SJ WorldNews - шаблон joomla Авто

နိုဗယ်ကိုရိုနာဗိုင်းရပ်ကို တိုက်ထုတ်နိုင်ခြေရှိတဲ့ နောက်ထပ်ကုထုံးတစ်ခု

Wednesday, 08 April 2020 12:03 Written by  font size decrease font size decrease font size increase font size increase font size

ကျန်းမာရေး

ကမ္ဘာပေါ်မှာ နိုဗယ်ကိုရိုနာဗိုင်းရပ် ကူးစက်ခံရသူအရေအတွက်ဟာ တစ်နေ့တခြားမြင့်တက် လာနေပါတယ်။ ဧပြီ ၇ ရက်စာရင်းအရဆိုရင် တစ်ကမ္ဘာလုံးမှာ ကူးစက်ခံရသူ စုစုပေါင်း ၁၃၈၁ဝ၁၄ ဦးရှိပါတယ်။ ဗိုင်းရပ်ကြောင့် သေဆုံးသူ စုစုပေါင်းကတော့ ၇၈၂၆၉ ဦးပါ။

အခုဆိုရင် ကမ္ဘာ့အကောင်းဆုံးဆိုတဲ့ ဓာတ်ခွဲခန်းတွေ၊ ကမ္ဘာ့အတော်ဆုံးဆိုတဲ့ သိပ္ပံပညာရှင် တွေကလည်း ဗိုင်းရပ်ကိုတိုက် ထုတ်နိုင်ရေးအတွက် ကုထုံးတွေ၊ ဆေးဝါးတွေကို အစွမ်းကုန် ရှာဖွေနေပါတယ်။ ဒါပေမဲ့ လက်ရှိမှာတော့ ဗိုင်းရပ်ကြောင့်ဖြစ်တဲ့ ကိုဗစ်-၁၉ ရောဂါကို   ဘယ် လိုကုထုံးက ပျောက်ကင်းစေတယ်ဆိုတာ ယတိပြတ် မသိရသေးပါဘူး။

လက်ရှိစမ်းသပ်မှုတွေအနက် ဘေးထွက်ဆိုးကျိုးအနည်းဆုံးနဲ့ ရောဂါပျောက်ကင်းနိုင်မယ်လို့ ယူဆခံထားရတာတွေက ငှက်ဖျားရောဂါပျောက်ဆေးနဲ့ တုပ်ကွေး ရောဂါပျောက်ဆေး တချို့ ဖြစ်ပါတယ်။

ဒီဆေးတွေကလည်း အခုမှစမ်းသပ်မှုတွေ လုပ်နေဆဲ ဆေးတွေဖြစ်တဲ့အတွက် နိုဗယ်ကိုရိုနာ ဗိုင်းရပ်ကို တိုက်ထုတ်နိုင်ခြင်း ရှိ၊ မရှိဆိုတာ အတိအကျ မသိရသေးပါဘူး။

အခုနောက်ထပ် ကုထုံးတစ်မျိုး ထွက်ပေါ်လာပါပြီ။ အဲဒီကုထုံးကတော့ ဗိုင်းရပ်ကူးစက်ခံရပြီး နောက် နေပြန်ကောင်းလာသူတွေဆီက ပလာစမာလို့ခေါ်တဲ့ သွေးရည်ကြည်ကို ဗိုင်းရပ်ကူး စက်ခံထားရသူထံ သွင်းပေးပြီး ကုသတဲ့နည်းဖြစ်ပါတယ်။ ပလာစမာဆိုတာ အဝါရောင်သွေး ရည်ကြည်ဖြစ်ပြီး အဲဒီထဲမှာ သွေးနီဥ၊ သွေးဖြူဥများနဲ့ ပရိုတိန်းတွေအပြင် ဗိုင်းရပ်ကိုတိုက် ထုတ်နိုင်တဲ့ ပဋိပစ္စည်းတွေလည်း ပါဝင်ပါတယ်။ ဒါ့အပြင် အဲဒီပလာစမာဟာ လူ့ခန္ဓာကိုယ် ထဲမှာရှိတဲ့သွေးရဲ့ ထုထည်အားဖြင့် ၅၅ ရာခိုင်နှုန်းခန့်ရှိပါတယ်။ အဲဒါက ဘယ်နေရာတွေမှာ အဓိက အသုံးဝင်လဲဆိုရင် ခန္ဓာကိုယ်ကို ရောဂါပိုးကူးစက်မှုတွေနဲ့ သွေးတွင်းမညီမျှမှု အခြေ အနေတွေကနေ ကာကွယ်ပေးပါတယ်။

