SJ WorldNews - шаблон joomla Авто

မြောက်ကိုရီးယားနှင့် ငြိမ်းချမ်းရေးကိုသာ အလိုရှိကြောင်း ပြောကြားခဲ့သည့် မွန်ဂျေးအင်

Friday, 10 January 2020 09:00 Written by  font size decrease font size decrease font size increase font size increase font size

မြောက်ကိုရီးယားနှင့် ဆက်ဆံရေး တိုးတက်ကောင်းမွန်စေရေး လုပ်ဆောင်ရန် အရေးတကြီး လိုအပ်လျက်ရှိပြီး လိုအပ်ပါက  မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်နှင့် တွေ့ဆုံရန် အသင့်ရှိကြောင်း  တောင်ကိုရီးယား သမ္မတ မွန်ဂျေးအင်က ဇန်န၀ါရီ ၇ ရက်တွင် ပြောကြားခဲ့သည်။

မွန်ဂျေးအင်၏ ပြောဆိုချက်သည် မြောက်ကိုရီးယားနှင့်  အမေရိကန် ပြည်ထောင်စုတို့ကြား ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းတွင်  ရပ်ဆိုင်းနေခဲ့သည့် နျူကလီးယား ဆွေးနွေးပွဲများ ပြန်လည် မစတင်နိုင်ဘဲ မြောက်ကိုရီးယား အစိုးရက ချမှတ်ထားသည့်   သက်တမ်းကုန်ဆုံးပြီး နောက်ပိုင်း ထွက်ပေါ်လာခြင်းဖြစ်သည်ဟု ဆိုနိုင်သည်။ 

မြောက်ကိုရီးယားနှင့်  အမေရိကန်ပြည်ထောင်စုတို့ကြား စေ့စပ်ဆွေးနွေးပွဲများ ပြန်လည် မကျင်းပနိုင်သေးမီ တောင်ကိုရီးယားနှင့်  မြောက်ကိုရီးယား နှစ်နိုင်ငံကြား ဆက်ဆံရေး ကောင်းမွန်မှုရှိစေရေးကြိုးပမ်းချက် တစ်ရပ်အနေဖြင့် ယခုကဲ့သို့တွေ့ဆုံရန် ပြောဆိုခဲ့ခြင်း

ဖြစ်နိုင်သည်။ ထို့ပြင် တောင်ကိုရီးယားနှင့် မြောက်ကိုရီးယား နှစ်နိုင်ငံကြား တွေ့ဆုံဆွေးနွေးပွဲများ ပြန်လည် ကျင်းပရန်   မွန်ဂျေးအင်က  မြောက်ကိုရီးယားအား တိုက်တွန်း ပြောဆိုခဲ့သည်။

တောင်ကိုရီးယားနှင့် မြောက်ကိုရီးယား နှစ်နိုင်ငံကြား ဆက်ဆံရေး တိုးတက်မှု နှေးကွေးနေခြင်းအပေါ် တောင်ကိုရီးယား အစိုးရက စိုးရိမ်လျက်ရှိပြီး နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်စေရေး လိုအပ်ပါက  မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်နှင့် တွေ့ဆုံရန်  အသင့်ရှိကြောင်း  မွန်ဂျေးအင်က  ပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် တောင်ကိုရီးယား အစိုးရအနေဖြင့်  မြောက်ကိုရီးယားနှင့် အမေရိကန် ပြည်ထောင်စုတို့ကြား တွေ့ဆုံဆွေးနွေးပွဲများ ကျင်းပနိုင်ရေး အတွက် အကူအညီ ပေးမည်ဖြစ်ပြီး မြောက်ကိုရီးယားနိုင်ငံနှင့် ငြိမ်းချမ်းရေးကိုသာ လိုလားကြောင်း  ၎င်းက ဆက်လက်ပြောကြားခဲ့သည့်အပြင် မြောက်ကိုရီးယား ခေါင်းဆောင်  ကင်ဂျုံအွန်ကို ဆိုးမြို့တော်သို့ လာရောက်လည်ပတ်ရန်  ဖိတ်ခေါ်ခဲ့သည်။

