SJ WorldNews - шаблон joomla Авто

ရပ်တန့်နေသည့် နျူကလီးယား ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် အမေရိကန် လုပ်ဆောင်နိုင်မည်လား

Thursday, 05 December 2019 09:07 Written by  font size decrease font size decrease font size increase font size increase font size

မြောက်ကိုရီးယားနှင့် အမေရိကန်ပြည်ထောင်စုတို့ကြား နျူကလီးယားဆွေးနွေးပွဲများ ပြန်လည်စတင် နိုင်မည့် အရေးသည် အမေရိကန်အစိုးရကသာ ဆုံးဖြတ်ရမည်ဖြစ်ပြီး  ထိုသို့ဆုံးဖြတ်ရန် သတ်မှတ်ထားသည့် နောက်ဆုံးကာလမှာ တဖြည်းဖြည်း ကုန်ဆုံးနေပြီ ဖြစ်ကြောင်း  မြောက်ကိုရီးယားက အမေရိကန်အစိုးရအား သတိပေးလိုက်သည်။

အမေရိကန်ပြည်ထောင်စု အနေဖြင့် သတ်မှတ်ထားသည့် ကာလအတွင်း   ၄င်းတို့၏ မူဝါဒများကို ပြောင်းလဲပစ်ရန်  မြောက်ကိုရီးယား ဒုတိယနိုင်ငံခြားရေးဝန်ကြီး   ရီသဲဆုန်က  ဒီဇင်ဘာ ၃ ရက်တွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။  ထို့ပြင်   အမေရိကန်အစိုးရသည်  မြောက်ကိုရီးယားနှင့် နျူကလီးယား ကင်းစင်ရေး ဆွေးနွေးမှုများ ကျင်းပရန် ၂ဝ၂ဝ ပြည့်နှစ် အထိ အချိန်ဆွဲရန် ရည်ရွယ်လုပ်ဆောင်နေသည်ဟု ၄င်းကပြောသည်။

ကိုရီးယားကျွန်းဆွယ်ပေါ်၌ နျူကလီးယားကင်းစင်ရေးအတွက် တွေ့ဆုံဆွေးနွေးရန် အမေရိကန်အစိုးရက မြောက်ကိုရီးယားနိုင်ငံအား တောင်းဆိုခြင်းသည် အမေရိကန်နှင့် ဆွေးနွေးရန်    မြောက်ကိုရီးယား အစိုးရအား  ချည်နှောင် ထားခြင်းသာ ဖြစ်ကြောင်း ရီကပြောခဲ့ပြီး  သတ်မှတ်ကာလမကုန်ဆုံးမီ အမေရိကန် အစိုးရအနေဖြင့်   အချိန်မီ လုပ်ဆောင်သင့်ကြောင်း  ဆက်လက်တိုက်တွန်းထားသည်။

ထို့ပြင် ခရစ္စမတ်ကာလအတွင်း မြောက်ကိုရီးယားက  အမေရိကန်ပြည်ထောင်စုအား   ပေးအပ်မည့် လက်ဆောင်သည်   မည်သည့်အရာ ဖြစ်မည်ဟူသော အချက်မှာ  အမေရိကန်အစိုးရ၏ လုပ်ဆောင်ချက်ပေါ်တွင် မူတည်ကြောင်း      ရီ၏ပြောဆိုချက်ကို ကိုးကား၍ KCNA   သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

အမေရိကန်နှင့် ကျင်းပမည့် နျူကလီးယားကင်းစင်ရေး ဆွေးနွေးပွဲများကို ၂ဝ၁၉   ခုနှစ်မကုန်မီ ပြန်လည် ကျင်းပ နိုင်ရေးနှင့်  နှစ်နိုင်ငံကြားသံတမန် ဆက်ဆံမှုများ ဆက်လက်လုပ်ဆောင်နိုင်ရန် အမေ ရိကန်အစိုးရက  လုပ်ဆောင် ရမည်ဟု သတ်မှတ်ထားသည်။ မြောက်ကိုရီးယားက   နောက်ဆုံးသတ်မှတ်ထားသည့်ကာလ  ကုန်ဆုံးသွားပြီး နောက်ပိုင်းတွင် ယင်းနိုင်ငံအစိုးရ အနေဖြင့်    နည်းလမ်းသစ်တစ်ရပ် ရှာဖွေရမည်ဟု   မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က သတိပေးပြောကြားခဲ့သည်။ သို့ရာတွင် အဆိုပါ အချိန်ကာလ သတ်မှတ်မှုသည် အတုအယောင် မျှသာဖြစ်သည်ဟု အမေရိကန်အစိုးရက ပြောဆိုပြီး ပယ်ချခဲ့သည်။

