SJ WorldNews - шаблон joomla Авто

အမေရိကန်၏ ပိတ်ဆို့မှု ချမှတ်ရေး လမ်းစဉ်နှင့် ကမ္ဘာ့နိုင်ငံများ၏ အကျိုးစီးပွား

Monday, 16 December 2019 10:38 Written by  font size decrease font size decrease font size increase font size increase font size

အရှေ့အလယ်ပိုင်းရှိ  အီရန်အပေါ် အမေရိကန်ပြည်ထောင်စုက တစ်ဖက်သတ် ပိတ်ဆို့မှုများ ချမှတ်ခြင်းသည် ကုလသမဂ္ဂ၏ သဘောတူညီချက်နှင့် နိုင်ငံတကာဥပဒေကို ချိုးဖောက်ခြင်း ဖြစ်သည်ဟု မလေးရှားနိုင်ငံက    ဝေဖန်ပြောကြား လိုက်သည်ကို တွေ့ရသည်။

အမေရိကန်အနေဖြင့်  အီရန်အပေါ် ပိတ်ဆို့မှုများ ပြန်လည်ချမှတ်ခြင်းကို မလေးရှားနိုင်ငံက  ထောက်ခံခြင်း မရှိကြောင်း၊ ထိုသို့ လုပ်ဆောင်ခြင်းကို ကုလသမဂ္ဂအဖွဲ့ကသာ သဘောတူညီချက်အတိုင်း လုပ်ဆောင်နိုင်ကြောင်း    မလေးရှားဝန်ကြီးချုပ် မဟာသီယာမိုဟာမက်က  ကာတာနိုင်ငံ ဒိုဟာမြို့၌ ပြီးခဲ့သည့် ရက်သတ္တပတ်ကုန်ပိုင်းက ကျင်းပသည့် ဆွေးနွေးပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

အီရန်အပေါ် အမေရိကန်အစိုးရက ပိတ်ဆို့မှုများ ပြန်လည်ချမှတ်ခြင်းသည် ကုလသမဂ္ဂက ချမှတ်ထားသည့်  သဘောတူညီချက်များကို ဖီဆန်ရာရောက်ကြောင်းနှင့် ကမ္ဘာပေါ်တွင် မည်သည့်နိုင်ငံကမျှ တခြားနိုင်ငံများအပေါ် ပိတ်ဆို့နိုင်ခြင်း မရှိကြောင်း ၄င်းကဆက်လက်ပြောသည်။

အမေရိကန်အစိုးရက အီရန်အပေါ် ပိတ်ဆို့မှု ချမှတ်ခြင်းသည် ယခုအခါ နိုင်ငံများကြား ဆက်ဆံရေးတွင် အဓိက အဟန့်အတား တစ်ရပ်ဖြစ်လာခဲ့သည်။

အမေရိကန်အစိုးရက အီရန်အပေါ် ပိတ်ဆို့မှုများ ချမှတ်ထားသော်လည်း မလေးရှားနိုင်ငံသည် အီရန်အစိုးရနှင့် ကောင်းမွန်သော သံတမန်ဆက်ဆံရေးကို တည်ထောင်ထားနိုင်သည့်  အရှေ့တောင်အာရှနိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ သို့သော် အမေရိကန်၏ ပိတ်ဆို့မှုသည် အီရန်နှင့်ဆက်ဆံရေးကို လျော့ပါးစေလျက်ရှိပြီး ယင်းပိတ်ဆို့မှုကြောင့် နိုင်ငံအတွက် အရေးပါသည့် ဈေးကွက်နိုင်ငံကြီး တစ်ခုကို လက်လွှတ်ဆုံးရှုံးခဲ့ရသည်ဟု မလေးရှားအစိုးရက ယူဆနေသည်။

မလေးရှားနိုင်ငံ အတွင်းရှိ ဘဏ်ကြီးများသည် အမေရိကန်၏ ပိတ်ဆို့မှုကြောင့် အီရန်နိုင်ငံသားများနှင့် အီရန်ကုမ္ပဏီများ၏ ငွေစာရင်းများကို ပိတ်ပစ်ရသည် ဟူသောသတင်းများ   ထွက်ပေါ်လာပြီး နောက်မဟာသီယာ၏ ဝေဖန်ပြစ်တင်မှု ထွက်ပေါ်လာခြင်း ဖြစ်သည်။ ထို့ကြောင့် အီရန်နိုင်ငံသားများနှင့်  ကုမ္ပဏီများ၏ ငွေစာရင်းများနှင့် စပ်လျဉ်း၍ မလေးရှားအစိုးရနှင့် အရေးတယူဖြေရှင်းရန် အီရန်အစိုးရက ကြိုးပမ်းခဲ့ရသည်။ ငွေစာရင်းများ ပိတ်ပစ်ရန် အမေရိကန်က ဖိအားပေးမှုနှင့်စပ်လျဉ်း၍ အကောင်းဆုံးဖြေရှင်းနိုင်ရေး မလေးရှားနိုင်ငံရှိ အီရန်သံရုံးက မလေးရှားအာဏာပိုင်များနှင့် တွေ့ဆုံမည်ဟု အီရန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ထုတ်ပြန်ခဲ့သည်။

