SJ WorldNews - шаблон joomla Авто

ဗိုင်းရပ်ကူးစက်မှုဗဟိုချက်နေရာဖြစ်လာနေသည့် လက်တင်အမေရိက

Friday, 29 May 2020 09:01 Written by  font size decrease font size decrease font size increase font size increase font size

ဗိုင်းရပ်ကူးစက်မှုဗဟိုချက်နေရာဖြစ်လာနေသည့် လက်တင်အမေရိက

ကမ္ဘာတစ်ဝန်း COVID-19 ရောဂါပျံ့နှံ့မှုကို နိုင်ငံတကာ၌ ပိတ်ဆို့မှုများပြုလုပ်ထားသည့်အတွက် အတိုင်းအတာတစ်ခုအထိ လျော့ကျလာနိုင်သည်ဟု ပညာရှင်များက ကနဦးခန့်မှန်းထားသော်လည်း ယခု အခါ ထင်ထားသည်ထက်ပင် ကူးစက်မှုပိုမိုအားကောင်းလာကာ  နိုင်ငံပေါင်း ၂၁၃ နိုင်ငံ၌ ကူးစက်မှု ၅ ဒသမ ၆ သန်းကျော် ရှိလာပြီဖြစ်သည်။ ထိုအထဲတွင် နောက်ဆုံးဗိုင်းရပ်ဗဟိုချက်ဖြစ်လာသည့် နေရာမှာ လက်တင်အမေရိကဖြစ်သည်။ မတ်လမှစတင်ကူးစက်လာသောဗိုင်းရပ်က  တစ်လဆိုသော အချိန်အတွင်း လက်တင် အမေရိကတစ်ခုလုံးကို သန်းချီပျံ့နှံ့စေခဲ့ပြီး ထိုအထဲမှ အဆိုးရွားဆုံး နိုင်ငံများမှာ ဘရာဇီး၊ ချီလီနှင့် ပီရူးတို့ဖြစ်သည်။ ဘရာဇီး၌  နေ့စဉ် ကူးစက်မှု  ၂၀၀၀၀ ကျော်နှင့်     ရက်သတ္တပတ်ကျော်ကြာ အားအကောင်းဆုံးဖြင့် ဗိုင်းရပ်ပျံ့နှံ့နေကာ ကူးစက်မှုပေါင်း ၃၉၄၅၀၇ အထိ ရှိလာပြီဖြစ်သည်။ ထို့ကြောင့် မေ ၂၇ ရက်ကူးစက်မှုထည့်ပေါင်းလျှင် ဘရာဇီး၌ စုစုပေါင်း လေးသိန်း ကျော် အထိ ရှိလာမည်ဖြစ်ကာ အောက်စဖို့ တက္ကသိုလ်၏ခန့်မှန်းချက် အရ ဘရာဇီး၌   သြဂုတ်လ ရောက်လျှင်သေဆုံးမှုစာရင်းက   အမေရိကန်ကိုပင်ကျော်တက်သွားနိုင်သည်ဟုဆိုသည်။

ဘရာဇီးနိုင်ငံ၌ မေ ၂၇ ရက်အထိ သေဆုံးမှုမှာ ၂၄၅၉၃ ဦးဖြစ်ပြီး နေ့စဉ် ထောင်ချီသေဆုံးမှုစာရင်းက တရိပ်ရိပ်တက်လာနေသောကြောင့် သြဂုတ်လတွင် ၁၂၅၀၀၀ ဦးအထိ ရောက်လာနိုင်သည်။ ဘရာဇီး၏ ဗိုင်းရပ်ပျံ့နှံ့မှုမှာ သမ္မတဂျဲဘိုဆိုနာရိုက အားပျော့သည့်ဗိုင်းရပ်အဖြစ် သတ်မှတ်ခဲ့သောကြောင့်ဖြစ်သည်။ ထိုကြားထဲ လေးပတ်အတွင်း ကျန်းမာရေးဝန်ကြီးနှစ်ဦးပြောင်းလဲခဲ့ကာ ဗိုင်းရပ်ကိုင်တွယ်ထိန်းချုပ်ရေး သမ္မတနှင့်ဝန်ကြီးကြား သဘောထားကွဲလွဲမှုများကြောင့်ဖြစ်သည်။ ပထမကျန်းမာရေးဝန်ကြီးကို သမ္မတ ကိုယ်တိုင် ရာထူးမှဖယ်ရှားခဲ့ပြီး ဒုတိယဝန်ကြီးကတော့ ကျန်းမာရေးဝန်ကြီးတာဝန် ယူရမည်ကို ရှက်သည်ဟုဆိုကာ  ရာထူးရယူပြီး သုံးပတ်အကြာတွင် နုတ်ထွက်သွားသည်။ ထို့ကြောင့်  ယခုအချိန်ထိ ဘရာဇီး၏ကျန်းမာရေးကဏ္ဍကို ကိုင်တွယ်မည့်သူမရှိဘဲ ထိုကြားထဲ သမ္မတက ၎င်းင်းကိုထောက်ခံ သူများအား  နှာခေါင်းစည်းပင်မတပ်ဘဲ တွေ့ဆုံနေသေးသည်။