လက်ရှိတွင် မြောက်ကိုရီးယားနိုင်ငံသည် နျူကလီးယားကင်းစင်ရေး     စတင်လုပ်ဆောင်ပြီးနောက် နောက်ကြောင်း ပြန်မလှည့်စေရေးအတွက်  အတတ်နိုင်ဆုံး   လုပ်ဆောင်ထားပြီး ဖြစ်သည်။ သို့ရာတွင် အမေရိကန်ဘက်မှ စေ့စပ်ဆွေးနွေးပွဲများ ပြန်လည်ကျင်းပရန် ဆန္ဒရှိသည်ဟု    ဆိုထားသော်လည်း လက်တွေ့တွင်   ဆွေးနွေးပွဲများ ပြန်လည်ကျင်းပနိုင်ခြင်း မရှိသေးပေ။  

အမေရိကန်နှင့်    မြောက်ကိုရီးယား နှစ်နိုင်ငံကြား နျူကလီးယားကင်းစင်ရေး ဆွေးနွေးပွဲများကို သုံးကြိမ်တိုင်တိုင် ကျင်းပပြီး ဖြစ်သော်လည်း လက်ဆုပ်လက် ကိုင်ပြနိုင်သည့် တိုးတက်မှု တစ်စုံတစ်ရာ   ထွက်ပေါ် လာခြင်းမရှိ သေးသည်ကို တွေ့ရသည်။

မြောက်ကိုရီးယားနှင့် အမေရိကန်ပြည်ထောင်စုတို့ကြား ကျင်းပသည့်    နျူကလီးယား ကင်းစင်ရေး ဆွေးနွေးမှုများတွင်   အမေရိကန် အနေဖြင့် ရပ်တည်ချက် သဘောထား  ပိုမိုပျော့ပျောင်းစေရန် လုပ်ဆောင်သင့်သည်ဟု မြောက်ကိုရီးယားက အမေရိကန်အစိုးရအား တောင်းဆိုထားသည်။

နျူကလီးယားကင်းစင်ရေးဆွေးနွေးရာတွင် မြောက်ကိုရီးယားနှင့် အမေရိကန်တို့ကြား အဓိကကွဲလွဲ ချက်တစ်ခု ရှိနေသည်။  ယင်းမှာ  မြောက်ကိုရီးယား အနေဖြင့် ယနေ့အထိ လုပ်ဆောင်ခဲ့သည့် နျူကလီးယား ကင်းစင်ရေး လုပ်ဆောင်ချက် များအပေါ်  အမေရိကန်အစိုးရက အသိအမှတ်ပြုခြင်းကို အလိုရှိနေသည်။

ထို့ပြင် မြောက်ကိုရီးယားအစိုးရ၏ နျူကလီးယား ကင်းစင်ရေး ရည်မှန်းချက်များကို တုံ့ပြန်သည့်အနေဖြင့် နိုင်ငံအပေါ် ချမှတ်ထားသော ပိတ်ဆို့မှုတချို့ကို အမေရိကန်အစိုးရက ဖြေလျှော့ပေးလိုသည့်ဆန္ဒ ရှိနေသည်။ သို့ရာတွင် တခြားတစ်ဖက်တွင်  ထိုသို့မဟုတ်ပေ။ မြောက်ကိုရီးယား၏ ဆောင်ရွက်ချက်များသည် လုံလောက်ခြင်းမရှိဟု အမေရိကန် အစိုးရက ယူဆနေသည်။

နျူကလီးယား ကင်းစင်ရေးအတွက် မြောက်ကိုရီးယားအနေဖြင့်  ပိုမိုလုပ်ဆောင်ရန် လိုအပ်နေသည်ဟု ထင်မြင်လျက်ရှိ နေသည်။ မြောက်ကိုရီးယားအနေဖြင့်  နျူကလီးယား ကင်းစင်ရေးကို အပြီးသတ်လုပ်ဆောင် ပြီးမှသာ ယင်းနိုင်ငံအပါ် ချမှတ်ထားသည့် ပိတ်ဆို့မှုများကို အမေရိကန် အစိုးရက ဖယ်ရှားပေးလိုသည့် သဘောရှိသည်။

ယင်းအချက်သည် မြောက်ကိုရီးယား ခေါင်းဆောင်ကင်နှင့်  အမေရိကန်သမ္မတ  ဒေါ်နယ်ထရမ့်တို့ကြား အဓိက သဘောထား ကွဲလွဲနေသည့်အချက်ပင် ဖြစ်သည်။ ယင်းအချက်ကြောင့်  နျူကလီးယားကင်းစင်ရေး ဆွေးနွေးပွဲများ ရပ်တန့်သွားရခြင်း ဖြစ်သည်ဟု လည်းဆိုနိုင်သည်။

အကယ်၍  နှစ်နိုင်ငံကြား ကျင်းပနေသည့် ဆွေးနွေးပွဲများ ပျက်သွားပါက  အမေရိကန် အစိုးရတွင်သာ   တာဝန်ရှိသည်ဟု     မြောက်ကိုရီးယား အစိုးရက အစောပိုင်းတွင် ထုတ်ပြန်ခဲ့သည်။  ထို့ပြင် အမေရိကန်နှင့်  တောင်ကိုရီးယားတို့ ပူးပေါင်းလုပ်ဆောင်ခဲ့သည့် စစ်ရေးလေ့ကျင့်မှုများကို မြောက်ကိုရီးယားက ဝေဖန်ပြစ်တင်ခဲ့သည်။

