SJ WorldNews - шаблон joomla Авто

Greg Mortimer အပျော်စီးသင်္ဘောတွင် လိုက်ပါလာသည့်ခရီးသည်များ COVID-19 ရောဂါကူးစက်ခံနေရ

Thursday, 09 April 2020 11:43 Written by  font size decrease font size decrease font size increase font size increase font size

ကမ္ဘာပေါ်၌ ဆယ်စုနှစ်ခြား တစ်ကြိမ်တစ်လှည့်စီဖြစ်ပေါ်လာသည့် ကူးစက်ရောဂါပျံ့နှံ့မှုများက ၂ဝ၂ဝ ပြည့်နှစ်တွင် အဆိုးရွားဆုံး ကူးစက်ရောဂါအသွင်သို့ ပြောင်းလဲလာကာ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO) ကပင် ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်အခြေအနေ ကြေညာခဲ့ရသည် အထိ ဖြစ်သည်။

သို့သော် ငွေကြေးအကုန်အကျများစွာ ရင်းနှီးပြီး အချိန်စောင့်ခဲ့ရသည့်ခရီးသွား တချို့က COVID-19 ရောဂါကိုအန်တုပြီး ခရီးသွားရန် ကြိုးစားနေကြဆဲဖြစ်သည်။ အများစုမှာ ခရုဇ် အပျော်စီးဇိမ်ခံသင်္ဘောများဖြင့် ပင်လယ်သမုဒ္ဒရာများကိုဖြတ်ကာ ဟန်းနီးမွန်းထွက်ခြင်းနှင့် စိတ်ဖိစီးမှုများကို အားလပ်ရက်တွင် အလွတ်လပ်ဆုံးဖြေ ဖျောက်ရန် ကြိုးစားနေကြသူများဖြစ် သည်။

ထိုခရီးသွားများသည် ခရီးစဉ်တစ်ခုအတွက် လနှင့်ချီ ကြိုတင်စာရင်းပေးသွင်း ထားကြကာ သင်္ဘောပေါ်၌ အနည်းဆုံး တစ်ရက်တာအသုံးစရိတ်က အမေရိကန်ဒေါ်လာ ၇၅ ဒေါ်လာမှစ၍  ဈေးနှုန်း အသီးသီးရှိသည်။ ဥပမာ-ခုနစ်ရက်သင်္ဘော ခရီးစဉ်တစ်ခုအတွက် အမေရိကန် ဒေါ်လာ ၁၅ဝဝ မှ ၂ဝဝဝ ကြား သတ်မှတ်ထားခြင်း မျိုးရှိသကဲ့သို့ အဆင့်မြင့် ဇိမ်ခံသင်္ဘောများ ဆိုလျှင် ဒေါ်လာသောင်းနှင့်ချီအထိပင် ကုန်ကျစရိတ်ရှိသည်။

ယခုတော့ ပင်လယ်ထဲမှ ခရီးသွားများ ပင်လယ်ပြင်၌ပိတ်မိနေကာ မည်သည့် နိုင်ငံမှလည်း   ကမ်းကပ်ခွင့်မပေးသည့် အခြေအနေနှင့် တွေ့ကြုံနေရသည်။ ဂျပန်နိုင်ငံ ယိုကိုဟားမား ဆိပ်ကမ်း၌ Diamond Princess သင်္ဘောကမ်းကပ်စဉ် လူပေါင်း ၆ဝဝ ကျော် COVID-19 ရောဂါ ကူးစက်ခံထားရသည့်သတင်းက နိုင်ငံအားလုံးအတွက် သင်ခန်းစာ တစ်ခုဖြစ်သည်။ ဂျပန်နိုင်ငံ၌ Diamond Princess ကမ်းကပ်ခဲ့စဉ်က အမေရိကန်၌ ဗိုင်းရပ် စတင်ပျံ့နှံ့ရုံသာ ရှိသေးပြီး ထိုအချိန်က တရုတ်နိုင်ငံပြင်ပ၌ ဗိုင်းရပ်ကူးစက်မှု အများဆုံးနေရာကို ဂျပန်တို့ က Diamond Princess နှင့်အတူရခဲ့သည်။ ထို့ကြောင့်နိုင်ငံတကာသို့သွားလာသည့် ခရုဇ်သင်္ဘော ကြီးများကို အာဏာပိုင်တိုင်းက ကမ်းကပ်ခွင့်မပေးလိုကြဘဲ ပြည်သူများကလည်း နှစ်သက် ခြင်းမရှိပေ။