ထို့ပြင် အမေရိကန်အစိုးရ၏ ဘဏ္ဍာရေးဆိုင်ရာ အကြမ်းဖက်မှုနှင့် ဖိအားပေးမှုတို့ကြောင့် မလေးရှားအစိုးရက အီရန်နိုင်ငံသားများအား ဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင်မှုများ ပေးအပ်နေခြင်းကို ကန့်သတ်လိုက်ခြင်း ဖြစ်ကြောင်း အီရန်က ဝေဖန်ထားသည်။

ထို့ကြောင့်  အမေရိကန်၏ ပိတ်ဆို့မှုများသည်  ယခုအခါ  အီရန်၏ အကျိုးစီးပွားကိုသာမက  ယင်းနိုင်ငံနှင့် ဆက်ဆံရေး ကောင်းမွန်နေသည့်  မလေးရှားနိုင်ငံ၏ အကျိုးစီးပွားကိုပါ   လျော့ပါးလာစေခဲ့သည်။

ထို့ပြင် မလေးရှားနိုင်ငံသည် အမေရိကန်ပြည်ထောင်စုက တရုတ်နိုင်ငံအပေါ် ကုန်သွယ်ရေး စစ်ပွဲဆင်နွှဲနေခြင်းနှင့် ပတ်သက်၍လည်း ဝေဖန်ပြောကြားထားသည်။ အမေရိကန်က ယခုကဲ့သို့ ကုန်သွယ်ရေး စစ်ပွဲဆင်နွှဲနေချိန်တွင် အာဆီယံနိုင်ငံ များအနေဖြင့် စည်းစည်းလုံးလုံး ရှိကြရန် ၄င်းကတိုက်တွန်းခဲ့သည်။

အမေရိကန်ပြည်ထောင်စုသည် ဆီးရီးယားနှင့် ယီမင်နိုင်ငံတို့၌ ပဋိပက္ခများ ဖြစ်ပွားစေရန် အထောက်အပံ့ ပေးလျက်ရှိ သည်ဟူသော စွပ်စွဲချက်ဖြင့်   အီရန်၏အကြီးမားဆုံးသော လေကြောင်းလိုင်းဖြစ်သည့် Mahan လေကြောင်းလိုင်းနှင့် E-Sail ရေကြောင်းပို့ဆောင်ရေး ကုမ္ပဏီတို့အပေါ် ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက ပိတ်ဆို့မှုများ ထပ်မံချမှတ်ခဲ့သည်။ အဆိုပါပိတ်ဆို့မှုသစ်များသည် အီရန်နိုင်ငံအား အကျပ်အတည်းနှင့်  ပိုမိုရင်ဆိုင်ရစေရန် ရည်ရွယ် လုပ်ဆောင်ခြင်းဖြစ်ပြီး  အီရန်၏ ရေကြောင်းနှင့်လေကြောင်းသယ်ယူပို့ဆောင်ရေး စနစ်များကို အဓိကပစ်မှတ်ထား လုပ်ဆောင်ခြင်း ဖြစ်သည်ဟု ဆိုနိုင်သည်။

အမေရိကန် ပြည်ထောင်စုသည် အီရန်နျူကလီးယား အစီအစဉ်မှ ၂ဝ၁၈ ခုနှစ် မေလအတွင်း   နုတ်ထွက်ပြီးချိန်မှစ၍ ပိတ်ဆို့မှုများ  ပြန်လည် ချမှတ်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ပိတ်ဆို့မှုများကို ရှောင်ရှားနိုင်ရေးအတွက် အီရန်က ကြိုးပမ်းခဲ့သော်လည်း ထိရောက်စွာ လုပ်ဆောင်နိုင်ခြင်း မရှိခဲ့ပေ။

ထို့နောက် အမေရိကန်ပြည်ထောင်စုသည် အီရန်အား နိုင်ငံခြားဝင်ငွေ အများဆုံး ရှာဖွေပေးနေသည့်   ရေနံတင်ပို့ရေး လုပ်ငန်းအပေါ်  ပစ်မှတ်ထားလာသည်။အမေရိကန် အစိုးရသည် အီရန်အပေါ် ချမှတ်နေသည့် ပိတ်ဆို့မှုများကို အတင်းကျပ်ဆုံး အဆင့်သို့ တိုးမြှင့်သည့် အနေဖြင့် ယင်းနိုင်ငံမှ ရေနံဝယ်ယူ တင်သွင်းနေခြင်း ကို တဖြည်းဖြည်း လျှော့ချပြီး နောက်ဆုံးတွင်   အီရန်မှ ရေနံဝယ်ယူခြင်းမပြုရန် ကမ္ဘာ့နိုင်ငံများအား သတိပေးခဲ့သည်။ သတိပေးချက်ကို လိုက်နာခြင်းမရှိသည့် နိုင်ငံများအပေါ်  ပိတ်ဆို့မှုများ ပြုလုပ်မည်ဟု အမေရိကန်က  ခြိမ်းခြောက် ပြောကြားခဲ့ခြင်းကြောင့် အီရန်၏ ရေနံအပေါ် အမှီသဟဲ ပြုနေရသည့် နိုင်ငံများအနေဖြင့် ၄င်းတို့၏ အကျိုးစီးပွားအတွက် အဟန့်အတားနှင့် တွေ့ကြုံခဲ့ရသည်။