အဆိုပါ စစ်ရေးလေ့ကျင့်မှုများသည် မြောက်ကိုရီးယားကို  ကျူးကျော်တိုက်ခိုက်ရန် အစမ်းလေ့ကျင့်နေခြင်း ဖြစ်သည်ဟု မြောက်ကိုရီးယားက စွပ်စွဲခဲ့သည့်အပြင် တောင်ကိုရီးယားနိုင်ငံက  အမေရိကန်ပြည်ထောင်စုမှ လက်နက်များ ဝယ်ယူခြင်းသည် သံတမန်ရေး ကြိုးပမ်းမှုများကို ထိခိုက်စေသည်ဟု မြောက် ကိုရီးယားက ရှုမြင်ထားသည်။

ရပ်တန့်နေသည့် နျူကလီးယား ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် အမေရိကန်နှင့် တောင်ကိုရီးယား နိုင်ငံတို့က မြောက်ကိုရီးယား အစိုးရအား  ယခုနှစ်  နိုဝင်ဘာလအတွင်း တိုက်တွန်းခဲ့သော်လည်း  ယင်းတိုက်တွန်းချက်ကို  မြောက်ကိုရီးယားက   ပယ်ချခဲ့သည်။ ပယ်ချရသည့် အကြောင်းရင်းမှာ အမေရိကန် ပြည်ထောင်စုက မြောက်ကိုရီးယားကို ရန်သူတစ်ဦးအဖြစ် ရှုမြင်နေခြင်းကြောင့် အမေရိကန်အစိုးရနှင့် ဆွေးနွေးခြင်းသည် အဓိပ္ပာယ်မဲ့ကြောင်း  မြောက်ကိုရီးယားက ပြောသည်။   ခိုင်မာသည့် ရလဒ်တစ်ခု ထွက်ပေါ်လာခြင်းမရှိပါက  အမေရိကန်အစိုးရနှင့် စေ့စပ်ဆွေးနွေးရန် ဆန္ဒမရှိဟု   မြောက်ကိုရီးယားက ပြောကြားထားသည်။

မြောက်ကိုရီးယားနိုင်ငံသည်     နျူကလီးယား ကင်းစင်ရေး အထောက်အကူပြုစေရန် နျူကလီးယား စမ်းသပ်မှုနှင့်    ဒုံးကျည် စမ်းသပ်ပစ်ခတ်မှုများကို ရပ်တန့်ခဲ့သည့်အပြင် နိုင်ငံအတွင်းရှိ နျူကလီးယား စက်ရုံတစ်ရုံ၌လည်း ဖျက်သိမ်းမှုများ လုပ်ဆောင်ခဲ့ပြီး အမေရိကန်နှင့် စေ့စပ်ဆွေးနွေးခဲ့သည်။

ဆွေးနွေးမှုများအတွင်း တိုးတက်မှုမရရှိဘဲ နောက်ဆုံးတွင်  ဆွေးနွေးမှုများ ရပ်ဆိုင်းခဲ့ရသည်။  ဆွေးနွေးမှုများ ရပ်ဆိုင်း ခဲ့ပြီးနောက် မြောက်ကိုရီးယား အစိုးရသည် ၄င်းတို့ ရပ်တန့်ထားသည့် ဒုံးကျည်စမ်း သပ်မှုများကို  ပြန်လည် လုပ်ဆောင်ခဲ့ပြီး  ဆွေးနွေးပွဲများ ပြန်လည်စတင်နိုင်ရန် မျှော်လင့်ခဲ့သည်ဟု ယူဆရသည်။  သို့သော်   မျှော်လင့်သလို ဖြစ်မလာဘဲ ဆွေးနွေးပွဲမှာ ရပ်ဆိုင်းလျက်ပင် ရှိနေသေးသည်။

ထို့ကြောင့် မြောက်ကိုရီးယားအစိုးရက သတ်မှတ်ထားသည့် နောက်ဆုံးကာလမကုန်ဆုံးမီ အမေရိကန် အစိုးရအနေဖြင့် ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် လုပ်ဆောင်နိုင်ခြင်း မရှိပါက လာမည့်နှစ်တွင် မြောက်ကိုရီးယားက လုပ်ဆောင်မည့် ဒုံးကျည်စမ်းသပ်မှုများ ထပ်မံထွက်ပေါ် လာဖွယ်ရှိကြောင်း ရေးသားတင်ပြလိုက်ရပါသည်။                       ဇေယျဘုန်း

Ref: Reuters, Press TV

Read 50 times
Rate this item
(0 votes)
Last modified on Thursday, 05 December 2019 09:07