ယခုလည်း သြစတြေးလျနိုင်ငံမှ အော်ရိုရာကုမ္ပဏီပိုင် သင်္ဘောတစ်စင်း ဥရုဂွေး ပင်လယ်ထဲ၌ ရပ်တန့်ထားရကာ ကမ်းကပ်ခွင့်ကို စောင့်ဆိုင်းနေရသည်။ ထိုအတောအတွင်း သြစတြေးလျ အစိုးရနှင့် ကုမ္ပဏီဘက်မှ ပူးပေါင်းဆောင်ရွက်မှုကြောင့် ခရီးသည်များကို  တရားဝင်ကျန်းမာ ရေး စစ်ဆေးမှုပြုလုပ်ပေးခဲ့ပြီး ကမ်းကပ်ခွင့် မပေးခဲ့ခြင်းက မှန်ကန်သည့် ဆုံးဖြတ်ချက် တစ်ခု ဖြစ်ခဲ့သည်။

ခရီးသည် ၂၁၇  ဦးလိုက်ပါလာသည့် Greg Mortimer သင်္ဘောပေါ်၌ ခရီးသည် ၁၂၈ ဦး COVID-19 ရောဂါကူးစက် ခံထားရပြီး သင်္ဘောတစ်စင်းလုံး၏ ၆ဝ ရာခိုင်နှုန်းဖြစ်သည်။ ယင်းအတွက် လူတိုင်းတုန်လှုပ်သွားခဲ့ကာ ယခုတော့ သြစတြေးလျကုမ္ပဏီ အော်ရိုရာဘက်မှ  ဆေးအကူ လေယာဉ်များပင်လွှတ်ကာ အရေးပေါ်အခြေအနေများ ဆောင်ရွက်နေရပြီဖြစ် သည်။ ဥရုဂွေးအာဏာပိုင်တို့က ကမ်းကပ်ခွင့်မပေးသော်လည်း အရေးပေါ်အခြေအနေဖြစ် နေသည့်လူနာများကို သင်္ဘောပေါ် မှရွှေ့ပြောင်းကာ ဆေးရုံတက်ခွင့်ပေးခဲ့ကြပြီး ခြောက်ဦး ခန့်မှာ အထူးကြပ်မတ် ကုသမှုများလိုအပ်နေသည်ဟု ဥရုဂွေးရေတပ်၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ပိုးမတွေ့သည့် ခရီးသည်များကို သြစတြေးလျနှင့် နယူးဇီလန်တို့သို့ ပြန်လည်ခေါ်ယူမည်ဖြစ် ပြီး တို့နိုင်ငံ အစိုးရများ ပြန်ခေါ်မည့်ထဲတွင် ဥရောပသားနှင့် အမေရိကသားတို့ မပါသေး ပေ။ ပိုးတွေ့သည့်လူများကို သင်္ဘောပေါ်မှ ဆင်းခွင့်မပေးဘဲ သင်္ဘောပေါ်၌ပင် ကုသမှုများ ဆောင်ရွက်မည်ဖြစ်ကာ ပိုးမတွေ့မှ ကုန်းပေါ်တက်ခွင့်ပြုမည်ဟု ဥရုဂွေး အာဏာပိုင်တို့က ကြေညာထားသည်။

ထို့ပြင် ဆေးစစ်မှုများကို နှစ်ရက်၊ သုံးရက်ခြားတစ်ကြိမ် လူနာအားလုံးကိုပြုလုပ်ပေးမည်ဖြစ်ပြီး  ပြည်တော်ပြန်မည့် နိုင်ငံသားများလည်း ၁၄ ရက်စောင့် ကြည့်စာရင်းထဲ ဝင်မည်ဖြစ်သည်။ Greg Mortimer သင်္ဘောသည် သြစတြေးလျမှ အမေရိကန်နိုင်ငံ ဂျော်ဂျီယာအထိ ခရီး သွားမည်ဖြစ်ကာ ယခုတော့ ဥရုဂွေး၌ပင် ခရီးစဉ်ရပ်တန့်နေရပြီ ဖြစ်သည်။