ပြီးခဲ့တဲ့ ကပ်ရောဂါတွေလို့ဆိုရမယ့် အီဘိုလာနဲ့ဆား(စ်) ရောဂါတွေအပါအဝင် တခြားကူးစက် ရောဂါတွေကို ပလာစမာ သွင်းကုထုံးနဲ့ ကုသရာမှာ အောင်မြင်မှုတွေရှိတာကို တွေ့ထားရပါ တယ်။

ဒီနေရာမှာ ဗိုင်းရပ်ကူးစက်မှုပုံစံကို တင်ပြချင်ပါသေးတယ်။ ဗိုင်းရပ်ကလူ့ခန္ဓာ ကိုယ်ထဲဝင်သွား နိုင်ပြီဆိုတာနဲ့ ကလာပ်စည်းတွေမှာ ကပ်ငြိမယ်။ ကလာပ်စည်း ထုတ်လုပ်တဲ့ အစိတ်အပိုင်း တွေကိုအပိုင်စီးပြီး နောက်ထပ်ပုံတူ ဗိုင်းရပ်တွေကို ထုတ်လုပ်ပါတယ်။

ဒီလိုဗိုင်းရပ်ကို တိုက်ထုတ်ဖို့အတွက် ကိုယ်ခံအားစနစ်ကနေ ဗိုင်းရပ်ကိုတိုက်ထုတ် နိုင်တဲ့ပဋိ ပစ္စည်းထုတ်ပေးပါတယ်။ အဲဒီ ပဋိပစ္စည်းက ဗိုင်းရပ်ရဲ့ပရိုတိန်းအစိတ်အပိုင်း တချို့မှာကပ်ငြိပြီး ရောဂါမကူးစက်နိုင်စေဖို့ ဟန့်တားပေးတာဖြစ်ပါတယ်။

အခုနိုဗယ်ကိုရိုနာ ဗိုင်းရပ်မှာဆိုရင် သူ့မှာပါတဲ့ စပိုက်ပရိုတိန်းကို ဗိုင်းရပ်ကို တိုက်ထုတ်နိုင်တဲ့ ပဋိပစ္စည်းက ပစ်မှတ်ထားတိုက်ခိုက်တာဖြစ်ပါတယ်။ အဲဒီပဋိပစ္စည်းက ကိုယ်ခံအားကောင်းသူ တွေဆိုရင် ရက်ပိုင်းအတွင်း သို့မဟုတ် သီတင်းပတ် တစ်ပတ်၊ နှစ်ပတ် အတွင်းထွက်လာ ပါတယ်။

အခုကုထုံးက အဲဒီပဋိပစ္စည်းကို လူနာ ခန္ဓာကိုယ်ထဲချက်ချင်း ရောက်အောင်သွင်း ပေးတဲ့နည်း ဖြစ်ပါတယ်။ ဒါကြောင့် ဗိုင်းရပ်ကူးစက်ခံရပြီး နေပြန်ကောင်း လာသူတွေရဲ့ ပလာစမာထဲမှာ ရောဂါအောင်တဲ့ ပဋိပစ္စည်းပါ၊ မပါဆိုတာကို အရင်ဆန်းစစ်ဖို့လိုပါတယ်။ ဒါပေမဲ့ ရောဂါကျွမ်း နေတဲ့လူနာတွေမှာတော့ ဗိုင်းရပ်ကနိုင်သွားပြီဖြစ်တဲ့အတွက် ဒီကုထုံးက အလုပ်ဖြစ်နိုင်မှာ မဟုတ်ဘူးလို့ ဝါရှင်တန်ဆေးတက္ကသိုလ်မှ ကူးစက်ရောဂါပညာရှင်နဲ့ သိပ္ပံပညာရှင်   ဂျက်ဖ ရေးဟန်ဒါဆန်က ပြောပါတယ်။

