SJ WorldNews - шаблон joomla Авто

ဥရောပသမဂ္ဂ အတွက် ခေါင်းခဲစရာဖြစ်လာသည့် အီရန်-အမေရိကန် တင်းမာမှု

Wednesday, 08 January 2020 10:10 Written by  font size decrease font size decrease font size increase font size increase font size

နျူကလီးယား အစီအစဉ်ကို အကြောင်းပြ၍  အီရန်အပေါ် ပိတ်ဆို့မှုချမှတ်ခြင်းနှင့် မကြာမီက ဖြစ်ပွားခဲ့သည့်အမေရိကန်၏ လေကြောင်းမှ မောင်းသူမဲ့လေယာဉ်ဖြင့်  တိုက်ခိုက်ခြင်းတို့ကြောင့်   အရှေ့အလယ်ပိုင်းတွင် ပေါက်ကွဲလုနီးပါး အခြေအနေသို့ ရောက်ရှိနေသည့် အီရန်-အမေရိကန်တို့ကြား   တင်းမာမှုသည် ဥရောပ သမဂ္ဂအဖွဲ့ဝင် နိုင်ငံများဖြစ်သည့် ဂျာမနီ၊ ပြင်သစ်နှင့်  ဗြိတိန်တို့အတွက်  ခေါင်းခဲစရာ ကိစ္စရပ်တစ်ခုအဖြစ် ထွက်ပေါ် လာသည်။

အမေရိကန်၏ မောင်းသူမဲ့လေယာဉ်ဖြင့် တိုက်ခိုက်မှုအတွင်း အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ်ဖွဲ့ အကြီးအကဲ ဗိုလ်ချုပ် ကာဆန်ဆိုလေမာနီ သေဆုံးပြီးနောက် အီရန်အနေဖြင့် ၂၀၁၅ ခုနှစ် နျူကလီးယား သဘောတူညီချက်အရ ချမှတ်ထားသည့်    ယူရေနီယံ သန့်စင်မှုပမာဏ ကန့်သတ်ထားမှုကို လိုက်နာမည် မဟုတ်ဟု ထုတ်ပြန် ကြေညာခဲ့သည်။ 

အီရန်နိုင်ငံ အနေဖြင့် ယခုအချိန်မှစ၍  နျူကလီးယားဗုံး ပြုလုပ်ရန် လိုအပ်သည့်  ယူရေနီယံ သန့်စင်ခြင်း အပါအ၀င်   နျူကလီးယား   သဘောတူညီချက်အရ ချမှတ်ထားသည့် မည်သည့် ကန့်သတ်ချက်ကိုမဆို လိုက်နာရန် မလိုအပ်တော့ဟု အစိုးရအဖွဲ့ ဆွေးနွေးပွဲ ပြီးဆုံးပြီး နောက်ပိုင်းတွင်  အီရန်နျူကလီးယား စွမ်းအင် အေဂျင်စီက ကြေညာခဲ့ခြင်းဖြစ်သည်။

ထို့ပြင် အီရန်အနေဖြင့် နျူကလီးယား အစီအစဉ်နှင့် သက်ဆိုင်သည့် သုတေသန လုပ်ငန်းများ၊ထုတ်လုပ်ခြင်းများကိုပါ လွတ်လွတ်လပ်လပ် လုပ်ဆောင်နိုင်ပြီဟု နျူကလီးယား စွမ်းအင်အေဂျင်စီ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

အီရန်၏ အဆိုပါ ကြေညာချက်သည် ယင်းနိုင်ငံနှင့်  အမေရိကန် အပါအ၀င် အင်အားကြီး နိုင်ငံများနှင့်  ချမှတ်ထားခဲ့သည့် သဘောတူညီချက်၏ အဓိက အစိတ် အပိုင်းကို ချိုးဖောက်ခြင်းဟု ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများက ရှုမြင်နေသည်။

ယူရေနီယံ သန့်စင်မှုအား  မည်သည့် အတိုင်းအတာအထိ  လုပ်ဆောင်မည်ကို အီရန်က အတိအကျ ပြောဆိုခဲ့ခြင်းမရှိသော်လည်း အီရန်အစိုးရအနေဖြင့် ကုလသမဂ္ဂမှ    စောင့်ကြည့်ရေး အရာရှိများ နှင့် ဆက်လက်ပူးပေါင်း လုပ်ဆောင်မည်ဟု ပြောသည်။ အီရန်၏  အဆိုပါ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ ဆွေးနွေးရန် ဥရောပသမဂ္ဂအဖွဲ့မှ နိုင်ငံခြားရေး ၀န်ကြီးများသည် ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ဘရပ်ဆဲလ်မြို့၌  အရေးပေါ် ဆွေးနွေးပွဲတစ်ရပ် ကျင်းပခဲ့သည်။

