SJ WorldNews - шаблон joomla Авто

အိန္ဒိယနိုင်ငံအတွက် မြွေပူရာကင်းမှောင့်ဖြစ်စေခဲ့သည့် အမ်ဖန်မုန်တိုင်းဝင်ရောက်တိုက်ခိုက်မှု

Sunday, 24 May 2020 09:53 Written by  font size decrease font size decrease font size increase font size increase font size

အိန္ဒိယနိုင်ငံအတွက် မြွေပူရာကင်းမှောင့်ဖြစ်စေခဲ့သည့် အမ်ဖန်မုန်တိုင်းဝင်ရောက်တိုက်ခိုက်မှု

အိန္ဒိယနိုင်ငံအတွင်းသို့ ဝင်ရောက်တိုက်ခတ်ခဲ့သည့် အမ်ဖန်ဆိုင်ကလုန်းမုန်တိုင်းသည် ယင်းနိုင်ငံ အစိုးရကိုသာမက နိုင်ငံအတွင်းနေထိုင်ကြသည့် ပြည်သူများအတွက် မြွေပူရာကင်းမှောင့် အဖြစ်သို့ ရောက်ရှိစေခဲ့သည်ဟု ဆိုနိုင်သည်။ အဘယ့်ကြောင့်ဆိုသော် အိန္ဒိယအစိုးရသည် နိုင်ငံအတင်း ဖြစ်ပွား နေသည့် နိုဗယ်ကိုရိုနာဗိုင်းရပ်ပိုးကူးစက်မှုကို ထိန်းချုပ်နိုင်ရန် တုံ့ပြန်မှုများ လုပ်ဆောင်ရုန်းကန်နေစဉ် မုန်တိုင်းတိုက်ခတ်မှုနှင့် တွေ့ကြုံခဲ့ရခြင်း ဖြစ်သည်။ မုန်တိုင်းတိုက်ခတ်မှုဒဏ်ကြောင့် နိုင်ငံ၏ အရှေ့ပိုင်းရှိ ကမ်းရိုးတန်းပြည်နယ်များဖြစ်သည့် သြဒစ်သျှနှင့် အနောက်ဘန်ဂေါပြည်နယ်တို့၌ အပျက် အစီးများစွာ ဖြစ်ပေါ်ခဲ့သည်။ ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်ခဲ့သောကြောင့် အနောက်ဘန်ဂေါပြည်နယ် တစ်ခုတည်း၌ပင် ၇၂ ဦး သေဆုံးခဲ့သည်။

စင်စစ်တွင် အဆိုပါ ပြည်နယ်သည် မုန်တိုင်းဒဏ်ကို အဆိုးရွားဆုံးတွေ့ကြုံခဲ့ရသည့် ဒေသဖြစ်သည်ဟု လည်း ဆိုနိုင်သည်။ ပြည်နယ်အတွင်း၌ မုန်တိုင်းဒဏ်ကြောင့် လူနေအိမ်ထောင်ပေါင်းများစွာ ပြိုကျပျက်စီး ခဲ့ရသည့်အပြင် လမ်းမပေါ်ရှိ ဓာတ်တိုင်များနှင့် အပင်များလည်း ပြိုလဲခဲ့သည်။ ထို့ပြင် မုန်တိုင်းမဝင်မီကပင် အနောက်ဘန်ဂေါပြည်နယ်အစိုးရက မုန်တိုင်းအန္တရာယ်နှင့် တွေ့ကြုံရဖွယ်ရှိသည့် ပြည်သူငါးသိန်းခန့်ကို ဘေးကင်းရာသို့ အမြန်ဆုံးရွှေ့ပြောင်းပေးခဲ့သည်။ လက်ရှိတွင် အစိုးရက မုန်တိုင်း ဒဏ်ခံ ပြည်သူများကို ကယ်ဆယ်ရေးစခန်းများနှင့် ယာမီခိုလှုံရေးအဆောက်အအုံများ၌ နေရာချ ထားသည်။ မုန်တိုင်းဝင်ရောက်တိုက်ခတ်မှုသည် နိုဗယ်ကိုရိုနာဗိုင်းရပ်ပိုးကူးစက်မှု ထိန်းချုပ်နိုင်ရေး အတွက် ကြိုးပမ်းနေသည့် အာဏာပိုင်အဖွဲ့များ၏ လုပ်ဆောင်ချက်ကို များစွာ အထိနာစေခဲ့သည်။ အာဏာပိုင်များသည် ဒေသအတွင်း ရောဂါပိုးကူးစက်မှုထိန်းချုပ်နိုင်ရေးအတွက် ရုန်းကန်နေစဉ် ပြည်သူ များအား ယာယီကယ်ဆယ်ရေး စခန်းများ ၌ အစိုလိုက်အပြုံလိုက်နေရာချထားပေးရခြင်းသည် ၎င်းတို့ လုပ်ဆောင်နေသည့် ရောဂါပိုးကူးစက်မှု ထိန်းချုပ်ရေးကို လျော့ပါးစေခဲ့သည်။ ထို့ပြင် မုန်တိုင်း ဒဏ်ကြောင့် ဖြစ်ပွားခဲ့သည့် အပျက်အစီးများ၏ တန်ဖိုးမှာ ခန့်မှန်းခြေအားဖြင့် အမေရိကန်ဒေါ်လာ ၁၃ ဘီလီယံခန့် ရှိသည်။ သို့သော် အစိုးရက မုန်တိုင်းဝင်ရောက် မတိုက်ခတ်မီ ဒေသခံပြည်သူများကို ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးနိုင်ခြင်းကြောင့် လူအသေအပျောက်နှုန်းမှာများစွာ နည်းပါးခဲ့ခြင်း ဖြစ်သည်ဟု ဆိုနိုင်သည်။

