SJ WorldNews - шаблон joomla Авто

အီရတ်အစိုးရ၏ တောင်းဆိုချက်ကို ငြင်းဆိုပြီး အာခံမှုကို ပြသလိုက်သည့် အမေရိကန်

Monday, 13 January 2020 10:55 Written by  font size decrease font size decrease font size increase font size increase font size

နိုင်ငံအတွင်း  တပ်ဖြန့်ထားသည့်  အမေရိကန် စစ်သည်များအား ပြန်လည်ရုပ်သိမ်းပေးရန် အီရတ် လွှတ်တော်နှင့် အစိုးရ၏ တောင်းဆိုချက်ကို အမေရိကန် အစိုးရက ငြင်းဆန်လိုက်သဖြင့် ကမ္ဘာ့နိုင်ငံ အများအပြားကို အံ့အားသင့်စေခဲ့သည်။

အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့အနီး၌ အမေရိကန်က ပြုလုပ်ခဲ့သည့်   မောင်းသူမဲ့လေယာဉ် တိုက်ခိုက်မှုကြောင့် အီရန်စစ်ဘက်မှ ထိပ်တန်းအရာရှိကြီးတစ်ဦး အပါအဝင် လူတချို့သေဆုံးခဲ့ပြီးနောက် အမေရိကန်၏ လုပ်ဆောင်ချက်သည် နိုင်ငံ၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို ချိုးဖောက်ခြင်း ဖြစ်သည်ဟု ဆိုကာ နိုင်ငံတစ်ဝန်းလုံး၌ ဖြန့်ကြက်ထားသည့် အမေရိကန်တပ်ဖွဲ့ဝင်များအား   ပြန်လည်ရုပ်သိမ်းပေးရန်   အီရတ်က အမေရိကန် အစိုးရအား တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

သို့ရာတွင် အီရတ်အစိုးရအား အမေရိကန် အစိုးရက ပြန်ပေးလိုက်သည့်အဖြေမှာ အီရတ်နိုင်ငံအတွက် ထင်မှတ်မထားသည့် အဖြေတစ်ရပ်အဖြစ်  ထွက်ပေါ်လာသည်။ အီရတ်၌ တပ်ဖြန့်ထားသည့် အမေရိကန် စစ်သည်များကို ပြန်လည်ရုပ်သိမ်းမည် မဟုတ်ဟူသော ဆုံးဖြတ်ချက်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အရှေ့အလယ်ပိုင်းဒေသ တည်ငြိမ်ရေး လုပ်ဆောင်ရာတွင် စစ်ရေးအရ ပိုမိုပါဝင်လုပ်ဆောင်ရန် NATO  တပ်ဖွဲ့အကြီးအကဲ ဂျန်စတိုတန်ဘာ့အား တောင်းဆိုခဲ့ပြီး နောက်ပိုင်း ထွက်ပေါ်လာခြင်း ဖြစ်သည်။ ထရမ့်က NATO  အတွင်းရေးမှူးချုပ် ဂျန်စတိုတန်ဘာ့အား ပြီးခဲ့သည့်တစ်ပတ်အတွင်း တယ်လီဖုန်းမှတစ်ဆင့် တောင်းဆိုခဲ့ခြင်းဖြစ်ပြီး ထရမ့်၏ အဆိုပါ တောင်းဆိုချက်ကို ဂျန်စတိုတန်ဘာ့က သဘောတူလက်ခံခဲ့သည်။