အဓိကအားဖြင့်တော့ ဗိုင်းရပ်ပျောက် ဆေးတွေကို မတုံ့ပြန်နိုင်တော့တဲ့ အရေးပေါ်လူနာတွေ ကိုကုသဖို့အတွက် တခြားနည်းလမ်းအနေနဲ့ ပလာစမာသွင်းကုထုံးကို အသုံးပြုတာဖြစ် ပါတယ်။

အခုဆက်လက်တင်ပြလိုတာက နိုင်ငံတကာမှာ ပလာစမာသွင်း ကုထုံးကိုစမ်းသပ်မှုတွေနဲ့ အောင်မြင်မှုတွေရရှိလာတဲ့ အကြောင်း ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယား ပြည်နယ်မှ လေကြောင်းအာကာသ အင်ဂျင်နီယာတစ်ဦး ဖြစ်တဲ့ အသက် ၃၆ နှစ်ရှိ ဂျေဆန်ဂါစီယာဟာ မတ် ၆ ရက်မှာ ချောင်းအနည်းငယ်ဆိုးခြင်းဖြင့်    နိုဗယ်ကိုရိုနာ ဗိုင်းရပ်ကူးစက်မှု အစောပိုင်း လက္ခဏာစပြပါတယ်။

နောက်တစ်ရက်မှာတော့ ကိုယ်ပူပြီး ခန္ဓာကိုယ်နာကျင်ကိုက်ခဲတဲ့ ဝေဒနာကိုခံစားရတာကြောင့်     ဆရာဝန်နဲ့သွားပြရာမှာ ဆရာဝန်ကဆေးရုံကိုသွားပြီး နိုဗယ်ကိုရိုနာ ဗိုင်းရပ်ကူးစက်ခံထား ရခြင်း ရှိ၊ မရှိ အစစ်ဆေးခံဖို့ ပြောလိုက်ပါတယ်။

မတ် ၁၄ ရက်မှာတော့ သူ့မှာဗိုင်းရပ်ကူးစက် ခံထားရတယ်ဆိုတဲ့ အဖြေကိုရရှိခဲ့ပါတယ်။ ဒါကြောင့်သူက နေအိမ်မှာပဲ အသွားအလာကန့်သတ်ပြီး နေထိုင်ပါတယ်။ မတ် ၁၈ ရက် အရောက်မှာတော့ သူဟာ နေပြန်ကောင်းလာတဲ့အတွက် မတ် ၂၃ ရက်မှာ အရင်လိုပဲ ပြန်လည်သွားလာနိုင်ပြီလို့ ဆရာဝန်တွေက ပြောလာပါတယ်။

နောက်ပိုင်းမှာတော့ သူဟာ နိုဗယ်ကိုရိုနာဗိုင်းရပ် အရှင်းပျောက်ကင်းသွားပါတယ်။ တစ်ချိန် တည်းမှာပဲ အောရိန်းမြို့မှာရှိတဲ့ စိန့်ဂျိုးဆပ်ဆေးရုံက ဗိုင်းရပ်ကူးစက်ခံရပြီး နေပြန်ကောင်း သွားသူကို လိုက်ရှာနေပါတယ်။ ရှာရတဲ့အကြောင်းရင်းကတော့ ဗိုင်းရပ်ကူးစက်ခံထားရတဲ့ တခြားသူတွေရဲ့ အသက်ကို ကယ်တင်နိုင်မယ်လို့ ယူဆရတဲ့ ကုထုံးတစ်မျိုးကို လက်တွေ့ စမ်းသပ်ဖို့ ဖြစ်ပါတယ်။

