SJ WorldNews - шаблон joomla Авто

အမေရိကန်စစ်သည်များ အတွက် ဒုတိယ ဗီယက်နမ်ဖြစ်လာနိုင်သည့် အီရတ်

Thursday, 09 January 2020 12:03 Written by  font size decrease font size decrease font size increase font size increase font size

အီရန်စစ်ဘက်မှ အဆင့်မြင့်အရာရှိကြီး တစ်ဦးဖြစ်သူ ကာဆန်ဆိုလေမာနီကို အမေရိကန်က   လုပ်ကြံသတ်ဖြတ်ခဲ့မှုအပေါ် လက်တုံ့ပြန်သည့် အနေဖြင့် အီရန်အစ္စလာမ် မစ်တော်လှန်ရေး အစောင့်တပ်ဖွဲ့က အီရတ် နိုင်ငံအတွင်းရှိ အမေရိကန်တို့၏ စစ်အခြေ စိုက်စခန်းနှစ်ခုကို ဇန်န၀ါရီ ၇ ရက် ညနေ ပိုင်းက ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် အရှေ့အလယ်ပိုင်းဒေသ၌ လက်နက်ကိုင်တပ်ဖွဲ့ အများအပြား ပါဝင်တိုက်ခိုက်သော စစ်ပွဲကြီးတစ်ရပ်ဖြစ်လာ နိုင်သည့် အလားအလာများ ထွက်ပေါ်လာ သည်ကို တွေ့ရသည်။

အစ္စလာမ်မစ် တော်လှန်ရေး အစောင့် တပ်ဖွဲ့သည် အီရတ်နိုင်ငံ အန်ဘားပြည်နယ် အတွင်းရှိ မဟာဗျူဟာမြောက် အခြေစိုက် စခန်းတစ်ခုဖြစ်သည့် အင်အယ်အာဆတ် လေတပ်အခြေစိုက် စခန်းနှင့်  အီယာဘီစစ် အခြေစိုက်စခန်းတို့ကို မြေပြင်မှ မြေပြင်ပစ်ဒုံးကျည် ၁၀ စင်းဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့ရာ အမေရိကန် စစ်အခြေစိုက်စခန်းများအတွင်း ၀ရုန်းသုန်းကား အခြေအနေများကို   ဖြစ်ပေါ်စေခဲ့သည်။  သို့ရာတွင် တိုက်ခိုက်မှုအတွင်း   လူသေဆုံးမှုတစ်စုံ တစ်ရာမရှိဟု     အမေရိကန်အစိုးရက နောက်ပိုင်းတွင် အတည်ပြုခဲ့သည်။ ထို့ပြင် အမေရိကန် စစ်အခြေစိုက်စခန်းများကို လက်ခံဖွင့်လှစ်ခွင့်ပြုထားသည့် နိုင်ငံများအား အစ္စလာမ်မစ်တော်လှန်ရေး အစောင့် တပ်ဖွဲ့က သတိပေးခဲ့သည်။

