုက်သည့် ဒုတိယမြောက်မူကြမ်းအရ အမေရိကန်အစိုးရအနေဖြင့် ဟောင်ကောင်ရဲတပ်ဖွဲ့ထံ မျက်ရည်ယိုဗုံးများ၊ ရော်ဘာကျည်ဆန်များ၊ ပဋိပက္ခနှိမ်နင်းရေး ကိရိယာများ အပါအဝင် ခဲယမ်းများတင်ပို့ခြင်းကို ပိတ်ပင်သွားမည် ဖြစ်သည်။

ထို့ပြင်      တရုတ်အစိုးရအနေဖြင့် ဟောင်ကောင်ဒေသ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို လျော့ပါးစေရန် လုပ်ဆောင်နေမည် ဆိုပါက အဆိုပါ ဒေသအပေါ် ပေးအပ်ထားသည့် ကုန်သွယ်ရေးဆိုင်ရာ အထူးအခွင့်အရေးကို    အမေရိကန် ပြည်ထောင်စုက ပြန်လည်ရုပ်သိမ်းနိုင်မည် ဖြစ်သည်။

အလားတူ ဟောင်ကောင်ဒေသအတွင်း တရုတ်အစိုးရ၏ လှုပ်ရှားမှုများကိုပါ အမေရိကန်အစိုးရက စောင့်ကြည့်နိုင်မည် ဖြစ်သည်ဟု အဆိုပါ မူကြမ်းတွင် ဖော်ပြထားသောကြောင့် အဆိုပါ မူကြမ်းများကို အမေရိကန်က   လက်မှတ်ရေးထိုးလိုက်ခြင်းသည် အမေရိကန်နှင့် တရုတ်တို့ကြား ကြီးမားသည့် သဘောထားကွဲလွဲမှုများကို ထွက်ပေါ်စေမည့်    အလားအလာရှိနေသည်။

ထို့ပြင်  အမေရိကန် အစိုးရ၏  လုပ်ဆောင်ချက်သည် နှစ်နိုင်ငံကြား  လက်ရှိလုပ်ဆောင်နေသည့် ကုန်သွယ်ရေးစေ့စပ်ဆွေးနွေးမှုများကိုပါ  အဟန့်အတား ဖြစ်ပေါ်စေနိုင်သည်ဟု သုံးသပ်သူများက ပြောသည်။

အမေရိကန်အစိုးရသည် ၄င်းတို့၏ ရေတပ်စစ်သင်္ဘောများကို ဟောင်ကောင်သို့ နှစ်စဉ် စေလွှတ်လေ့ရှိသည်။   သို့ရာတွင် အဆိုပါစစ်သင်္ဘောများ    စေလွှတ်မှုကို တရုတ်အစိုးရက   နှစ်နိုင်ငံဆက်ဆံရေး ယိုယွင်းနေချိန်တွင်   ရပ်ဆိုင်းပစ်လေ့ရှိသည်။

ဟောင်ကောင်သို့ နောက်ဆုံး အလည်အပတ် လာရောက်ခဲ့သည့် အမေရိကန်  ကမ်းထိုးရေယာဉ်  USS  Blue  Ridge သင်္ဘောဖြစ်သည်။ အမေရိကန်ရေတပ် က  ယင်းသင်္ဘောကို  ဧပြီလအတွင်း စေလွှတ်ခဲ့ခြင်းဖြစ်သည်။

တရုတ်အစိုးရသည် အမေရိကန်ပဲ့ထိန်းဒုံးကျည်တပ် ခရူဇာစစ်သင်္ဘောတစ်စင်းဖြစ်သည့် USS Lake Erie နှင့် သယ်ယူပို့ဆောင်ရေးရေယာဉ် USS Green Bay တို့ ဟောင်ကောင်သို့ လာရောက် လည်ပတ်မည့် အစီအစဉ်ကို ပြီးခဲ့သည့်နှစ် သြဂုတ်လအတွင်းက ရပ်ဆိုင်းပစ်ခဲ့သည်။ မည်သည့်အကြောင်းရင်းကြောင့်    အဆိုပါ စစ်သင်္ဘောများ  လာရောက်လည်ပတ်မည့် အစီအစဉ်ကို ရပ်ဆိုင်းရခြင်းနှင့် ပတ်သက်၍ တရုတ်နိုင်ငံက အသေးစိတ် ထုတ်ပြန်ခဲ့ခြင်း မရှိပေ။

တစ်ချိန်တည်းမှာပင် ဟောင်ကောင်၌ ဖြစ်ပွားနေသည့်   အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူများကို  အမေရိကန်အခြေစိုက် အစိုးရမဟုတ်သည့် အဖွဲ့အစည်းများက ထောက်ခံလျက်ရှိသည်ဟု တရုတ်အစိုးရက စွပ်စွဲပြောဆိုခဲ့ပြီး အဆိုပါ အဖွဲ့အစည်းများအပေါ် ပိတ်ဆို့မှုများ ချမှတ်မည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့် ရှိသူ ဟွာချေယင်းက ပြောသည်။