အဲဒီနောက် ဂျေဆန်ဂါစီယာနဲ့ စိန့်ဂျိုးဆပ်ဆေးရုံတို့ အဆက်အသွယ်ရသွားပြီး ဆေးရုံက ဂျေဆန်ဂါစီယာဆီကနေ ပလာစမာကို အလှူခံပါတယ်။ သူကလည်း လူ့အသက်ကို ကယ်တင် နိုင်မယ့်အခွင့်အရေးဖြစ်တဲ့အတွက် သူ့ဆီက ပလာစမာကို လှူဖို့သဘောတူလိုက်ပါတယ်။

ဧပြီ ၁ ရက်မှာတော့ ဂျေဆန်ဂါစီယာက လူနာသုံးဦးကို စမ်းသပ်ကုသဖို့အတွက် ပလာစမာကို လှူဒါန်းလိုက်ပါတယ်။ အဲဒီနောက်ပိုင်း အခြေအနေတော်တော်ဆိုးတဲ့ ဗိုင်းရပ်ကူးစက်ခံထားရ သူလူနာတစ်ဦးဟာ ပလာစမာသွင်းကုသမှုခံယူပြီးနောက် အခြေအနေတိုးတက် လာတာကို တွေ့ရပါတယ်။

အခုဆိုရင် အဲဒီလူနာကို အောက်ဆီဂျင်ပေးထားတာကလွဲလို့ တခြားဆေးဝါးတွေနဲ့ မကုသဘဲ ထားတာတောင်မှ သူ့ရဲ့ကျန်းမာရေးအခြေအနေဟာ တစ်နေ့တခြားပိုမို တိုးတက်လာတယ်လို့ စိန့်ဂျိုးဆပ်ဆေးရုံမှ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

တောင်ကိုရီးယားနိုင်ငံရှိ နိုဗယ်ကိုရိုနာ ဗိုင်းရပ်ကူးစက်ခံရသူ သက်ကြီးရွယ်အို နှစ်ဦးဟာ ဆိုရင်လည်း အလားတူ ပလာစမာသွင်းကုထုံးကြောင့် နေပြန်ကောင်းလာပြီဖြစ်တဲ့အတွက် ဒီရလဒ်ဟာ ကမ္ဘာ့ကပ် ရောဂါကိုရင်ဆိုင် တိုက်ခိုက်ဖို့ မျှော်လင့်ချက် လင်းရောင်ခြည်ဖြစ် လာပါတယ်။

အဲဒီ သက်ကြီးရွယ်အိုနှစ်ဦးထဲက အသက် ၇၁ နှစ်ရှိ အဘိုးအိုဟာဆိုရင် ဗိုင်းရပ်ကူးစက် ခံထားရစဉ်က ငှက်ဖျားရောဂါ ပျောက်ဆေးတွေနဲ့ အောက်ဆီဂျင်ပေးထားရတဲ့ အခြေအနေ ဖြစ်ပြီး တိုးတက်လာမှုမရှိပါဘူး။ အသက် ၆၇ နှစ်ရှိတဲ့ အဘွားအိုဆိုရင်လည်း HIV ဆေးတွေ အပါအဝင် အလားတူဆေးဝါးတွေနဲ့ ကုသမှုခံယူပေမယ့် ရောဂါသက်သာလာမှု မရှိပါဘူး။

သူတို့နှစ်ဦးစလုံးဟာ ပလာစမာသွင်း ကုထုံးနဲ့ စတီးရွိုက်ကုထုံးကို တစ်ချိန်တည်းမှာ ခံယူပါ တယ်။ ယခုအခါမှာတော့ အဲဒီသက်ကြီးရွယ်အို လူနာနှစ်ဦးစလုံးဟာ ရောဂါသက်သာ လာပြီဖြစ်တယ်လို့ တောင်ကိုရီးယား သုတေသီတွေက ဧပြီ ၇ ရက်မှာ ပြောပါတယ်။

