SJ WorldNews - шаблон joomla Авто

ကိုယ်စားစစ်ပွဲ ဆင်နွှဲရာ စစ်မြေပြင် ဖြစ်လာသည့် ဆိုမာလီယာနှင့် အယ်ရှာဘတ် စစ်သွေးကြွ အဖွဲ့

Wednesday, 01 January 2020 12:01 Written by  font size decrease font size decrease font size increase font size increase font size

ဆိုမာလီယာနိုင်ငံအတွင်း လှုပ်ရှားနေသည့် အယ်ရှာဘတ်စစ်သွေးကြွ အဖွဲ့အား အမေရိကန်စစ်ဘက်က လေကြောင်းမှ တိုက်ခိုက်မှုများ တိုးမြှင့်လုပ်ဆောင်လျက်ရှိသော်လည်း အဆိုပါစစ်သွေးကြွအဖွဲ့သည် အ ကြမ်းဖက်မှုများကို ဆက်တိုက်လုပ်ဆောင်လာခဲ့သည်။

မိုဂါဒစ်ရှူးမြို့တော်ရှိ လူသွားလူလာများရာ စစ်ဆေးရေးဂိတ်အနီး ပြီးခဲ့သည့် ရက်သတ္တပတ် အကုန်ပိုင်းက ဗုံးခွဲတိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ခြင်းသည် အယ်ရှာဘတ် စစ်သွေးကြွ အဖွဲ့အနေဖြင့် အမေရိကန်၏ လေ ကြောင်းမှ တိုက် ခိုက်မှုကိုခံနေရသည့်အပြင် နယ်မြေများဆုံးရှုံးခဲ့သည့်ဒဏ်ကို ဒူပေနာပေခံနိုင်ရည်ရှိနေသည့် အခြေအနေကို ဆက်လက်ထိန်းထားနိုင်ပြီး လုံခြုံရေးတင်းကျပ်ထားသည့် မြို့တော်၌ပင် တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်နိုင် သည်ကို သက်သေပြလိုက်ခြင်း ဖြစ်သည်။

အဆိုပါဗုံးခွဲတိုက်ခိုက်မှုတွင် အနည်းဆုံးလူ ၇၉  ဦးသေဆုံးခဲ့သည်။ စစ်သွေးကြွ အဖွဲ့သည် ဖောက်ခွဲရေး ပစ္စည်းများကို မော်တော်ယာဉ်တစ်စီး ပေါ်တင်ကာ ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ တိုက်ခိုက်မှုသည် လုံခြုံရေးတပ်ဖွဲ့ ဝင်များကိုသာမက အပြစ်မဲ့အရပ်သားများကိုပါ ပစ်မှတ်ထား တိုက်ခိုက်ခဲ့ဖွယ်ရှိသည်။ အဆို ပါတိုက်ခိုက်မှုအတွင်း  လူ  ၁၄၉ ဦး  ဒဏ်ရာရရှိခဲ့သည်။

ယင်းတိုက်ခိုက်မှုသည် ဆိုမာလီယာနိုင်ငံ၌ တစ်နှစ်အတွင်းဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများအနက် အသေအ ပျောက်အများဆုံးနှင့် သွေးထွက်သံယိုမှု အများဆုံးသော အကြမ်းဖက်တိုက်ခိုက်မှု တစ်ရပ်ဖြစ်လာခဲ့သည်။ ထို့ကြောင့် အယ်ရှာဘတ်စစ်သွေးကြွအဖွဲ့သည် ဆိုမာလီယာနိုင်ငံအတွက် သာမက အာဖရိကဦးချိုဒေသ အတွက်ကြီးမားသည့် ခြိမ်းခြောက်မှုအဖြစ် ဆက်လက်တည်ရှိနေသည်ဟု ဆိုနိုင်သည်။

