SJ WorldNews - шаблон joomla Авто

Lockdown ချမှုများကြောင့် ကြည်လင်သည့်ကောင်းကင်နှင့်သန့်ရှင်းသည့်ပတ်ဝန်းကျင်ကို အသစ်တစ်ဖန်ပိုင်ဆိုင်လာသည့်အိန္ဒိယ

Friday, 03 April 2020 10:35 Written by  font size decrease font size decrease font size increase font size increase font size

ကမ္ဘာ့နိုင်ငံပေါင်း ၂ဝဝ ကျော်၌ COVID-19 ရောဂါကူးစက်ပြန့်ပွားမှု တစ် သန်းနီးပါးရှိလာ ချိန်တွင် အိန္ဒိယနိုင်ငံ၌ ကမ္ဘာ့အကြီးမားဆုံးပိတ်ဆို့မှုကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပြုလုပ် ထားသည်။

လူဦးရေ ၁ ဒသမ ၃ ဘီလီယံရှိသည့် ကမ္ဘာ့အင်အားကြီးနိုင်ငံတစ်နိုင်ငံကို မတ် ၂၅ ရက်မှစ၍ ၂၁ ရက်ပိတ်ပင်ထားခြင်းကို ဝန်ကြီးချုပ်မိုဒီ ကိုယ်တိုင်ကြေညာခဲ့ပြီး မလိုက်နာသူများအား ဗျူရိုကရေစီယန္တရားအရ ရဲများကို လုပ်ပိုင်ခွင့်အာဏာအပြည့် အဝပေးကာ အပြစ်ပေးစနစ်ဖြင့် ဆောင်ရွက်နေသည်။

ထို့ကြောင့် လမ်းပေါ်ထွက်သူများနှင့် ဗလီခိုးတက်သူများကို လူမျိုးဘာသာမခွဲခြားဘဲ ရိုက်နေ သည့်ဗီဒီယိုဖိုင်များ လူမှုကွန်ရက်ပေါ်၌ ရေပန်းစားနေသကဲ့သို့ အိန္ဒိယနိုင်ငံသား အများစုက  မိုဒီ၏လုပ်ရပ်ကို ထောက်ခံသည်ဟု ဆိုရမည်ဖြစ်သည်။ လူဦးရေ ၁ ဒသမ ၃ ဘီလီယံရှိသည့် နိုင်ငံ၌ အကယ်၍ COVID-19 ရောဂါကူးစက်ပြန့်ပွားမှု များပြားလာပါက ထိန်းမနိုင်သိမ်း မရဖြစ်ကာ အကြီးမားဆုံးနစ်နာ ဆုံးရှုံးမှုများနှင့် တွေ့ကြုံရမည်ဖြစ်သည်။

ထို့ကြောင့် ကာဖျူးအမိန့်ထုတ်ပြီး ၁၄ နာရီအကြာ တစ်နိုင်ငံလုံးပိတ်ဆို့မှုကို မတ် ၂၅ ရက်တွင် စတင်ပြီး ယခု အိန္ဒိယနိုင်ငံရှိ လမ်းမများပေါ်၌ သွားလာသူမရှိ၊ မော်တော်ယာဉ်မရှိ၊ ရထားမရှိ  မြို့ပျက်ကြီးအလား ထင်မှတ်မှားစရာ ဖြစ်နေသည်။ ထိုအချိန် အိန္ဒိယနိုင်ငံသားတို့ ဆယ်စုနှစ် နှင့်ချီမမြင်ရသည့် အရာများကို မြင်တွေ့ရန် အကြောင်းဖန်လာခဲ့သည်။ နယူးဒေလီနှင့်   မွမ်ဘိုင်းမြို့တို့၏ ကြည်လင်သည့် ကောင်းကင်နှင့် သန့်ရှင်းသော လေထုအသစ် တစ်ဖန်ပြန် လည်နိုးထလာခြင်းက တစ်နိုင်ငံလုံး ပိတ်ဆို့မှုများ၏ အကျိုးရလဒ်ကြောင့် ဖြစ်သည်။

၂ဝ၁၉ ခုနှစ်ကုန်အထိ ကမ္ဘာပေါ်ရှိ လေထုအညစ်ညမ်းဆုံးမြို့ပေါင်း ၃ဝ ၌အိန္ဒိယနိုင်ငံရှိ မြို့ ကြီး ၂၁ မြို့အထိ ပါဝင်နေကာ ပန်းနာရင်ကျပ်ရောဂါကို အိန္ဒိယနိုင်ငံသားတို့  သာမန်ရောဂါ တစ်ခုအဖြစ် လက်ခံလာသည့် အခြေအနေတစ်ရပ် အထိဖြစ်ခဲ့သည်။ ထို့ကြောင့် လေထု ညစ်ညမ်းမှုကြောင့် လူသေဆုံးမှုစာရင်းတွင် အိန္ဒိယက ထိပ်ဆုံးမှပါလာပြီး စက်ရုံအလုပ်ရုံနှင့်  မော်တော်ယာဉ်၊ ရထား၊ ရုပ်ကြွင်းလောင် စာအသုံးပြုစွမ်းအင်ချက် စက်ရုံများမှ ထွက်လာ သည့် ကာဗွန်ဒိုင်အောက်ဆိုက်တို့က အိန္ဒိယနိုင်ငံသားတို့ကို တဖြည်းဖြည်းချင်း သတ်နေ သည်။