ပြင်သစ်နိုင်ငံမှာဆိုရင်လည်း ဗိုင်းရပ်ကူးစက်ခံရပြီး နေပြန်ကောင်းလာသူတွေဆီက ပလာစမာ နဲ့ ဗိုင်းရပ်ကူးစက်ခံထားရသူတွေကို စမ်းသပ်ကုသပေးမယ့် လုပ်ငန်းက ဧပြီ ၇ ရက်မှာ စတင်နေပြီလို့ ပဲရစ်ဆေးရုံ အာဏာပိုင်အဖွဲ့၊ အမျိုးသားဆေးဝါး သုတေသနအဖွဲ့နဲ့ အမျိုးသား သွေးလှူဌာနတို့က ပြောပါတယ်။

စမ်းသပ်ကုသမှုမှာ နေပြန်ကောင်းလာသူတွေဆီက ဗိုင်းရပ်ကိုတိုက်ထုတ် ကာကွယ်နိုင်တဲ့    ပဋိပစ္စည်းတွေ ပါဝင်တဲ့ ပလာစမာကို လက်ရှိဗိုင်းရပ်ကူးစက် ခံထားရသူတွေ ထဲသွင်းပြီး ကုသမှု ပါဝင်ပါတယ်။

ဒီလိုလုပ်ခြင်းက နေပြန်ကောင်းလာသူတွေရဲ့ ကိုယ်ခံအားကို ဗိုင်းရပ်ကူးစက်ခံထားရသူရဲ့ ခန္ဓာကိုယ်ထဲ တိုက်ရိုက်လွှဲပြောင်း ပေးသလိုဖြစ်ပါတယ်။

အခုစမ်းသပ်ကုသမှုမှာ ပဲရစ်ဆေးရုံတွေက ဗိုင်းရပ်ကူးစက်ခံထားရတဲ့လူနာ အယောက် ၆ဝ ပါ ဝင်ပါတယ်။ စမ်းသပ်ကုသမှုရဲ့အဖြေကိုတော့ သီတင်းပတ်နှစ်ပတ်မှ သုံးပတ်အတွင်း သိရှိနိုင် တယ်လို့ ဆိုပါတယ်။

လက်ရှိမှာဆိုရင် အဲဒီကုသနည်းကို စမ်းသပ်အသုံးပြုဖို့ အမေရိကန် အစားအစာနှင့် ဆေးဝါး ကွပ်ကဲမှုအဖွဲ့က ဆရာဝန်တွေကို အကြံပြုထားပါတယ်။ အလားတူ စမ်းသပ်မှုတွေကိုတော့   တရုတ်နိုင်ငံမှာ လုပ်ဆောင်ပြီးဖြစ်ပါတယ်။

ဘယ်ဂျီယံကြက်ခြေနီ အဖွဲ့ဆိုရင်လည်း သူတို့အနေနဲ့အလားတူ ကုသမှုတွေအတွက် စမ်းသပ် မှုတွေလုပ်နိုင်ဖို့ နိုဗယ်ကိုရိုနာဗိုင်းရပ် ကူးစက်ခံရပြီးနောက် နေပြန်ကောင်းလာသူ အမျိုးသား တွေအနေနဲ့ ပလာစမာတွေ လှူဒါန်းဖို့ တိုက်တွန်းထားပါတယ်။

ဒါကြောင့် ပလာစမာသွင်းကုထုံးဟာ တခြားကုထုံးတွေ၊ ဆေးဝါးတွေမရရှိနိုင်တဲ့အချိန်မှာ အရေးကြီးကုထုံးဖြစ်ပေမယ့် အကျိုးသက်ရောက်မှုနဲ့ ပတ်သက်ပြီးတော့ လေ့လာစမ်းသပ်မှု တွေကျယ်ကျယ်ပြန့်ပြန့်လုပ်ဖို့ လိုအပ်ဦးမှာ ဖြစ်ပါတယ်။

Ref: CNN, Science News

Read 40 times
Rate this item
(0 votes)
Last modified on Wednesday, 08 April 2020 12:05