အာဖရိက ငြိမ်းချမ်းရေးထိန်းသိမ်းမှု တပ်ဖွဲ့များက ပြီးခဲ့သည့်ဆယ်စုနှစ်တစ်ခု အတွင်းကပင် အယ်ရှာဘတ် စစ်သွေးကြွအဖွဲ့ကို မိုဂါဒစ်ရှူးမြို့တော်မှ အပြီးတိုက်ထုတ်နိုင်ခဲ့သော်လည်း အယ်လ်ကိုင်ဒါ စစ်သွေးကြွများ နှင့် ဆက်နွှယ်နေသည့် အယ်ရှာဘတ် စစ်သွေးကြွအဖွဲ့မှာ စစ်ဆင်ရေး အထူးသဖြင့် ပျောက်ကျားနည်း ဗျူဟာများအသုံးပြု၍ တိုက်ခိုက်ရာတွင် ပိုမိုကျွမ်းကျင်လာခဲ့သည်။

အယ်ရှာဘတ်စစ်သွေးကြွများသည် ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်းက ဆိုမာလီယာနှင့် အိမ်နီးချင်း ကင်ညာနိုင်ငံတို့၌ လုပ်ဆောင်ခဲ့သည့် တိုက်ခိုက်မှုများတွင် လူရာပေါင်းများစွာကို သတ်ဖြတ်နိုင်ခဲ့သည့်အပြင် မိုဂါဒစ်ရှူးမြို့ပြင် ရှိ အမေရိကန် စစ်အခြေစိုက် စခန်းတစ်ခုကိုပင် တိုက်ခိုက်လာနိုင်သည်အထိ လက်ရဲ ဇက်ရဲဖြစ်လာခဲ့သည်။ ထို့ပြင် ဆိုမာလီယာ နိုင်ငံအတွင်းရှိ အာဖရိကသမဂ္ဂအဖွဲ့၏ ငြိမ်းချမ်းရေး ထိန်းသိမ်း မှုအဖွဲ့ရုံးကိုပါ ပစ်မှတ် ထားတိုက် ခိုက်ခဲ့သည်။

အယ်ရှာဘတ် စစ်သွေးကြွ အဖွဲ့သည် ၎င်းတို့လုပ်ဆောင်နေသည့် အကြမ်းဖက်မှုများအတွက် ငွေကြေး ထောက်ပံ့ပေးနိုင်ရန် ၎င်းတို့အခိုင်အမာ ခြေကုပ်ယူထားသော ဒေသများဖြစ်သည့် နိုင်ငံအလယ်ပိုင်းနှင့် တောင်ပိုင်းရှိ စိုက် ပျိုးရေးထုတ် ကုန်များရောင်းချခြင်းမှ အခွန်ကောက်ယူသည့်စနစ်ကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြု လျက်ရှိသည်။ ထို့ပြင် စစ်သွေးကြွအဖွဲ့သည် မိုဂါဒစ်ရှူးမြို့ရှိ ဆိပ်ကမ်းသို့ ပြည်ပနိုင်ငံများမှ တင် သွင်းလာသည့် ကုန်ပစ္စည်း များအပေါ်သို့သာ အခွန်ကောက်ယူနိုင်သည်အထိ လက်တံရှည်လာခဲ့သည်။ အ လားတူ အယ်ရှာဘတ်စစ်သွေးကြွများ၏ စည်းရုံးနိုင်စွမ်းမှာ ထူးခြားလှသည်။

ယင်းစစ်သွေးကြွအဖွဲ့သည် ပြည်ထောင်စု အစိုးရအဖွဲ့၏ အဖွဲ့အစည်းများအထိ ထိုးဖောက်စည်းရုံးနိုင်စွမ်းရှိပြီး မိုဂါဒစ်ရှူးမြို့တော်ဝန် အဗ္ဗဒီလာမန်အိုမာအိုစမန်ကို ဇူလိုင်လအတွင်းက လုပ်ကြံသတ်ဖြတ်ရန် အစိုးရ အဖွဲ့မှဝန် ထမ်းတစ်ဦးကိုပင် သွေးဆောင်ဖြားယောင်းနိုင်ခဲ့သည်။ ဆိုမာလီယာနိုင်ငံအတွင်းရှိ ပိုင်နက်နယ်မြေ များကို တစ်ဦးတည်းလက်ဝါးကြီး အုပ်နိုင်ရေးအတွက် တခြားစစ်သွေးကြွ အဖွဲ့တစ်ဖွဲ့ဖြစ်သည့် IS စစ်သွေးကြွ အဖွဲ့အပေါ် ထောက်ခံနေသည့် အစွန်းရောက်များအား ပြီးခဲ့သည့်နှစ်က စစ်ကြေညာခဲ့သည်။