သမ္မတ၏ အဆင်အခြင်မဲ့လုပ်ရပ်များက ဘရာဇီးပြည်သူများကို ဆောက်တည်ရာ မရဖြစ်စေခဲ့ကာ  နောက်ပြန်ဆွဲနေသည့်အတွေးအခေါ်များက ဘရာဇီးကို အောက်ဆုံးသို့ ဆွဲချသွားခဲ့သည်။  တစ်ချိန်က ဘရာဇီးဆိုသည်မှာ တီထွင်ဆန်းသစ်မှုနှင့် သိပ္ပံနည်းပညာဘက်တွင် ကမ္ဘာနှင့်ရင်ပေါင်တန်းနိုင်ခဲ့ကာ  ယခုတော့ ဂျဲဘိုဆိုနာရိုက သိပ္ပံနှင့်နည်းပညာဘက်ကိုနည်းနည်းလေးမျှဂရုမစိုက်။ ထို့ကြောင့် ကျွမ်းကျင် ဆေးပညာရှင်များ၏ဆန့်ကျင်မှုကို ဆက်တိုက်ခံနေရကာ ပြည်နယ် အစိုးရများ၏ဖီဆန်မှုများနှင့် တွေ့ကြုံရတော့သည်။ ယခု ဘရာဇီးက ဗိုင်းရပ်ကူးစက်မှုတွင် တစ်လအတွင်း အောက်ဆုံးအဆင့်မှ အမေရိကန်၏နောက် နံပါတ်နှစ်နေရာသို့ရောက်လာကာ တစ်ပတ်အတွင်း ရုရှားကိုပင် ကျော်တက် ခဲ့သည်။ ထို့ကြောင့် အမေရိကန်က ဘရာဇီးကို ခရီးသွားကန့်သတ်သည့်စာရင်းထဲထည့်လိုက်ကာ မည်သည့်ဘရာဇီးနိုင်ငံသားမျှ ပြည်ဝင်ခွင့်လည်းမပြုတော့ပေ။ ထို့ပြင် ပြီးခဲ့သည့် ၁၄ ရက်အတွင်း ဘရာဇီး သို့ ခရီးသွားရာဇဝင်ရှိသည့် မည်သူမဆိုအမေရိကန်နိုင်ငံထဲသို့လည်း ဝင်ခွင့်မပြု တော့ပေ။   ယင်းသို့လုပ်ဆောင်ခြင်းသည် နှစ်နိုင်ငံကြား စီးပွားရေးနှင့် သံတမန်ဆက်ဆံရေးကို  ထိခိုက်စေသည့် လုပ်ရပ်ဟု ဘရာဇီးက ဝေဖန်ထားသည်။

ယခုအချိန်တွင် အမေရိကန်တို့ မည်သည့်ပြင်ပမှ ဗိုင်းရပ်ကို မဖိတ်ခေါ်ရဲသေးဘဲ၎င်းင်းတို့ကိုယ်တိုင် ထိန်းမနိုင်သိမ်းမရအခြေအနေတွင် ရှိနေသေးသောကြောင့်ဖြစ်သည်။ သို့သော် အမေရိကန်အတွက် သတင်းကောင်းက သေဆုံးသူဦးရေ လျော့နည်းလာခြင်းဖြစ်သည်။ ထိုအချိန် လက်တင်အမေရိက၌ အဆိုးရွားဆုံး ဗိုင်းရပ်ဗဟိုချက်ဖြစ်လာကာ ချီလီနှင့် ပီရူးကဲ့သို့ နိုင်ငံငယ်လေးများအတွက် မြေပြင် လုပ်ဆောင်နိုင်မှုစွမ်းအား သုညအဆင့်သို့ ရောက်လာတော့မည့်အချိန်လည်း နီးကပ်လာနေပြီ ဖြစ်သည်။ ပီရူး၌ ကူးစက်မှုပေါင်း ၁၂၀၀၀၀ ကျော် လာပြီဖြစ်ကာ တစ်နိုင်ငံလုံးရှိ ဆေးရုံ၊ ဆေးခန်းများ၌  နေရာ လွတ်မရှိအောင်ပင်ဖြစ်လာပြီး ကျန်းမာရေးစောင့်ရှောက်မှု အင်အားကုန်ဆုံးတော့မည်ဟု ပီရူး ကျန်းမာရေးဝန်ကြီးဌာနမှ  ထုတ်ပြန်ထားသည်။ တစ်ချိန်တည်းမှာပင် နေ့စဉ် ကူးစက်မှု ၅၀၀၀ နှင့်အထက် ထပ်မံရောက်ရှိလာကာစံချိန်သစ်များ တစ်ခုပြီးတစ်ခု တင်လာပြန်သည်။ သေဆုံးမှုနှုန်း ကလည်း နေ့စဉ် ရာချီဖြစ်လာပြီး မေ ၂၆ ရက် တစ်ရက်တည်းမှာပင်  သေဆုံးမှု  ၂၀၀  နီးပါး မြင့်တက်လာသည်။