ထို့ကြောင့်  အီရတ်နိုင်ငံအတွင်းရှိ  အမေရိကန် စစ်အခြေစိုက်စခန်းများကို  အီရန်က ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ပြီးနောက် အမေရိကန်ပြည်ထောင်စုအတွင်း ထွက်ပေါ်လာခဲ့သည့် စိုးရိမ်မကင်းဖြစ်မှုများအတွက် အမေရိကန်အစိုးရက အနည်းငယ် သက်သာစေခဲ့သည်ဟု ဆိုနိုင်သည်။  အဘယ်ကြောင့်ဆိုသော် ထရမ့်ဦးဆောင်သည့် အမေရိကန်အစိုးရက အီရန်အပေါ် အဓိကပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းကို အမေရိကန် လွှတ်တော်အမတ်များ၊ အထူးသဖြင့် ထရမ့်၏ ရီပတ်ဘလစ်ကန်လွှတ်တော်အမတ် အတော်များများကပင် ကန့်ကွက်နေခြင်းကြောင့်ဖြစ်ပြီး အမေရိကန်အစိုးရ၏ စစ်ရေးအရ လုပ်ဆောင်ခြင်းသည် အရှေ့အလယ်ပိုင်းရှိ အမေရိကန်၏အကျိုးစီးပွားကို  ထိခိုက်စေသည်ဟု ၄င်းတို့က ယုံကြည်နေခြင်းကြောင့် ဖြစ်သည်။ အီရတ်ရှိ  အမေရိကန်ဦးဆောင်သည့်  ညွန့်ပေါင်းအဖွဲ့၏ စစ်အခြေစိုက် စခန်းများအပေါ် အီရန်က ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုအတွင်း  အမေရိကန်စစ်သည် တစ်ဦးမျှ ဒဏ်ရာရရှိခဲ့ခြင်း မရှိဟု အမေရိကန်အစိုးရက ထုတ်ပြန်ထားသော်လည်း အီရန်၏ တိုက်ခိုက်မှုများအတွင်း ထိခိုက်မှုများ ရှိကြောင်း မီဒီယာများက ဖော်ပြခဲ့သည်။ သို့ရာတွင် အဆိုပါ သတင်းများကို အတည်ပြုနိုင်ခြင်း မရှိပေ။ အမေရိကန်စစ် အခြေစိုက်စခန်းများ အပေါ် တိုက်ခိုက်ခဲ့ခြင်းအတွက် အီရန်အပေါ် ပိတ်ဆို့မှုသစ်များ  ထပ်မံချမှတ်မည်ဟု ထရမ့်က ပြောကြားခဲ့သည်။

အီရန်နှင့် အမေရိကန်တို့ကြား စစ်ရေးအရ တင်းမာနေစဉ် အီရတ်၌ တပ်ဖြန့်ထားသည့် အမေရိကန်တပ်ဖွဲ့များအား ရုပ်သိမ်းပေးလိုက်လျှင် အီရန်နိုင်ငံအနေဖြင့် ဒေသတွင်းလွှမ်းမိုးမှု  ထပ်မံချဲ့ထွင်လာမည်ကို အမေရိကန်က စိုးရိမ်နေခြင်းကြောင့် အီရတ်၏ တောင်းဆို ချက်ကို ငြင်းဆိုလိုက်ခြင်း ဖြစ်သည်ဟု ဆိုနိုင်သည်။

ထို့ပြင် နောက်တစ်ချက်မှာ အမေရိကန်အစိုးရသည် အီရတ်အစိုးရက လုပ်ဆောင်နိုင်ခြင်း မရှိသည့် တောင်းဆိုချက် တစ်ရပ်ကို တောင်းဆိုခဲ့သည်။ ယင်းမှာ အကယ်၍ အီရတ်အစိုးရ အနေဖြင့် နိုင်ငံအတွင်း တပ်ဖြန့်ထားသည့် အမေရိကန်တပ်များအား ပြန်လည်ရုပ်သိမ်းစေလိုပါက နိုင်ငံအတွင်း တည်ဆောက် ဖွင့်လှစ်ထားသည့် စစ်အခြေစိုက် စခန်းများအတွက် ကုန်ကျစရိတ်များကို  ပြန်လည်ပေးအပ်ရမည်ဟူ၍ ဖြစ်သည်။