ခရီးသည်များက အစိုးရနှင့်ပူးပေါင်းပြီး အဘက်ဘက်မှ ကြိုးစားဆောင်ရွက်နေသည်ဟု သင်္ဘောလိုင်းဘက်မှ ထုတ်ပြန်ထားကာ လက်ရှိခရီးသည်များ၏ ကုသစရိတ်ကိုလည်း တစ်ဦး လျှင် အမေရိကန် ဒေါ်လာ ၉၃ဝဝ နှုန်းဖြင့် တာဝန်ယူကုသပေးနေသည်။ ခရီးသည်များ အတွက် ဆေးဝါးအထောက်အကူကိုလည်း အော်ရိုရာကုမ္ပဏီက Airbus A340 လေယာဉ်ကို ဆေးရုံအဖြစ် အသွင်ပြောင်းကာ ဥရုဂွေးသို့စေလွှတ်ထားပြီး လက်ရှိအချိန်ထိ  သြစတြေးလျ သင်္ဘောသား ၆ဝဝ ကျော် ပင်လယ်ပြင်ထဲ၌ပင် ပိတ်မိနေသည်ဟု သြစတြေးလျ အစိုးရက ထုတ် ပြန်ထားသည်။

အပြည်ပြည်ဆိုင်ရာ အပျော်စီးသင်္ဘော ခရုဇ်လိုင်းအဖွဲ့အစည်းကြီး CLIA  သည် တို့အဖွဲ့မှ ၁၄ ရာခိုင်နှုန်းသော သင်္ဘောများ ပင်လယ်ပြင်၌ ပိတ်မိနေသည်ဟုဆို ထားကာ ထိုအရေ အတွက်က သင်္ဘောအစင်းရေ ၃ဝ ကျော်ရှိသည့် ပမာဏဖြစ်သည်။ ထိုသင်္ဘောအားလုံး၌သာ ဗိုင်းရပ် ကူးစက်ပါကဆိုသည့် အတွေးကကမ်းကပ် လက်ခံမည့်နိုင်ငံများကို စိတ်ပူစေခဲ့သည်။

ထို့ကြောင့် ထိုသင်္ဘောအားလုံး ပင်လယ်ပြင်၌ ရပ်ထားရကာ ယခု Greg Mortimer သင်္ဘော သည် ဒုတိယ Diamond Princess ဖြစ်လာပြန်သည့်အတွက် သင်္ဘောကြီးများ ကမ်းကပ်ခွင့်  ပိုမိုခက်ခဲသွားမည်ဖြစ်သည်။ Greg Mortimer သည် မတ် ၁၅ ရက်ကတည်းက သြစတြေးလျ ဆိပ်ကမ်းမှ ထွက်ခွာလာခဲ့ခြင်းဖြစ်ကာ ဧပြီလဆန်းပိုင်းတွင် သင်္ဘောပေါ်၌   ဗိုင်းရပ်လက္ခဏာ များတွေ့ရှိမှုကြောင့် ဥရုဂွေး၌ ကမ်းကပ်ရန်ဖြစ်လာသည်။ ပထမဆုံး သင်္ဘောပေါ်ရှိ ဆရာဝန် တွင် အဖျားစတင် တွေ့ရှိခဲ့ပြီးနောက်ပိုင်း ခရီးသည်များတွင်လည်း ရောဂါလက္ခဏာများ တွေ့လာခဲ့ရသည်။

Greg Mortimer သာမက ပင်လယ်ထဲ၌ပင် တစ်ချိန်လုံးရှိနေသည့် အမေရိကန် လေယာဉ်တင် သင်္ဘော သီရိုဒိုရုစဗဲ့လည်း ဗိုင်းရပ်ကူးစက်မှုကိုခံခဲ့ရကာ ပထမဆုံး လူဦးရေ ၃ဝ ကျော်တွင် ဗိုင်းရပ်ပိုးတွေ့ ရှိခဲ့သည်။ ထို့ကြောင့် ပင်လယ်ထဲမှ သင်္ဘောများ၏ ရောဂါသယ်ဆောင်မှုနှုန်း သည်လည်း တဖြည်းဖြည်း များလာနေသည့်အတွက် ပင်လယ်ရေကြောင်းကိုလည်း ရောဂါ ထိန်းချုပ်ရေးတွင် ထည့်သွင်းစဉ်းစားရန် လိုအပ်နေပြီဖြစ်ပါကြောင်း ရေးသားတင်ပြလိုက် ရပါ သည်။                    

ရှိန်းထက်

Ref;CNN

Read 34 times
Rate this item
(0 votes)
Last modified on Thursday, 09 April 2020 11:44