တစ်ချိန်တည်းမှာပင် တောင်ကိုရီးယား အစိုးရသည် နှစ်နိုင်ငံဆက်ဆံရေး ကောင်းမွန်လာစေရေး နယ်စပ်ရှိ ကေဆုန်စက်မှုဇုန် ပြန်လည်ဖွင့်လှစ်နိုင်ရန်နှင့် ကမ်ဂန်တောင်သို့ ခရီးသွားလာရေး အစီအစဉ်ကို  ပြန်လည်စတင်ရန်  ကြိုးပမ်းလျက်ရှိသည်။ ထို့ပြင် နှစ်နိုင်ငံကြား ရပ်ဆိုင်းထားခဲ့ရသည့်   ပူးတွဲစီမံကိန်းများ  ပြန်လည်စတင်ရန်  တောင်ကိုရီးယားအစိုးရက  လုပ်ဆောင်လျက်ရှိသည်။ တောင်ကိုရီးယားနှင့် မြောက်ကိုရီးယား

နှစ်နိုင်ငံကြား ပူးတွဲဖော်ဆောင်နေသော စီမံကိန်းများ သည် နိုင်ငံတကာက ချမှတ်ထားသည့် ပိတ်ဆို့မှုများကြောင့်  ရပ်ဆိုင်းသွားရခြင်းဖြစ်သည်။  ထို့ကြောင့် မွန်ဂျေးအင်သည် ၂၀၁၉ ခုနှစ်အတွင်းက အမေရိကန်ပြည်ထောင်စုသို့ သွားရောက်ခဲ့သည့် ခရီးစဉ်တွင် မြောက်ကိုရီးယားအပေါ် ချမှတ်ထားသည့်  အမေရိကန်နှင့် ကုလသမဂ္ဂတို့၏ ပိတ်ဆို့မှုများအနက်မှ   တချို့ကို ဖြေလျှော့ပေးရန်   အမေရိကန်သမ္မတ  ဒေါ်နယ်ထရမ့်အား တိုက်တွန်းပြောဆို ခဲ့သည်။  မွန်ဂျေးအင်၏ အဓိက ရည်ရွယ်ချက်မှာ အမေရိကန်အစိုးရက မြောက်ကိုရီးယားအပေါ် ချမှတ်ထားသည့်  ပိတ်ဆို့မှုတချို့ကို ပြန်လည်ဖြေလျှော့ပေးပါက အမေရိကန်နှင့် မြောက်ကိုရီးယားတို့ကြား   ဆက်ဆံရေး ကောင်းမွန်လာရုံသာမက   ကိုရီးယား ကျွန်းဆွယ်ပေါ်၌   တည်ငြိမ်အေးချမ်းရေးကို   ဆက်လက် ထိန်းသိမ်းနိုင်မည်ဖြစ်ကြောင်း ယုံကြည်ထားခြင်းကြောင့်ဖြစ်သည်။

ထို့ပြင် ပိတ်ဆို့မှုတချို့ကို ဖယ်ရှားလိုက်ခြင်းသည် တောင်ကိုရီးယားနှင့် မြောက်ကိုရီးယား နှစ်နိုင်ငံ ပူးတွဲ လုပ်ဆောင်နေသည့် နယ်စပ်စီမံကိန်းများ၊ စီးပွားရေး လုပ်ငန်းများ အပြန်အလှန် လုပ်ဆောင်ခြင်းများ အတွက်ပါ လမ်းဖွင့်ပေးနိုင်မည်ဖြစ်သည်။ သို့ရာတွင် မွန်ဂျေးအင်က   အမေရိကန် အစိုးရအား တောင်းဆိုမှုများ လုပ်ဆောင်ခဲ့ပြီးနောက် တစ်နှစ်နီးပါး အကြာတွင် ပိတ်ဆို့မှုများ  ဆက်လက်ရှိနေဆဲဖြစ်သောကြောင့် မြောက်ကိုရီးယားနှင့်  အမေရိကန်တို့ကြား ဖြစ်ပွားနေသည့် သဘောထားကွဲလွဲမှုမှာ လျော့ကျနိုင်မည့် အလားအလာ နည်းပါးလျက်ရှိသည်။