သို့ရာတွင် မည်သို့သော ပိတ်ဆို့မှုများကို ချမှတ်မည်ဖြစ်ကြောင်း အတိအကျ ထုတ်ဖော်ပြောကြားခြင်း မရှိပေ။  ဟောင်ကောင်ဆန္ဒပြမှုများ၌   လှုံ့ဆော်ခဲ့သည့် အစိုးရမဟုတ်သော အဖွဲ့အစည်းများတွင် National Endowment for Democracy၊ လူ့အခွင့်အရေး စောင့်ကြည့်မှုအဖွဲ့နှင့်  Freedom House တို့ ပါဝင် လျက်ရှိသည်။

အဆိုပါ အဖွဲ့အစည်းများသည် ဟောင်ကောင်၌  လပေါင်းများစွာကြာ ဖြစ်ပွားနေသည့် ဆန္ဒပြမှုများအတွက် တာဝန်ရှိသည်ဟု တရုတ်ကစွပ်စွဲထားသည်။

ထို့ပြင် ပြည်ပအခြေစိုက် အစိုးရမဟုတ်သော အဖွဲ့အစည်းများသည် တရုတ်ဆန့်ကျင်ရေး အင်အားစုများကို အထောက်အပံ့ပြုနေသည့်အပြင် ဟောင်ကောင်ကို တရုတ်ပြည်မကြီးမှ ခွဲထွက်၍ လွတ်လပ်သည့် နိုင်ငံတစ်နိုင်ငံ ဖြစ်လာစေရေး  လုပ်ဆောင်ရန်  လှုံ့ဆော်ပေးနေသည် ဟူသော    အထောက်အထားများ ရှိနေသည်ဟု တရုတ်အစိုးရက ပြောကြားခဲ့သည်။

ဟောင်ကောင်၌ဖြစ်ပွားနေသည့် ဆန္ဒပြမှုများသည် တစ်ချိန်က အာရှ၏ ခရီးသွားလုပ်ငန်းများနှင့်   စီးပွားရေး ဆောင်ရွက်ချက်များကြောင့် ထင်ရှားခဲ့သည့် ဟောင်ကောင်၏ ခရီးသွားလုပ်ငန်းသည် ယခုအခါ   သိသိသာသာ ကျဆင်းလာခဲ့ပြီး  ဒေသ၏ ဘဏ္ဍာရေးအခြေအနေကိုပင် ခြိမ်းခြောက်လာပြီ ဖြစ်သည်။

ထို့ပြင်  ဟောင်ကောင်၌   ၁၅ နှစ်အတွင်း  ပထမအကြိမ်အဖြစ်  အသုံးစရိတ် လိုငွေပြမှု ဖြစ်ပွားလာနိုင်သည်ဟု အစိုးရက သတိပေးထားပြီး လက်ရှိ လုပ်ဆောင်နေသည့် ဆန္ဒပြမှုများကို အဆုံးသတ်ကြရန် ဆန္ဒပြသူများအား  ဟောင်ကောင်အစိုးရက တောင်းဆိုခဲ့သည်။

အချုပ်အားဖြင့် ဆိုရပါမူ ဟောင်ကောင်လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအက်ဥပဒေကို အမေရိကန်က လက်မှတ်ရေးထိုးလိုက်ခြင်းသည် တရုတ်အစိုးရဘက်မှ ကြည့်မည်ဆိုပါက ဟောင်ကောင်၌ အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများ ဆက်လက်ဖြစ်ပေါ်နေစေရန် တွန်းအားပေး လိုက်ခြင်း ဖြစ်သည်ဟု ဆိုနိုင်သည်။

ထို့ပြင်   ဟောင်ကောင်ထောက်ခံရေး မူကြမ်းများအား အမေရိကန်က လက်မှတ်ရေးထိုးလိုက်ခြင်းကို   တုံ့ပြန်သည့် အနေဖြင့်   တရုတ်အစိုးရက   အမေရိကန်စစ်သင်္ဘောများ ဟောင်ကောင်သို့ လာရောက်လည်ပတ်မည့် အစီအစဉ်ကို   ရပ်ဆိုင်းခဲ့ခြင်းသည်      နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုတင်းမာလာ စေနိုင်သည့်အပြင် အပြန်အလှန်လက်တုံ့ပြန်မှုများ ထွက်ပေါ်လာ စေနိုင်ကြောင်း ရေးသား တင်ပြလိုက်ရပါသည်။     

ဇေယျဘုန်း

Ref: Reuters, ST

Read 42 times
Rate this item
(0 votes)
Last modified on Wednesday, 04 December 2019 08:47