ထို့ပြင် အမေရိကန်အစိုးရသည် အီရန်၏ ဘဏ္ဍာရေးကဏ္ဍအပေါ် ထပ်မံပိတ်ဆို့ခဲ့သည်။ ယခုအခါ အမေရိကန်၏ ပိတ်ဆို့မှုများသည် အီရန်၏ စီးပွားရေးကို ထိခိုက်လာခဲ့သည်ဟု ဆိုနိုင်သည်။ အီရန်အစိုးရသည် ရေနံဈေးနှုန်းများ တိုးမြှင့်ခဲ့ရသည့်အပြင် နိုင်ငံအတွင်း၌လည်း ရေနံရောင်းချမှုကို  ကန့်သတ်ခဲ့ရခြင်းကြောင့်  အီရန်ပြည်သူများကြား မကျေနပ်မှုများ ထွက်ပေါ်လာစေခဲ့သည်။ သို့ရာတွင် အီရန်နိုင်ငံသည် အမေရိကန်၏ ပိတ်ဆို့မှုဖြင့် ဖိအားပေးခြင်းအပေါ် အလျှော့မပေးဘဲ ပိတ်ဆို့မှုကို ခံနိုင်စွမ်းရှိမည်ဟု ၄င်းတို့က ယုံကြည်နေသည့်  လုပ်ဆောင်ချက် သစ်တစ်ရပ်ကို ယခုလအစောပိုင်းက စတင်မိတ်ဆက်ခဲ့သည်။

ယင်းမှာတခြားမဟုတ်။ နိုင်ငံအတွက် အမေရိကန်ဒေါ်လာ ၃၉  ဘီလီယံရှိ အသုံးစရိတ်မူကြမ်း တစ်ရပ်ကို ချမှတ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ အသုံးစရိတ်သည်  အမေရိကန်အစိုးရ၏ ပိတ်ဆို့မှုကြောင့် ထိခိုက်ခဲ့သည့် ကဏ္ဍများအတွက် အားဖြည့်ပေးနိုင်ပြီး နိုင်ငံအနေဖြင့် ရေနံမှရရှိသည့် ဝင်ငွေအပေါ် အမှီသဟဲပြုနေခြင်းကိုပါ လျှော့ချနိုင်မည်ဟု အီရန်သမ္မတ ဟက်ဆန်ရိုဟာနီက   လွှတ်တော်သို့ ပြောကြားခဲ့သည်။ အဆိုပါ အသုံးစရိတ်သစ်   မူကြမ်းသည် ၂ဝ၂ဝ ပြည့်နှစ် မတ် ၂ဝ ရက်တွင် စတင် အသက်ဝင်လာမည် ဖြစ်သည်။ အစိုးရအနေဖြင့် အသစ်ပြဋ္ဌာန်းလိုက်သည့် အသုံးစရိတ်ဖြင့် အစားအစာနှင့်ဆေးဝါးများ  ထုတ်လုပ်ရာတွင် အကူအညီများ ပေးအပ်နိုင်ရန် စီစဉ်ထားသည်။ ထို့ပြင် အမေရိကန်၏ ပိတ်ဆို့မှုကြောင့် ထွက်ပေါ်လာခဲ့သည့် စီးပွားရေး အခက်အခဲများကို ဖြေရှင်းရေး  ရုရှားနိုင်ငံက ချေးငွေ အမေရိကန် ဒေါ်လာ ၅ ဘီလီယံရယူရန် ဆွေးနွေးမှုများ လုပ်ဆောင်လျက်ရှိသည်။

အီရန်လိုအပ်နေသည့် အဆိုပါချေးငွေကို ရုရှားက ပေးအပ်မည့် အလားအလာရှိသည်။ ထို့ကြောင့် အီရန်အစိုးရ အနေဖြင့်  ကမ္ဘာ့နိုင်ငံများ၏ အကျိုးစီးပွားကို ထိခိုက်စေသည့် အမေရိကန်၏ ပိတ်ဆို့မှုများကြောင့်  ထိခိုက်ခဲ့ရသည့်  ၄င်းတို့၏ အကျိုးစီးပွား  ပြန်လည်နာလန်ထူနိုင်ရေးအတွက် မဖြစ်မနေ လုပ်ဆောင်၍ မိတ်ဖက်နိုင်ငံများနှင့် ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းရန် ကြိုးပမ်းလုပ်ဆောင်မည့် အလားအလာရှိကြောင်း ရေးသားလိုက်ရပါသည်။ 

Ref: Sputnik, Press TV

Read 36 times
Rate this item
(0 votes)
Last modified on Monday, 16 December 2019 10:41