အစ္စလာမ်မစ်တော်လှန်ရေး အစောင့်တပ်ဖွဲ့သည် အမေရိကန်၏ လေကြောင်းမှ တိုက်ခိုက်မှုဖြစ်ပွားပြီးနောက်ပိုင်း  နိုင်ငံပိုင်နက်အတွင်းရှိ    အမေရိကန်တပ်ဖွဲ့ အားလုံး ပြန်လည်ထွက်ခွာကြရန် တောင်းဆိုထားသည်။  သို့ရာတွင်  နိုင်ငံအတွင်းမှ ထွက်ခွာရန် အီရတ်အစိုးရက တရားဝင် တောင်းဆိုထားခြင်းမရှိသောကြောင့် အမေရိကန်အနေဖြင့် တပ်ဖွဲ့ဝင်များအား ယင်းနိုင်ငံအတွင်း  ဆက်လက်ဖြန့်ကြက်ထားသည်ဟု အမေရိကန် ကာကွယ်ရေးဝန်ကြီး မာ့အက်စပါက   တုံ့ပြန်ပြောကြားထားသည်။ သို့သော်  အမေရိကန် အစိုးရအနေဖြင့် အီရတ်နိုင်ငံအတွင်းရှိ စစ်သည်များအား ပြန်လည်ရုပ်သိမ်းမည်ဟု လက်မှတ် ရေးထိုးထားသည့်  အကြောင်းကြားစာ တစ်စောင်ကို အီရတ်အစိုးရက   လက်ခံ ရရှိထားပြီး ဖြစ်သည်ဟူသော သတင်းများလည်း ထွက်ပေါ်လျက်ရှိသည်။  သေချာသည်မှာ အမေရိကန်အစိုးရသည် အီရတ်ရှိ ၎င်းတို့၏ စစ်သည်များကို အလွယ်တကူ ပြန်လည်ရုပ်သိမ်းမည့် အခြေအနေမရှိပေ။ ထို့ကြောင့် အီရတ်မှ အမေရိကန်တပ်များ ပြန်လည်ထွက်ခွာမည်၊ မထွက်ခွာမည်ဟူသော အချက်ကို အတိအကျ မသိရသေးပေ။    အီရတ်၌ ဖြန့်ကြက်ထားသည့် အမေရိကန် တပ်ဖွဲ့ဝင်များ၏ အဓိကလုပ်ငန်း တာဝန်မှာ IS စစ်သွေးကြွအဖွဲ့၏ အကြွင်းအကျန်များအား တိုက်ခိုက်နေသည့် အီရတ်စစ်သည်များကို လေ့ကျင့်သင်ကြားပေးရန် ဖြစ်သော်လည်း လက်ရှိတွင်  အမေရိကန်စစ်သည်များမှာ ၎င်းတို့၏လုံခြုံရေးအတွက် ကာကွယ်နေရသည့် အခြေအနေသို့ ရောက်ရှိလာပြီ ဖြစ်သည်။

အမေရိကန်လေတပ် အခြေစိုက်စခန်းကို အီရန်က ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုသည် စစ်ရေးအရ တင်းမာမှုမြင့်တက်လာပြီးနောက်   အမေရိကန်က  အရှေ့ အလယ်ပိုင်းဒေသ တစ်ဝန်းရှိ    ၎င်းတို့ စစ်အခြေစိုက် စခန်းများ၏ လုံခြုံရေးကို တိုးမြှင့်ခဲ့ပြီးနောက်ပိုင်းတွင်   ထွက်ပေါ်လာခြင်းဖြစ်သည်။

အမေရိကန်ပြည်ထောင်စုသည် လက်ရှိတွင် အီရန်နှင့် စစ်ရေးအရ တင်းမာမှုများ ဖြစ်ပေါ်နေသည့်အပြင် အရှေ့အလယ်ပိုင်းဒေသရှိ အီရန်နှင့် ဆက်ဆံရေးကောင်းမွန် လျက်ရှိသော လက်နက်ကိုင် တပ်ဖွဲ့များ၏ ခြိမ်းခြောက်ခြင်းကိုပါ ခံနေရသည်။ အထူးသဖြင့် အမေရိကန်အစိုးရက အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားသည့်  ဟစ်ဇ်ဘိုလာအဖွဲ့သည် ဒေသတွင်းရှိ အမေရိကန်စစ်သည်များအပေါ် ခြိမ်းခြောက်လာ နိုင်သည့် အခြေအနေ ရှိနေသည်။  လက်ဘနွန်အခြေစိုက် အဆိုပါ ပြောက်ကျားအဖွဲ့သည် အီရန်နှင့် လုံခြုံရေးအရ ဆက်ဆံမှုတစ်ရပ်ကို  နှစ်ပေါင်းများစွာကြာ  တည်ထောင်ထားသည့် လက်နက်ကိုင် အဖွဲ့တစ် ဖွဲ့ဖြစ်သည်။