အယ်ရှာဘတ်စစ်သွေးကြွအဖွဲ့၏ အဆိုပါ လုပ်ဆောင်ချက်မှာ IS စစ်သွေးကြွ အဖွဲ့က နိုင်ငံအတွင်း တည်ငြိမ်မှုပျက်ပြားနေခြင်းကို အခွင့်ကောင်းယူ၍ ဝင်ရောက်တိုက်ခိုက်ကာ နယ်မြေများကို သိမ်းယူခြင်းမှ ဟန့် တားနိုင်ရေး အတွက်ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုရပါမူ စစ်သွေးကြွအဖွဲ့များကြား နယ်မြေလုစစ်ပွဲများ ဖြစ် ပွားခြင်းမှ ရှောင်ရှားရန်ဖြစ်သည်ဟုဆိုနိုင်သည်။ ဆီးရီးယားနှင့်အီရတ်တို့၌ စစ်ရေးအရအထိနာနေသည့် IS စစ်သွေးကြွ အဖွဲ့မှာ တည်ငြိမ်မှု ပျက်ပြားနေသည့် ဆိုမာလီယာ၊ လစ်ဗျားစသည့်နိုင်ငံတို့၌ ခြေကုပ်ယူနိုင် ရေးအတွက် ကြိုးပမ်းလျက်ရှိသည်။ မိုဂါဒစ်ရှူးမြို့တော်၌ ပြီးခဲ့သည့်ရက်သတ္တပတ်က ဖြစ်ပွားခဲ့သည့် အ ကြမ်းဖက် တိုက်ခိုက်မှုကြောင့် နိုင်ငံ၏လုံခြုံရေး အခြေအနေမှာ တိုးတက်လာခြင်းမရှိဘဲ ဆက်လက် ယိုယွင်း လျက်ရှိကြောင်း ထုတ်ဖော်ပြသနိုင်ခဲ့သည်။ ဆိုမာလီယာအစိုးရသည် ကုလသမဂ္ဂအဖွဲ့၊ အမေရိကန် ပြည် ထောင်စု၊ အာဖရိက သမဂ္ဂတို့ အပါအဝင် ပြည်ပအဖွဲ့အစည်း အမြောက်အမြား၏ ထောက်ခံမှုကို ရရှိနေ သည်။

အဆိုပါနိုင်ငံများနှင့် အဖွဲ့အစည်းများသည် ဆိုမာလီယာနိုင်ငံ၏ လုံခြုံရေးကို ထိန်းသိမ်းရန်နှင့် တည်ငြိမ်မှုကို ပြန်လည်ဖော်ဆောင်နိုင်ရန်အတွက် ထိရောက်မှုရှိသည့် ရဲတပ်ဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းရေးတွင် အကူအညီများ ပေးအပ်ခဲ့ သည်။ ဥပမာအားဖြင့်ဆိုရပါမူ တူရကီအစိုးရသည် ဆိုမာလီစစ်သည် ၁ဝဝဝဝ ကျော်ကို လေ့ကျင့် သင်ကြားပေးရန်နှင့် လက်နက်တပ်ဆင်ပေးရန် ၂ဝ၁၇  ခုနှစ်က ဆိုမာလီယာ၌ အကြီးမားဆုံးသော ပြည်ပ စစ်အခြေစိုက် စခန်းကြီး တစ်ခု ဖွင့်လှစ်ခဲ့သည်။