ကုန်ကျစရိတ်မှာ   ဒေါ်လာဘီလီယံနှင့် ချီနေသောကြောင့် ပြည်တွင်းစစ်ဒဏ်၊ IS စစ်သွေးကြွ အဖွဲ့၏ တိုက်ခိုက်မှုဒဏ်ကို မချိမဆံ့ ခံခဲ့ရသည့် အီရတ်နိုင်ငံအတွက်  ထိုသို့သော ငွေကြေးပမာဏသည် များပြား လွန်းလှသည်ကို အမေရိကန်က ကောင်းစွာသဘောပေါက်ထားသည်။ ထို့ပြင် အမေရိကန်အစိုးရသည် အီရတ်နိုင်ငံပိုင် ငွေကြေး ဒေါ်လာ ၃၅ ဘီလီယံကိုလည်း ထိန်းသိမ်းထားသည်။ ထို့ကြောင့် အမေရိကန်တပ်များအား နိုင်ငံအတွင်းမှ  ရုပ်သိမ်းစေလိုပါက အီရတ်အစိုးရအနေဖြင့် ကုန်ကျစရိတ်များကို ပြန်ပေးရန် အမေရိကန်က တောင်းဆိုထားခြင်း ဖြစ်သည်။

သို့ရာတွင် အီရတ်အနေဖြင့် အဆိုပါ ကုန်ကျစရိတ်ကို ပေးစွမ်းနိုင်မည့် အခြေအနေ မရှိပေ။ ထို့ပြင် အမေရိကန် အစိုးရ အနေဖြင့် အီရတ်မှ တပ်ဖွဲ့များ ပြန်လည် ရုပ်သိမ်းရေးနှင့် စပ်လျဉ်း၍   ဆွေးနွေးရန်ဆန္ဒမရှိဟု ဆိုနိုင်သည်။  အကြောင်းမှာ  အီရန်အစ္စလာမ်မစ်တော်လှန်ရေး အစောင့်တပ်ဖွဲ့အကြီးအကဲ  ဗိုလ်ချုပ်ကာဆန်ဆိုလေမာနီအား  အမေရိကန်က လုပ်ကြံသတ်ဖြတ်မှုကို  တုံ့ပြန်သည့်အနေဖြင့်  အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့တော်ရှိ အမေရိကန်သံရုံး အပါအဝင် ဒေသတွင်းဖွင့်လှစ်ထားသည့် အမေရိကန်သံရုံးလေးခုနှင့် အမေရိကန်၏ အကျိုးစီးပွားများကို ပစ်မှတ်ထား တိုက်ခိုက်လာနိုင်သည်ဟု အမေရိကန်က ယူဆနေသည်။

ထို့ကြောင့် အဆိုပါ တိုက်ခိုက်မှုများကို ဟန့်တားနိုင်ရေးအတွက် အမေရိကန်တပ်များကို အီရတ်နှင့်တခြားဒေသတွင်းရှိ မဟာမိတ်နိုင်ငံတို့၌ ဆက်လက်ဖြန့်ကြက်ရန် ဆန္ဒရှိနေခြင်း ဖြစ်သည်။ အမေရိကန်သည် အီရန်၏ ဒေသတွင်း လုပ်ဆောင်မှုများကို စောင့်ကြည့်ရန် ဆော်ဒီအာရေဗျ၌ တပ်ဖွဲ့ဝင်များအား ဖြန့်ကြက်ထားပြီး  အာရပ်နိုင်ငံ တချို့၌လည်း  စစ်အခြေစိုက်စခန်းများ ဖွင့်လှစ်ထားရှိသည်။