ထို့ပြင် အီရန်ထောက်ပံ့ခံ အဖွဲ့အစည်း တစ်ခုဖြစ်သည့် ဟားမား ခုခံကာကွယ်ရေး လှုပ်ရှားမှုအဖွဲ့ (အမေရိကန်နှင့် မဟာမိတ်များက စစ်သွေးကြွအဖွဲ့အဖြစ် သတ်မှတ် ထားသည်) က ဒေသတွင်းရှိ အမေရိကန် တပ်ဖွဲ့ဝင်များကို ပစ်မှတ်ထား တိုက်ခိုက်လာ နိုင်သည်။ ထို့ကြောင့် အီရတ်နိုင်ငံသည် အမေရိကန်စစ်ဘက်အတွက်   ယခင် အာဏာရှင်ဟောင်း   ဆက်ဒမ်ဟူစိန်ကို ဖြုတ်ချနိုင်ခဲ့သည့်    စစ်ဆင်ရေးကာလ အခြေအနေနှင့် နှိုင်းယှဉ်ပါက များစွာ ကွဲပြားနေသည်ကို တွေ့ရမည်ဖြစ်သည်။ ထိုအချိန်က အီရတ်ပြည်သူများသည် အမေရိကန်တပ်များ နိုင်ငံအတွင်း ၀င်ရောက်လာခြင်းကို  ကြိုဆိုခဲ့ကြသော်လည်း  ယခုအခါ  အခြေအနေများစွာ ပြောင်းလဲခဲ့ပြီဖြစ်သည်။ အီရတ်လွှတ်တော်က အမေရိကန်တပ်ဖွဲ့ဝင် အားလုံးကို နိုင်ငံအတွင်းမှ ထွက်ခွာရန် မဲခွဲဆုံးဖြတ်ခဲ့သည့်အပြင်  အီရတ်ပြည်သူ ထောင်ပေါင်းများစွာက လုပ်ကြံသတ်ဖြတ် ခြင်းခံရသည့် အီရန်ဗိုလ်ချုပ် ဆိုလေမာနီကို ထောက်ခံကြောင်း ပြသခဲ့ကြသည်။

ထို့ကြောင့်   အမေရိကန်တို့ အနေဖြင့် နိုင်ငံအတွင်းမှ ပြန်လည် ထွက်ခွာသွားခြင်း မရှိပါက အီရတ်နိုင်ငံသည် အမေရိကန် စစ်သည်များအတွက် ဒုတိယ ဗီယက်နမ် ဖြစ်လာနိုင်သည်ဟု  အီရတ်ဘာသာရေး ခေါင်းဆောင်နှင့်    လွှတ်တော်အမတ် မွတ်တာဒါဆာဒါက ပြောကြားခဲ့ခြင်းဖြစ်သည်။  အဘယ်ကြောင့်ဆိုသော်  အမေရိကန် စစ်ဘက်အနေဖြင့် အီရန်တစ်နိုင်ငံတည်းနှင့် တိုက်ခိုက်ရမည် မဟုတ်ဘဲ အီရန်ကို ထောက်ခံနေသည့်  တခြား လက်နက်ကိုင် တပ်ဖွဲ့များ၏ ပိတ်ဆို့တိုက်ခိုက်မှုကို ခံရနိုင်သောကြောင့်ဖြစ်သည်။ ထိုအချက်ကို ဂျာမနီအစိုးရက ကောင်းစွာ သဘောပေါက်ထားသည်။ ထို့ကြောင့် အမေရိကန်နှင့် အီရန်တို့ကြား စစ်ရေးအရ တင်းမာမှု မြင့်တက်လာပြီးနောက် အီရတ်နိုင်ငံ၌ တပ်ဖြန့်ထားသည့် ဂျာမနီစစ်သည်များကို ပြန်လည်ရုပ်သိမ်းပြီး    အိမ်နီးချင်းနိုင်ငံများ ဖြစ်သည့် ဂျော်ဒန်နှင့် ကူဝိတ်တို့သို့ ပို့ဆောင်ရန် စီစဉ်လျက်ရှိသည်။