ထို့ကြောင့် လေထုညစ်ညမ်းမှုကို သဘာဝပတ်ဝန်းကျင်ပညာရှင်တို့က တိတ်တဆိတ် လူသတ် သမားဟု အမည်ပေးထားသည်။ ကမ္ဘာပေါ်၌  လေထုညစ်ညမ်းမှုကြောင့် နှစ်စဉ် သေဆုံးသူ ဦးရေ ၇ သန်းကျော်ရှိကာ ထက်ဝက်ခန့်က အာရှမှဖြစ်သည်။ ထိုအာရှနိုင်ငံများအနက်    တရုတ်နှင့် အိန္ဒိယတို့က သေဆုံးမှုစာရင်း ထိပ်ဆုံး၌  နေရာယူထားကာ ဖွံ့ဖြိုးမှုနောက်ကို အသည်းအသန် လိုက်နေသောကြောင့် သဘာဝဘေးအန္တရာယ်ကို မေ့လျော့ထား ကြခြင်းဖြစ် သည်။

တရုတ်နှင့်အိန္ဒိယတို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများကို မည်မျှပင် ဆောင် ရွက်နေသည်ဟုဆိုစေကာမူ အလုံးစုံပြီးမြောက်သည်ဟုမရှိဘဲ ယခု လူလုပ်ညစ်ညမ်းမှုများအား    မည်သည့် အတိုင်းအတာအထိ ဖယ်ရှားမှုများပြုလုပ်နိုင်သည်ကို ထင်ထင်ရှားရှားကြီး တွေ့ နေရပြီဖြစ်သည်။ တရုတ်နိုင်ငံ၌ COVID-19 ရောဂါ၏ အဓိကပြန့်ပွားရာ ဝူဟန်ဆိုလျှင်မြို့ကို ပိတ်ဆို့မှု မလုပ်မီက မြို့၏ကောင်းကင်၌ မြူခိုးများနှင့်ပြည့်နှက်နေပြီး ပိတ်ဆို့မှုပြုလုပ်ပြီး နှစ်ပတ်အကြာတွင် ကြည်လင်သည့် အပြာရောင်ကောင်းကင်ဖြင့် တစ်ဖန်နိုးထလာသည်။

ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုကလည်း တရုတ်တစ်နိုင်ငံလုံး၌ ၂၅ ရာခိုင်နှုန်းအထိ ကျဆင်းသွားကာ သဘာဝပတ်ဝန်းကျင်အတွက် ဗိုင်းရပ်က တစ်ဖက်တစ်လမ်းက အထောက် အကူဖြစ်စေခဲ့သည်ဟု သဘာဝပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှားသူတို့က အကောင်း ဘက်မှ တစ်နည်းတစ်ဖုံနှင့် ယူဆနေကြသည်။

ထိုနည်းတူ အိန္ဒိယ၌လည်း တစ်ပတ်ကျော် ကာလအတွင်း လေထုညစ်ညမ်းမှု မှတ်တမ်းများ သည် အနိမ့်ဆုံးအဆင့်အထိ ကျဆင်းလာသောကြောင့် လူသားတို့ သဘာဝပတ်ဝန်းကျင် အတွက် တစ်ဖက်မှကောင်းသည်ဟု ဆိုနေကြသူအများစုရှိလာကာ လက်ရှိ နယူးဒေလီ၏ ကောင်းကင်က အထင်ရှားဆုံး ဥပမာဖြစ်သည်။

၂ဝ၁၉ ခုနှစ် နိုဝင်ဘာလက အိန္ဒိယနိုင်ငံရှိ မြို့ကြီးများသည် အဝါရောင်မြူခိုးများ အုံ့ဆိုင်းနေခဲ့ သည့်အတွက် ရှူရှိုက်ရန် အန္တရာယ်အရှိဆုံးအဆင့် သတ်မှတ်ကာ ကျောင်းများပိတ်ရန် အထိပင် သဘာဝပတ်ဝန်းကျင် အရေးတက်ကြွ လှုပ်ရှားသူများက လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြသည်။ သို့သော်လည်း သုံးလကျော်ကြာသည့် အချိန်တွင် ဗိုင်းရပ်ပြန့်ပွားမှုစတင်ပြီး မတ် ၂ ရက် အိန္ဒိယလေထုညစ်ညမ်းမှုအညွှန်း ကိန်းက ၇၁ ရာခိုင်နှုန်းအထိ ကျဆင်းသွားကာ  လေရှူရှိုက်ရန် အကောင်းဆုံးဟု အိန္ဒိယပညာရှင်များက ကြေညာချက် ထုတ်ပြန်ထားသည်။