ချီလီ၌လည်း နေ့စဉ် ကူးစက်မှုထောင်ချီပြီး ကူးစက်မှုစုစုပေါင်း ၇၇၀၀၀ ကျော်အထိ ဖြစ်လာကာ    အားကောင်းသည့် ဗိုင်းရပ်ပျံ့နှံ့မှုနေရာအဖြစ် ထပ်မံပေါ်ထွက်လာပြန်သည်။ ထို့ကြောင့် လက်တင် အမေရိက သာမကအမေရိကတစ်တိုက်လုံးအတွက် ကံဆိုးမိုးမှောင်အကျဆုံးအချိန် ဖြစ်လာကာ မက္ကဆီကို၌လည်း နေ့စဉ် ကူးစက်မှု ၃၀၀၀ ကျော် နှင့် စံချိန်သစ်တစ်ရပ်ကို  ထပ်မံတင်ထား ပြန်သည်။

တစ်ကမ္ဘာလုံးဗိုင်းရပ်ကူးစက်မှု ၅ ဒသမ ၆ သန်းကျော်တွင် လက်တင်အမေရိကတစ်ခုတည်း၌ပင် ကူးစက်မှု ၂ ဒသမ ၅ သန်းကျော်ဖြစ်လာကာ ဖွံ့ဖြိုးမှုအားနည်းသည့် အလယ်ပိုင်းအမေရိကနိုင်ငံများက ဗိုင်းရပ်ဒဏ်ကို ပိုခံစားရနိုင်သည်ဟု ခန့်မှန်းခဲ့ကြသည်။ယခုတော့ ထိုနိုင်ငံများထက်ပိုဆိုးသည် က ဖွံ့ဖြိုးမှုပိုအားကောင်းသည့် လက်တင် အမေရိကနိုင်ငံများဖြစ်လာကာ ဘရာဇီးကဲ့သို့နိုင်ငံမျိုးက လက်တင်အမေရိက၌ နံပါတ်တစ်နေရာယူလာသည်။ ထိုကြားထဲဗိုင်းရပ်ကာကွယ်ဆေးထုတ်ရန် ကြိုးစားမှုများကလည်း ထိထိရောက်ရောက်ရုပ်လုံးပေါ်မလာသေးဘဲ အီဘိုလာအတွက် ထုတ်ထားသည့် ဆေးကိုပင် COVID-19 ရောဂါ အတွက် အသုံးပြုနေရသည်။ ထိုထက်ဆိုးသည်က ဗိုင်းရပ်စစ်ဆေးမှု များတွင် မမှန်ကန်သည့်အဖြေ ထက်ဝက်ခန့် ရှိသည်ဟု အမေရိကန် ကူးစက်ရောဂါကာကွယ် ထိန်းချုပ် ရေးဌာန  (CDC) မှထုတ်ပြန်ထားသည်။  လက်ရှိ အမေရိ ကန်၌ စစ်ဆေးနေမှုများက အမှားအယွင်း များစွာရှိနေသည်ဟု ထောက်ပြလာကာ ရုရှား၏ အမြန်ဆုံးစစ်ဆေးသည့်ရလဒ်များကလည်း သံသယ ဖြစ်ဖွယ် အငြင်းပွားဖွယ်ရာဖြစ်နေသောကြောင့် COVID-19 ရောဂါထိန်းချုပ်ရေးက ရှေ့လျှောက် ထင်ထားသည်ထက် ခက်ခဲလာနိုင်ကြောင်းရေးသားတင်ပြလိုက်ရပါသည်။ 

ရှိန်းထက်

Ref; CNN

Read 22 times
Rate this item
(0 votes)