သို့ရာတွင် အနောက်ဘန်ဂေါပြည်နယ်အတွင်းရှိ အဓိကမြို့ကြီးများဖြစ်သည့် ကိုလ်ကတ္တား၊ ဟောင်ရာ၊ ဟူးဂလီနှင့် တခြားဒေသ အများအပြားမှာ မုန်တိုင်းဒဏ်ကို အကြီးအကျယ်ခံခဲ့ရသည်။ မုန်တိုင်း တိုက်ခတ်မှုကြောင့် ကိုးလ်ကတ္တားရှိ နေတာဂျီဆက်ဟက်ချန်ဒရာဘော့ အပြည်ပြည်ဆိုင်ရာလေဆိပ်ကို အာဏာပိုင်များက ပိတ်ပစ်ခဲ့ရပြီး အဆိုပါလေဆိပ်မှ လေကြောင်းပံျသန်းမှုများကို ရပ်ဆိုင်းခဲ့ရသည်။ လေဆိပ်အတွင်းရှိ လေယာဉ်ပြေးလမ်းများ၌လည်း ရေလျှံမှုများဖြစ်ပွားခဲ့ပြီး လေကြောင်းထိန်းချုပ်ရေး အဆောက်အအုံများကိုပါ ပိတ်ပစ်ခဲ့ရသည်။

မုန်တိုင်းဝင်ရောက်တိုက်ခတ်မှုကြောင့် သြဒစ်သျှပြည်နယ် အစိုးရကလည်း ပြည်နယ်အတွင်းရှိ ပြည်သူ ၂၅၀၀၀၀ ခန့်ကို အချိန်မီရွှေ့ပြောင်းပေးခဲ့ရသည်။ သို့ရာတွင် အဆိုပါ ပြည်နယ်သည် မုန်တိုင်း တိုက်ခတ်မှု ဒဏ်ကို အနောက်ဘန်ဂေါပြည်နယ် လောက်ခံခဲ့ခြင်းမရှိသောကြောင့် ယခုအခါ ၎င်းတို့၏ နေအိမ်များသို့ ပြန်သွားခွင့်ရပြီဟု ပြည်နယ်သဘာဝကပ်ဘေးတုံ့ပြန်လုပ်ဆောင်ရေးအဖွဲ့မှ အကြီးအကဲ ဖြစ်သူ အက်အန်ပရာဒန်က ပြောသည်။ အိန္ဒိယဝန်ကြီးချုပ်သည် နိုင်ငံအတွင်း ရောဂါပိုး ကူးစက်မှု ထိန်းချုပ်နိုင်ရေးအတွက်ပြည်သူများ၏ သွားလာလှုပ်ရှားမှုကို နှစ်လ နီးပါးကြာ ပိတ်ပစ်ခဲ့ပြီး နောက်ပိုင်း မုန်တိုင်းဝင်ရောက် တိုက်ခတ်ခြင်းဖြစ်သည်။ ဝန်ကြီးချုပ် နာရန်ဒရာမိုဒီက မတ် ၂၅ ရက်မှ စ၍ ပြည်သူများ၏ သွားလာလှုပ်ရှားမှုကို ကန့်သတ်လိုက်ခြင်းကြောင့် နိုင်ငံတစ်ဝန်လုံးရှိ စက်မှု လုပ်ငန်း များနှင့် စီးပွားရေးလုပ်ငန်း အားလုံးနီးပါး ရပ်တန့်ခဲ့ရသည်။ အကျိုးဆက်အားဖြင့် စီးပွားရေး လုပ်ငန်းများ ရပ်ဆိုင်းသွားခြင်းသည် သန်းပေါင်းများစွာသော အိန္ဒိယပြည်သူများ၏ အသက်မွေး ဝမ်းကျောင်းမှုအပေါ် အကြီးအကျယ်ဂယက် ရိုက်ခတ်လာသည်။ အလုပ်လက်မဲ့ဖြစ်လာသည့် ရွှေပြောင်း လုပ်သား ထောင်ပေါင်းများစွာသည် နောက်ပိုင်းတွင် မြို့ကြီးပြကြီးများကို စွန့်ခွာ၍ ၎င်းတို့၏ ခရီးသွားလာရေးလွယ်ကူစေရန် အစိုးရက မေ ၁ ရက်မှ စ၍ အထူးရထားများ ပြေးဆွဲပေးခဲ့ရသည်။