ထို့ပြင် အရှေ့အလယ်ပိုင်းဒေသ၌ အမေရိကန်က စစ်ရေးအရ ပါဝင်နေခြင်းသည် ဒေသတွင်းနိုင်ငံများ၏ လုံခြုံရေးအတွက် အထောက်အကူပြုနေသည်ဟု အမေရိကန်အစိုးရက ယူဆလျက်ရှိသည်။ အလားတူ အမေရိကန် အစိုးရသည် အီရန်အရေး၊ အရှေ့အလယ်ပိုင်း၌ NATO  တပ်ဖွဲ့၏ ပါဝင်လုပ်ဆောင်မှု အခန်းကဏ္ဍကို တိုးချဲ့ရေးနှင့်  ထိုသို့တိုးချဲ့ရာတွင်  ကုန်ကျစရိတ်မျှခံရေး စသည့်ကိစ္စရပ်များနှင့် ပတ်သက်၍ ကနေဒါနှင့် ဆွေးနွေးတိုင်ပင် လျက်ရှိသည်။ အမေရိကန်၏ ဆန္ဒကို ကြည့်မည်ဆိုပါက NATO  တပ်ဖွဲ့အား အာဖဂန်နစ္စတန်၌ စစ်ရေးအရ ပါဝင်နေသည့် အခန်းကဏ္ဍထက် အရှေ့အလယ်ပိုင်း အရေးတွင် ပါဝင်လာရေးအတွက် ဆွဲဆောင်သိမ်းသွင်းနိုင်ရန် ကြိုးပမ်းလျက်ရှိသည်ဟု ဆိုနိုင်သည်။

အချုပ်အားဖြင့် ဆိုရပါမူ ယခုအခါ အမေရိကန်က ၄င်း၏တပ်များအား နိုင်ငံအတွင်းမှ ရုပ်သိမ်းပေးရန် အီရတ်အစိုးရ၏  တောင်းဆိုချက်ကို  လူသိရှင်ကြား ငြင်းဆိုလိုက်ပြီ ဖြစ်သည်။ အီရတ်နိုင်ငံသည် အမေရိကန်တပ်များက ၂ဝဝ၃ ခုနှစ်တွင် ကျူးကျော်တိုက်ခိုက်ပြီး ချိန်မှစ၍  ပြည်တွင်းပဋိပက္ခများ၊ ဆယ်စုနှစ်ပေါင်း များစွာကြာ လက်နက်ကိုင် တိုက်ခိုက်မှုများနှင့် ရင်ဆိုင်ခဲ့ရပြီး ဖြစ်သည်။ အဆိုပါ ကာလများအတွင်း အီရတ်ရှိ နိုင်ငံရေးသမား၊ လွှတ်တော်အမတ်တချို့မှာ အမေရိကန်ကို ထောက်ခံခဲ့ကြပြီး တချို့မှာ အိမ်နီးချင်းနိုင်ငံလည်းဖြစ်၊ ဒေသတွင်းလွှမ်းမိုးမှု ချဲ့ထွင်လာနိုင်သည့် အီရန်ကို ထောက်ခံခဲ့ကြသည်။ အမေရိကန်အစိုးရက အီရတ်မှ  ၄င်းတို့၏ စစ်သည်များကို  ပြန်လည် ရုပ်သိမ်းရန် ငြင်းဆိုခဲ့ခြင်းကြောင့်  အီရတ်နိုင်ငံသည် အီရန်နှင့်အမေရိကန်တို့ကြား  စစ်ရေးတင်းမာမှုများ ဆက်လက်ဖြစ်ပေါ်ရာ ဒေသတစ်ခု အဖြစ်သို့ ရောက်ရှိ လာစေနိုင်သည့်အပြင် အရှေ့အလယ်ပိုင်းရှိ အမေရိကန်၏ အကျိုးစီးပွားများမှာလည်း  ခြိမ်းခြောက်မှုများနှင့် တွေ့ကြုံလာရဖွယ် ရှိကြောင်း ရေးသားဖော်ပြ လိုက်ရပါသည်။       

 မောင်ယုယ

Ref: Slate, Reuters, Sputnik

 

Read 25 times
Rate this item
(0 votes)
Last modified on Monday, 13 January 2020 10:56