အဆိုပါဆွေးနွေးပွဲ ကျင်းပရသည့် ရည်ရွယ်ချက်မှာ   အီရန်အား နျူကလီးယား သဘောတူညီချက်ပါ ကန့်သတ်ချက်များကို ဆက်လက်လိုက်နာစေရေး လုပ်ဆောင် ရန်ဖြစ်သည်။  ဥရောပသမဂ္ဂ အနေဖြင့် အီရန်က သဘောတူညီချက်ပါ ကန့်သတ်ချက်များကို  ချိုးဖောက်ခြင်း  သို့မဟုတ် သဘောတူညီချက်မှ လုံးဝနုတ်ထွက်မည်ကို စိုးရိမ်လျက်ရှိသည်။

ထို့ကြောင့် အီရန်၏ ထုတ်ပြန်ကြေညာချက် ထွက်ပေါ်လာပြီးနောက်တွင် ဂျာမနီဝန်ကြီးချုပ် အိန်ဂျဲလာမာကယ်၊ ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်နှင့် ဗြိတိန်ဝန်ကြီးချုပ်  ဘောရစ်ဂျွန်ဆင်တို့က ပူးတွဲ ကြေညာချက်တစ်ရပ်ကို   အရေးတကြီး ထုတ်ပြန်ခဲ့ရသည်။

အီရန်အနေဖြင့် နျူကလီးယား သဘောတူညီချက်ပါ ကန့်သတ်ချက်များကို ထပ်မံ ချိုးဖောက်ခြင်း မပြုရန်၊ ကန့်သတ်ချက်များကို ဆက်လက်လိုက်နာရန် ဥရောပ ခေါင်း ဆောင်များက   ပူးတွဲကြေညာချက်တွင် တောင်းဆို ထားသည်။

ဥရောပသမဂ္ဂအဖွဲ့သည်   အီရန်နျူ ကလီးယား အစီအစဉ်မှ အမေရိကန်ပြည် ထောင်စု နုတ်ထွက်သွားပြီးချိန်မှစ၍ သဘောတူညီချက်ကို ဆက်လက်ထိန်းသိမ်း ထားနိုင်ရေးအတွက် ကြိုးပမ်း လုပ်ဆောင်လျက် ရှိသည်။ နျူကလီးယား သဘောတူညီချက်သည် ချွတ်ယွင်းချက် အများအပြားရှိသည်ဟု အကြောင်းပြကာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က  သဘောတူညီချက်မှ ၂၀၁၈ ခုနှစ်တွင် နုတ်ထွက်သွားခြင်းဖြစ် သည်။

ထိုအချိန်မှစ၍ ဥရောပသမဂ္ဂအဖွဲ့သည် အီရန်နှင့်  အမေရိကန်ပြည်ထောင်စုတို့ ကြား  ဖျန်ဖြေသူများအဖြစ်သို့ ရောက်ရှိလာခြင်းဖြစ်သည်။   ၎င်းတို့အနေဖြင့် သဘောတူညီချက်မှ နုတ်ထွက်ခြင်းမပြုရန် အမေရိကန်အစိုးရအား ဖျောင်းဖျပြောဆိုခဲ့သော်လည်း အမေရိကန်က လျစ်လျူရှုခဲ့သည်။ တစ်ချိန်တည်းမှာပင် အီရန်ကိုလည်း သဘောတူညီချက်အား ဆက်လက် ထိန်းသိမ်း ထားစေလိုသည်။

ထို့ပြင် အမေရိကန်က နျူကလီးယား သဘောတူညီချက်မှ နုတ်ထွက်ပြီးနောက် အီရန်အပေါ်  ပိတ်ဆို့မှုများ ချမှတ်ခဲ့ပြီး နောက်ပိုင်းတွင်လည်း ဥရောပနိုင်ငံများက အမေရိကန်၏ ပိတ်ဆို့မှုများကို  အီရန်က ရှောင်ရှားနိုင်မည့် နည်းလမ်းများအား ရှာဖွေပေးခဲ့ရပြီး နျူကလီးယား သဘောတူညီချက် မှနုတ်ထွက်သွားခြင်း မရှိစေရန်  ဟန့်တားခဲ့ရသည်။

ပြင်သစ်နိုင်ငံသည်   အမေရိကန်၏ ပိတ်ဆို့မှုအကျိုးဆက်အား  လျော့ပါးစေ ရေးအတွက် ချေးငွေများ ပေးအပ်ရန် စီစဉ်ခဲ့သည့်အပြင် အီရန်၏ အစားအစာ ကုန်သွယ်မှုနှင့် လူသားချင်း စာနာထောက်ထားမှုတို့ အတွက် ငွေပေးချေရေး နည်းလမ်းတစ်ခုကို ဗြိတိန်နှင့် ဂျာမနီနိုင်ငံတို့က ဖန်တီးခဲ့ကြသည်။ သို့ရာတွင် အဆိုပါအစီအစဉ်များမှာ ယခုအချိန်ထိ ထိရောက်ခြင်း မရှိသေးပေ။