ထို့ပြင် အဆိုပါပြည်ပ အဖွဲ့အစည်းများနှင့် နိုင်ငံများသည် ဆိုမာလီယာရှိ စစ်သွေးကြွများက သိမ်းပိုက်ထားသည့်မြို့ကြီး၊ မြို့ငယ်များကို ပြန်လည်သိမ်းယူနိုင်ရေး အတွက် ထိုးစစ်ဆင်တိုက်ခိုက်ရာတွင်လည်း ဆိုမာလီ အစိုးရတပ် များအား ဆက်လက်ကူညီလျက်ရှိသည်။ ထို့ပြင် အမေရိကန်ပြည်ထောင်စုသည် နိုင်ငံအတွင်း စစ်သွေးကြွ တိုက်ဖျက်ရေး စစ်ဆင်မှုအဖြစ် လေကြောင်းမှ ဆက်လက်ဗုံးကြဲတိုက်ခိုက်လျက်ရှိသည်။ အမေ ရိကန်လေတပ်က လုပ်ဆောင်ခဲ့သည့် လေကြောင်းတိုက်ခိုက်မှုသုံးခုအတွင်း အယ်ရှာဘတ် စစ်သွေးကြွ အဖွဲ့ ဝင် လေးဦးသေဆုံးခဲ့သည်ဟု ပင်တဂွန်စစ်ဌာနချုပ်က ဒီဇင်ဘာ ၂၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အမေရိကန်ပြည်ထောင်စုနှင့် ကုလသမဂ္ဂအဖွဲ့အပါအဝင် ဒေသတွင်းနိုင်ငံများနှင့် အဖွဲ့အစည်းများ၏ ထောက်ခံအားပေးမှုကို အခိုင်အမာရရှိထားသော်လည်း ဆိုမာလီယာအစိုးရက မည်သည့်အကြောင်းကြောင့် စစ်သွေးကြွ တိုက်ဖျက်ရေးတွင် အောင်မြင်မှုမရဘဲ နိုင်ငံအတွင်း အကြမ်းဖက် တိုက်ခိုက်မှုများ မြင့်တက်ဖြစ် ပွားနေရသည့်အကြောင်းရင်းကို လေ့လာမည်ဆိုပါက အဓိကအားဖြင့် ဆိုမာလီလက်နက်ကိုင်တပ်ဖွဲ့သည် လက်ရှိတွင် ကစဥ့်က လျားဖြစ်နေသည့် အခြေအနေတွင်ရှိနေပြီး ပြည်သူများ၏ အမြင်တွင် အစိုးရက ယုံကြည်ရလောက်သည့် အဖွဲ့အစည်းတစ်ရပ်ဖြစ်လာခြင်း မရှိသောကြောင့်ဟု ဆိုနိုင်သည်။

ထို့ပြင် အစိုးရအဖွဲ့သည် နိုင်ငံအားထိန်းချုပ်ကိုင်တွယ်ရာတွင် အားနည်းနေသည့်အပြင် အစိုးရအဖွဲ့အတွင်း ဖြစ်ပွားနေသည့်အကျင့်ပျက်မှု၊ အုပ်ချုပ်ရေးယန္တရား ယိုယွင်းမှုတို့ကြောင့် တွေ့ကြုံနေရသည့် ပဋိပက္ခများကို ထိရောက် စွာဖြေရှင်းနိုင်ခြင်းမရှိပေ။ ထို့ပြင် ဆိုမာလီယာနိုင်ငံသည် စီးပွားရေးနှင့် နိုင်ငံရေးအရ လွှမ်းမိုးမှုကို ချဲ့ထွင်ရန်ကြိုးပမ်းနေသည့် ပင်လယ်ကွေ့ဒေသနိုင်ငံများ၏ ကိုယ်စားစစ်ပွဲဆင်နွှဲရာ စစ်မြေပြင်တစ်ခုအဖြစ် သို့ ရောက်ရှိ လာခြင်းကြောင့် အယ်ရှာဘတ် စစ်သွေးကြွ အဖွဲ့အနေဖြင့် မိမိဘာသာရပ်တည်ခြင်း မရှိတော့သည့်နိုင်ငံအတွင်း အကြမ်းဖက်မှုများ ဆက်လက် လုပ်ဆောင်ခြင်းအားဖြင့် ပြည်သူများကြား အကြောက် တရားပျံ့နှံ့စေရန် ဆက်လက် လုပ်ဆောင်နေမည် ဖြစ်ကြောင်း ရေးသား တင်ပြလိုက်ရပါသည်။ ဇေယျဘုန်း

Read 18 times
Rate this item
(0 votes)
Last modified on Wednesday, 01 January 2020 12:07