ထို့ကြောင့် အမေရိကန်က မြောက်ကိုရီးယားအပေါ် ချမှတ်ထားသည့်  ပိတ်ဆို့မှုများ အနက်မှ   တချို့ကို ဖြေလျှော့ပေးရန်  ငြင်းဆန်နေခြင်းသည် တောင်ကိုရီးယားနှင့် မြောက်ကိုရီးယား နှစ်နိုင်ငံကြား ဆက်ဆံရေး တိုးတက်စေ ရန်   လုပ်ဆောင်ရာတွင်  အဟန့်အတား တစ်ခုအဖြစ်   တည်ရှိနေသည်ဟု   တောင်ကိုရီးယား အစိုးရအဖွဲ့မှ  နိုင်ငံရေး ကျွမ်းကျင်သူများက   ထောက်ပြ ပြောဆိုထားခြင်းဖြစ်သည်။   တောင်ကိုရီးယား အစိုးရသည် အထူးသဖြင့် မြောက်ကိုရီးယားနိုင်ငံ၏ စီးပွားရေး တိုးတက်မှုကို  အထောက်အကူ ပြုနိုင်ရေးအတွက်   ယင်းနိုင်ငံနှင့် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုများကို လုပ်ဆောင်ရန် ဆန္ဒ ရှိသော်လည်း ယင်းနိုင်ငံအပေါ် ချမှတ်ထားသည့်  နိုင်ငံတကာ ၏ ပိတ်ဆို့မှုများကြောင့် ထိထိရောက်ရောက် ဆောင်ရွက်နိုင်ခြင်း မရှိသည်ကို တွေ့ရသည်။

နျူကလီးယား ဆွေးနွေးပွဲများ ရပ်ဆိုင်းနေခြင်းကို အဆုံးသတ်နိုင်ရေးအတွက် အမေရိကန်က သတ်မှတ်ထားသည့် ကာလအတွင်း လုပ်ဆောင်နိုင်ခြင်း မရှိပါက မြောက်ကိုရီးယားအစိုးရက မဟာဗျူဟာမြောက် လက်နက်သစ် တစ်ခုကို  မကြာမီတွင် ထုတ်ဖော်ပြသမည်ဟု မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်က ပြောဆိုပြီးနောက်ပိုင်း တောင်ကိုရီးယား နိုင်ငံအနေဖြင့် ကိုရီးယားကျွန်းဆွယ် တည်ငြိမ်အေးချမ်းရေး အတွက် မြောက်ကိုရီးယားနှင့် ဆက်ဆံရေးကို   ထိန်းသိမ်းရန် ပိုမိုလုပ်ဆောင်နိုင်ရေး ဆုံးဖြတ်ခဲ့ဖွယ်ရှိသည်။

အဘယ်ကြောင့်ဆိုသော် မြောက်ကိုရီးယားနိုင်ငံ အနေဖြင့်   အစောပိုင်းက ပေးအပ်ထားသည့်  နျူကလီးယား ကင်းစင်ရေး ကတိက၀တ်များကို ဆက်လက် လိုက်နာရန် မလိုအပ်တော့ဟု   မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်က ဇန်န၀ါရီ ၁ ရက်တွင် လူသိရှင်ကြား ပြောဆိုခဲ့သည့်အပြင်   အမေရိကန် အစိုးရက မြောက်ကိုရီးယားအပေါ် ထားရှိသည့်ရပ်တည်ချက်၊ သဘောထားကို ပြောင်းလဲခြင်း မရှိပါက မြောက်ကိုရီးယားက နျူကလီးယား လက်နက်များကို ထုတ်လုပ်မည်ဟု ဆက်လက် ပြောကြားခဲ့ခြင်းကြောင့် ဖြစ်သည်။