စီးပွားရေး လုပ်ငန်းများရပ်ဆိုင်းနေခြင်းကြောင့် နိုင်ငံအတွင်း ဖြစ်ပွားနေသည့် အခြေအနေများ တိုးတက်လာစေရေးအတွက် အစိုးရက ဖြေလျှော့မှု တချို့ လုပ်ဆောင်ခဲ့ရသည်။ ထိုသို့ဖြေလျှော့ ပေးပြီး နောက်ပိုင်း နိုင်ငံအတွင်း ရောဂါပိုးကူးစက်ခံရသူ အရေအတွက် ပိုမိုမြင့်တက် လာသည်။ နိုင်ငံ၏ အကြီးဆုံးသော ဆင်းရဲသားရပ်ကွက်ဖြစ်သည့် ဒါရာဝီရပ်ကွက်၌ ပြီးခဲ့သည့် ရက်သတ္တပတ်များ အတွင်းမှာပင် ရောဂါပိုးထပ်မံကူးစက်ခံရသူ ဦးရေ မြင့်တက်လာသောကြောင့် တစ်နိုင်ငံလုံးရှိ ရောဂါပိုး ကူးစက်ခံရသူ ဦးရေမှာ ယခုအခါ တရုတ်နိုင်ငံကို ကျော်တက်သွားပြီဖြစ်သည်။ ရောဂါပိုးကူးစက်မှု မြင့်တက်ရသည့် အကြောင်းတစ်ချက်မှာ နိုင်ငံအတွင်းရှိ လူဦးရေနှင့် နှိုင်းယှဉ်ပါက ရောဂါပိုး စစ်ဆေး နိုင်မှု နည်းပါးခြင်းဖြစ်သည်ဟု ဆိုနိုင်သည်။ ဧပြီလအစောပိုင်းမှ ယခုလလယ်ပိုင်းအထိ အစိုးရက လူတစ်သိန်းခန့်အထိ ရောဂါပိုးစစ်ဆေးမှုကို တိုးမြှင့်ခဲ့သော်လည်း ယင်းပမာဏမှာ တခြားနိုင်ငံကြီးများ ဖြစ်သည့် အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ အီတလီတို့နှင့် နှိုင်းယှဉ်ပါက များစွာ နောက်ကျကျန်နေ သေးသည်ကို တွေ့ရသည်။

ရောဂါပိုးကူးစက်မှုများအနက် သုံးပုံ တစ်ပုံမှာ နိုင်ငံအနောက်ပိုင်းရှိ မဟာရက်(ရှ်) ထရာ ပြည်နယ်၌ ဖြစ်ပွားနေပြီး တမီနာဒူး၊ ဂူဂျာရက်နှင့် ဒေလီတို့၌လည်း ရောဂါကူးစက်မှုဒဏ်ကို အဆိုးရွားဆုံး ရင်ဆိုင် နေရသည်။ အိန္ဒိယရှိ မြို့ကြီးများသည် လူနေမှု ထူထပ် သိပ်သည်းသောကြောင့် လူတစ်ဦးနှင့် တစ်ဦး ခပ်ခွာခွာနေကြရန် အစိုးရက တိုက်တွန်းထားသော်လည်း အထူးသဖြင့် ဆင်းရဲသားရပ်ကွက်များအတွက် နေရာလုံလောက်ခြင်း မရှိသည့်အပြင် အစိုးရက ချမှတ်ထားသည့် ကန့်သတ်ချက်တချို့ကို ဖြေလျှော့ လိုက်ခြင်းသည် မြို့ကြီးပြကြီးများအတွက် စိန်ခေါ်မှုအဖြစ် ဆက်လက်ရှိနေဆဲ အချိန်တွင် ယခုကဲ့သို့ အင်အားပြင်း မုန်တိုင်းဝင်ရောက်တိုက်ခတ်ခဲ့ခြင်းသည် ရောဂါပိုးကူးစက်မှုကြောင့် ကျဆင်းနေသည့် အိန္ဒိယနိုင်ငံ၏ စီးပွားရေးကိုများစွာ ထိခိုက်စေခဲ့သည့်အပြင် အစိုးရက ဖော်ဆောင်နေသည့် ရောဂါပိုး ထိန်းချုပ်ရေးကို ပါ အဟန့်အတားဖြစ်စေနိုင်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။

Ref; Sputinik, Businesstimes

ဇေယျဘုန်း

Read 22 times
Rate this item
(0 votes)