အမေရိကန်က  အီရတ်နိုင်ငံအတွင်း လုပ်ဆောင်ခဲ့သည့် လေကြောင်း တိုက်ခိုက်မှုသည် နျူကလီးယား သဘောတူညီချက်အား ထိန်းသိမ်းရန် ကြိုးပမ်းနေသည့် ဥရောပ နိုင်ငံများ အတွက် မြွေပူရာကင်းမှောင့် ဖြစ်စေခဲ့သည်။    အမေရိကန် မောင်းသူမဲ့ လေယာဉ်၏ တိုက်ခိုက်မှုအတွင်း  အီရန်စစ်ဘက်မှ   ဗိုလ်ချုပ်  ဆိုလေမာနီနှင့် အီရတ်အရန် တပ်ဖွဲ့မှ အဆင့်မြင့် အရာရှိတစ်ဦး    သေဆုံးသွားခဲ့သည်။  အဆိုပါ တိုက်ခိုက်မှုကို  အီရန်နှင့်  အီရတ်တို့က အပြင်းအထန် ရှုတ်ချခဲ့ပြီး အီရန်က လက်တုံ့ပြန်မည်ဟု  လူသိရှင်ကြား ထုတ်ဖော်ပြော ကြားခဲ့သည်။

အလားတူ အမေရိကန်၏  အဆိုပါ လုပ်ဆောင်ချက်သည် နိုင်ငံ၏ အချုပ်အခြာအာဏာကို  ချိုးဖောက်ခြင်း ဖြစ်သည်ဟု အီရတ်ဝန်ကြီးချုပ်က ပြောဆိုခဲ့သည့်အပြင် နိုင်ငံအတွင်း တပ်စွဲထားသည့် အမေရိကန် တပ်များအပါအ၀င် ပြည်ပတပ်အားလုံးကို ဖယ်ရှားပစ်ရန် တောင်းဆိုခဲ့သည်အထိ တင်းမာခဲ့သည်။

အမေရိကန်အစိုးရသည်  ၎င်းတို့က ခြိမ်းခြောက်မှု တစ်ရပ်အဖြစ်   ရှုမြင်နေသည့်    ဗိုလ်ချုပ် ဆိုလေမာနီအား လုပ်ကြံသတ်ဖြတ်မည့်    အစီအစဉ်ကို ဥရောပရှိ     မဟာမိတ် နိုင်ငံများကိုပင် အသိမပေးခဲ့ပေ။ထို့နောက် အီရန် အနေဖြင့် နျူကလီးယား သဘောတူညီချက်အရ ပိတ်ပင်ထားသည့် ကန့်သတ်ချက်ကို စွန့်လွှတ်မည်ဟု ကြေညာခဲ့သည်။   ဥရောပ သမဂ္ဂအနေဖြင့် အီရန်အား ဟန့်တားရန် ဆန္ဒရှိသော်လည်း  အမေရိကန်၏ တိုက်ခိုက်မှုသည်  အီရန်နှင့်  အမေရိကန်တို့ ကြားဖြစ်ပွားနေသည့်   တင်းမာမှုများကို  အထွတ်အထိပ်သို့    ရောက်ရှိစေခဲ့သောကြောင့် အခက်တွေ့နေခြင်း ဖြစ်သည်။

တစ်ချိန်တည်းမှာ နျူကလီးယား သဘောတူညီချက်အရ ပိတ်ပင်ထားသည့် ကန့်သတ်ချက်များကို စွန့်လွှတ်မည်ဟု အီရန်က  ကြေညာခဲ့ခြင်းသည် ယင်းနိုင်ငံနှင့် ဥရောပနိုင်ငံများကြား တွေ့ဆုံဆွေးနွေးပွဲများ ကျင်းပရန်   လမ်းဖွင့်ပေးခြင်းဖြစ်သည်ဟု   ကျွမ်းကျင်သူများက သုံးသပ် ထားသည်။

ကျွမ်းကျင်သူများက ထိုသို့သုံးသပ်လျက်ရှိသော်လည်း  ဥရောပသမဂ္ဂအနေဖြင့် အီရန်၏ နျူကလီးယား ပြန့်ပွားရေး လုပ်ဆောင်မှုကို ဟန့်တားနိုင်ရေးအတွက်  သံတမန်ရေး အရသာမက ဘဏ္ဍာရေးအရ ကြိုးပမ်း လုပ်ဆောင်သွားရဖွယ် ရှိကြောင်း ရေးသားတင်ပြလိုက်ရပါသည်။  

Ref: Reuters, BBC

နိုင်အောင်

Read 20 times
Rate this item
(0 votes)
Last modified on Wednesday, 08 January 2020 10:12