ဂျာမနီအစိုးရသည် ၎င်းတို့၏တပ်ဖွဲ့ဝင် ၁၂၀  ခန့်ကို  အီရတ်၌  တပ်ဖြန့်ထားပြီး ၎င်းတို့အနက် တချို့ကို မကြာမီရွှေ့ပြောင်းမည်ဖြစ်သည်ဟု ယခုရက်သတ္တပတ် အစောပိုင်းက ထုတ်ပြန်ခဲ့သည်။ ထို့ပြင် အမေရိကန်၏ ဥရောပမဟာမိတ် နိုင်ငံတစ်နိုင်ငံ ဖြစ်သည့် အီတလီကလည်း အီရတ်ရှိ ၎င်းတို့၏ စစ်သည် ၅၀ ကို ပြန်လည်ရုပ်သိမ်းခဲ့ပြီ ဖြစ်သည်။

တစ်ချိန်တည်းမှာပင် အရှေ့အလယ်ပိုင်း၌ တပ်စွဲထားသည့် အမေရိကန်တပ် ဖွဲ့ဝင်များကို တိုက်ခိုက်ရန် စည်းလုံးညီညွတ်သော တပ်ဦး (UF) ဟူသည့်  လက်နက်ကိုင် တပ်ဖွဲ့တစ်ရပ် ဖွဲ့စည်းမည်ဖြစ်ကြောင်း Al-Nujaba လှုပ်ရှားမှုဟု အမည်ပေးထားသည့် အီရတ်ပြည်သူ့စစ် အဖွဲ့မှ ဒုတိယ အထွေထွေ အတွင်းရေးမှူး နက်ဆာအယ် ရှမ်မာရီက ပြောကြားခဲ့သည်။ ထို့ကြောင့် အီရန်အပါအ၀င် ယင်းနိုင်ငံနှင့် မဟာမိတ် ဖွဲ့စည်းထားသည့် လက်နက်ကိုင်တပ်ဖွဲ့များသည် ဒေသတွင်းရှိ အမေရိကန် တပ်ဖွဲ့ဝင် များကိုသာမက အမေရိကန်၏ ဒေသတွင်း မဟာမိတ်နိုင်ငံများကိုပါ  ပစ်မှတ်ထား တိုက်ခိုက်မည်ဟု ၎င်းက ဆက်လက်ပြောသည်။

ထို့ကြောင့် အမေရိကန်အစိုးရအနေဖြင့် လက်ရှိ အခြေအနေအပေါ်   ကောင်းစွာ သုံးသပ်၍   ကိုင်တွယ်ဖြေရှင်းခြင်း မရှိဘဲ ခေါင်းမာစွာ ဆက်လက်လုပ်ဆောင်နေမည် ဆိုပါက အီရန်အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ်ဖွဲ့၏ လက်တုံ့ပြန်တိုက်ခိုက် မှုကိုသာမက ဒေသတွင်းရှိ အီရန်၏ မဟာမိတ် လက်နက်ကိုင် အဖွဲ့များ၏ တိုက်ခိုက်မှုကိုပါ  တစ်ပြိုင်တည်း  ရင်ဆိုင်ရဖွယ်ရှိသောကြောင့် အီရတ်နိုင်ငံသည် အမေရိကန်စစ်သည် ခြောက်သောင်းနီးပါး အသက်ဆုံးရှုံးစေခဲ့သည့် ဗီယက်နမ်ကဲ့သို့သော ဒုတိယစစ်မြေပြင် ဖြစ်လာနိုင်ကြောင်း ရေးသား တင်ပြလိုက်ရပါသည်။ 

ဇေယျဘုန်း

Ref: Stripes, Press TV

Read 27 times
Rate this item
(0 votes)
Last modified on Thursday, 09 January 2020 12:04