မြောက်ကိုရီးယားခေါင်းဆောင်  ကင်ဂျုံအွန်၏ အဆိုပါပြောဆိုချက်သည် အမေရိကန် အစိုးရအဖွဲ့မှ မူဝါဒချမှတ်သူများအား များစွာ အထိတ်တလန့် မဖြစ်စေခဲ့သော်လည်း မြောက်ကိုရီးယား၏ အိမ်နီးချင်းနိုင်ငံ တချို့ကို  စိုးရိမ်မကင်းဖြစ်စေခဲ့ဖွယ် ရှိသည်။  တစ်ချိန်တည်းမှာပင် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်၏ အဆိုပါပြောဆိုချက်ကို ခြိမ်းခြောက်မှုအဖြစ် ရှုမြင်ခဲ့ပြီး ထိုသို့သော ခြိမ်းခြောက်မှုများနှင့် ရန်လိုမှုများသည် မြောက်ကိုရီးယား အပါအ၀င် တောင်ကိုရီးယားနှင့် အမေရိကန်ပြည်ထောင်စုတို့ကြား ဆက်ဆံရေး တိုးတက်ကောင်းမွန် လာစေရေးအတွက် အထောက်အကူပြုမည် မဟုတ်ဟု မွန်ဂျေးအင်က ယူဆထားသည်။

မွန်ဂျေးအင်နှင့်  မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်တို့သည် ၂၀၁၈ ခုနှစ်အတွင်း  သုံးကြိမ်တိုင်တိုင်   တွေ့ဆုံဆွေးနွေးပွဲများ ကျင်းပခဲ့ပြီးနောက် နှစ်နိုင်ငံ ဆက်ဆံရေးမှာ အတော်အတန် ကောင်းမွန်လာသည်။  သို့ရာတွင်  မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်နှင့် ဒေါ်နယ်ထရမ့်တို့ကြား ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလက    ဗီယက်နမ်နိုင်ငံ၌ ကျင်းပခဲ့သည့်  ထိပ်သီးဆွေးနွေးပွဲတွင် သဘောထား ကွဲလွဲမှုများ ဖြစ်ပေါ်ခဲ့ပြီးနောက်  ရလဒ်တစ်စုံတစ်ရာ ထွက်ပေါ်လာခြင်းမရှိဘဲ ဆွေးနွေးပွဲကို  အဆုံးသတ်ခဲ့ရာမှ ယင်းနှစ်နိုင်ငံကြား ကျင်းပနေသည့် နျူကလီးယား ဆွေးနွေးပွဲများလည်း ရပ်ဆိုင်းခဲ့ရသည်။  နောက်ပိုင်းတွင်  တောင်ကိုရီးယားနှင့်  မြောက်ကိုရီးယား နှစ်နိုင်ငံကြား ဆက်ဆံရေးမှာ ပြန်လည် အေးသွားခြင်းဖြစ်သည်။

အချုပ်အားဖြင့်ဆိုရပါမူ  တောင်ကိုရီးယား အစိုးရသည် ယခုနှစ်သစ်တွင် မြောက်ကိုရီးယားနှင့် ငြိမ်းချမ်းရေး တည်ဆောက်ရန် ဆန္ဒရှိနေပြီး  ရပ်ဆိုင်းနေသည့် နျူကလီးယားဆွေးနွေးပွဲများ ပြန်လည်စတင်ရေး အတွက် တတ်နိုင်သည့်ဘက်မှ အကူအညီပေးရန် အသင့်အနေအထား ရှိနေသည်။  သို့ရာတွင်  ရပ်ဆိုင်းနေသည့် ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် အကူအညီပေးရာတွင် လွယ်ကူမည့် အနေအထားမရှိပေ။ ဆွေးနွေးပွဲများ ပြန်လည်စတင်နိုင်ရေးအတွက် အဓိက လုပ်ဆောင်ရမည့် နိုင်ငံမှာ အမေရိကန်ဖြစ်ပြီး ယင်းနိုင်ငံအနေဖြင့် မြောက်ကိုရီးယားအပေါ် အလျှော့ပေး ဆက်ဆံမှသာ တောင်ကိုရီးယားက ဆန္ဒရှိနေသည့်   နျူကလီးယား ဆွေးနွေးပွဲများ ပြန်လည်စတင်နိုင်မည် ဖြစ်ပါကြောင်း ရေးသား တင်ပြလိုက်ရပါသည်။         

ဇေယျဘုန်း

Ref: The National Interest,

Reuters, Sputnik

Read 21 times
Rate this item
(0 votes)
Last modified on Friday, 10 January 2020 09:01