ယခင်က လေထုညစ်ညမ်းမှု တစ်ကုဗ မီတာတွင် PM2.5 ပါဝင်နှုန်း ၉၁ မိုက်ခရိုဂရမ်ရှိနေရာမှ ပိတ်ဆို့မှုအပြီး တစ်ပတ်အကြာတွင် ၇၁ ရာခိုင်နှုန်းထိုးကျသွားကာ ၂ဝ မိုက်ခရိုဂရမ်သာရှိ တော့သည်။ နိုက်ထရိုဂျင်ဒိုင်အောက်ဆိုက်များ၏ ပါဝင်နှုန်းကလည်း ကုဗမီတာတစ်မီတာလျှင်  ၅၂ ရာခိုင်နှုန်းရှိရာမှ ၁၅ ရာခိုင်နှုန်းအထိ ကျဆင်းသွားကာ WHO ၏ အညွှန်းကိန်းများနှင့် အညီဖြစ်လာသည်။

WHO က တစ်ကုဗမီတာတွင် PM2.5 ပါဝင်နှုန်း ၂၅ နှင့် အထက်ရှိလျှင် မလုံခြုံသည့် အဆင့်အဖြစ် သတ်မှတ်ကာ ယခု အိန္ဒိယ၌ ၂ဝ သာ ပါဝင်နှုန်းရှိတော့သည်။ အိန္ဒိယ၏   တခြား အဓိကမြို့ကြီးများဖြစ်သည့် မွမ်ဘိုင်း၊ ချန်နိုင်း၊ ကာလကတ္တား၊ ဘန်ဂလောမြို့တို့၌ လည်း လေထုညစ်ညမ်းမှု စံချိန်တင်အညွှန်းကိန်းများ လျော့ကျခဲ့ကာ Breathing here is injurious to your health စာအုပ်ကို ရေးနေသည့် စာရေးဆရာ ပန်ဒီလာဗာကဲကိုယ်တိုင်ပင် လက်ရှိအချိန်သည် အိမ်ပြင်ထွက်ပြီး လမ်းလျှောက်အသက်ရှူရန် အကောင်းဆုံးဟု ဆိုခဲ့ သည်။

PM2.5 နှင့် PM10 အမှုန်များသည် အချင်းအားဖြင့် ၁ဝ မိုက်ခရိုမီတာထက် သေးငယ်ပြီး လူခန္ဓာကိုယ် ဒွါရပေါက်များမှ ခန္ဓာကိုယ်အတွင်းထဲထိ ဝင်ရောက်နိုင်ကာ အသက်ရှူလမ်း ကြောင်းနှင့် ဆက်စပ်ရောဂါများ၊ အဆုတ်နှင့်ပတ်သက်သည့် ရောဂါများအပါအဝင် သွေး လည်ပတ်မှုကို အဓိက ဒုက္ခပေးသည်။ ထို့ကြောင့် အန္တရာယ်အရှိဆုံး တိတ်တဆိတ်လူသတ် သမားအဖြစ် ပညာရှင်တို့က သတိပေးကာ လေထုညစ်ညမ်းမှုကို လျှော့ချရန် အစဉ်တစိုက် သတိပေးနေခြင်းဖြစ်သည်။ ယခုဗိုင်းရပ်ပြန့်ပွားမှုက လူသားတို့ကြောင့်  သဘာဝပတ်ဝန်းကျင် မည်မျှညစ်ညမ်းနေရသည်ကို မီးမောင်းထိုးပြနေပြီး ပိတ်ဆို့မှုများက ပြန်လည်ကုသမှုများကို မည်မျှအထိ ပြုလုပ်နိုင်သည်ကိုလည်း အညွှန်းကိန်းများ က သက်သေပြနေသည်။

ကမ္ဘာလှည့်ခရီးသွားများနှင့် ပြည့်နှက်နေတတ်သည့် ပီရူးကမ်းခြေ၌ ယခု စင်ရော် အုပ်ကြီး များက နေရာယူထားကာ ဗြိတိန် လမ်းမများပေါ်၌ ဆိတ်များပင် လာရောက် ကျက်စား နေသည်။ အီတလီ၏ ရောမမြို့ဟောင်းနေရာများမှာလည်း စိမ်းလန်းစိုပြည်သည့် မြက်ခင်း များနှင့် သဘာဝအလှတို့က ပြန်လည်လန်းဆန်းလာကာ သဘာဝပတ်ဝန်းကျင်ပညာရှင်တို့က ဗိုင်းရပ်ကြောင့် ဆေးပညာသင်ခန်းစာများအပြင် ကမ္ဘာကြီးကိုပြန်လည်ကုသမည့် သင်ခန်းစာ များလည်း ရရှိကြမည်ဟု မျှော်လင့်နေပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။    

ရှိန်းထက်

Ref;CNN

Read 36 times
Rate this item
(0 votes)
Last modified on Friday, 03 April 2020 10:36