SJ WorldNews - шаблон joomla Авто

ခက်ခက်ခဲခဲရထားတဲ့ အမေရိကန်-တရုတ်ကုန်သွယ်ရေး သဘောတူညီချက် ပျက်ယွင်း တော့မှာလား

Tuesday, 02 June 2020 12:09 Written by  font size decrease font size decrease font size increase font size increase font size

နိုင်ငံရေး

အမေရိကန်နဲ့ တရုတ်နိုင်ငံတို့ကြားမှာ ကုန်သွယ်ရေးစစ်ပွဲဖြစ်ပွားမှုကြောင့် ကမ္ဘာ့စီးပွား ရေးမှာပါ  ကမောက်ကမဖြစ်ခဲ့ရပါတယ်။

၂၀၁၈ ခုနှစ်ကစတင်ခဲ့တဲ့ ကုန်သွယ်ရေး စစ်ပွဲရပ်ဆိုင်းရေးအတွက် နှစ်နိုင်ငံတာဝန်ရှိ သူတွေက အသည်းအသန်ကြိုးစားခဲ့တာကြောင့် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှာ ပထမ အဆင့်ကုန်သွယ်ရေး သဘောတူစာချုပ်ကို လက်မှတ်ထိုးနိုင်ခဲ့ပါတယ်။

အခုတော့ ခက်ခက်ခဲခဲနဲ့ရထားတဲ့ အဲဒီသဘောတူစာချုပ်ကလည်း ပျက်ယွင်းတော့မယ့် အခြေအနေကို ရောက်လာနေပါပြီ။ အကြောင်းရင်းကတော့ နိုင်ငံရေးအရ ဝင်စွက်ဖက် မှုကို စီးပွားရေးနဲ့ လက်စားချေမှုကြောင့်လို့ ပြောရမယ်ထင်ပါတယ်။

အမေရိကန်အစိုးရဟာ ပြီးခဲ့တဲ့လအတွင်း တရုတ်နိုင်ငံရဲ့ပြည်တွင်းရေးမှာ များစွာဝင် ရောက်စွက်ဖက်ခဲ့တာကို တွေ့ရပါတယ်။ အထူးသဖြင့်ကတော့   ဟောင်ကောင်အရေး မှာပါ။

ဟောင်ကောင်မှာ ခွဲထွက်ရေးလှုပ်ရှားမှုတွေ၊ အကြမ်းဖက်မှုတွေ၊ ပြည်ပကနေဝင် ရောက်စွက်ဖက်မှုတွေမရှိစေရေး တရုတ်အစိုးရက အဲဒီဒေသအတွက် အမျိုးသား လုံခြုံရေး ဥပဒေကိုပြဋ္ဌာန်းဖို့ ပြင်ဆင်နေကြောင်း ပြောလိုက်ပါတယ်။

ဒီလိုပြဋ္ဌာန်းခြင်းဟာ ဒီမိုကရေစီနည်းနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရထားတဲ့ ဟောင်ကောင် ဒေသအတွက်တော့ အလွန်ကြီးမားတဲ့ ခြိမ်းခြောက်မှုဖြစ်တယ်ဆိုပြီး အမေရိကန် အစိုးရ ဘက်က ယူဆလာပါတယ်။

အဲဒီနောက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ခြိမ်းခြောက်မှုတွေ အများကြီး လုပ်လိုက်ပါတယ်။ အမေရိကန်အနေနဲ့ ဟောင်ကောင်ဒေသကို ပေးထားတဲ့ အထူး အခွင့်အရေးတွေ ပြန်ရုပ်သိမ်းမယ်၊ အမျိုးသားလုံခြုံရေး ဥပဒေပြဋ္ဌာန်းရာမှာ ပါဝင်တဲ့   တာဝန်ရှိသူတွေကို တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း အရေးယူပိတ်ဆို့မှုတွေ ချမှတ်မယ်လို့ ထရမ့်က ခြိမ်းခြောက်ထားတာပါ။

ဒါတွေဟာ အမေရိကန်နိုင်ငံအနေနဲ့ တရုတ်နိုင်ငံရဲ့ပြည်တွင်းရေးမှာ ဝင်ရောက်စွက် ဖက်မှု တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။ တရုတ်(တိုင်ပေ)အရေးနဲ့ ပတ်သက်လို့ကတော့    တသီးတသန့်ပြောနေစရာကို မလိုတော့ပါဘူး။ အမေရိကန်က တရုတ်(တိုင်ပေ)ကို စစ်လက်နက်ပစ္စည်းတွေ အမြောက်အများ ရောင်းချနေတာ အားလုံးအသိပါပဲ။

ဒါ့အပြင် နိုဗယ်ကိုရိုနာဗိုင်းရပ် ကူးစက်မှုဟာလည်း တရုတ်နိုင်ငံရှိ ဓာတ်ခွဲခန်းကနေ စတင်တာဖြစ်တယ်လို့ အမေရိကန်အစိုးရက အခြေအမြစ်မရှိဘဲစွပ်စွဲထားပါသေးတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကိုလည်း တရုတ်နိုင်ငံနဲ့အတူရောပြီး အပြစ်တင်၊ ရန်ပုံငွေ ထောက်ပံ့မှုရပ်ဆိုင်း၊ ဆက်ဆံရေး ဖြတ်တောက်မှုတွေ လုပ်ထားပါတယ်။

အမေရိကန်ရဲ့ အခုလို သူတစ်ပါးရဲ့ ပြည်တွင်းရေးမှာ ဝင်စွက်ဖက်မှုတွေကို ထိုက်သင့် သလို တုံ့ပြန်ဆောင်ရွက်သွားမယ်လို့ တရုတ်အစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေက မှတ်ချက်ပြု ပြောထားပါတယ်။

အခုတော့ အဲဒီလိုမှတ်ချက်ပြု ပြောစကားတွေကို တရုတ်ဘက်က အကောင်အထည် ဖော်လိုက်ပြီလို့ယူဆရပါတယ်။ ဘာကြောင့်လဲဆိုရင် အမေရိကန်နိုင်ငံကနေ တင်သွင်း နေတဲ့ ပဲပိစပ်အပါအဝင် လယ်ယာထွက် ကုန်ပစ္စည်းအချို့ကို ဝယ်ယူမှုရပ်ဆိုင်းဖို့ နိုင်ငံ ပိုင် ကုမ္ပဏီတွေကို တရုတ်အစိုးရ တာဝန်ရှိသူတွေက အမိန့်ပေးလိုက်လို့ပါပဲ။

ဒါ့အပြင် တရုတ်နိုင်ငံပိုင် ကုမ္ပဏီအချို့ဟာ အမေရိကန်ကနေ ဝက်သားဝယ်ယူတင် သွင်းမှုကိုလည်း ရပ်ဆိုင်းလိုက်တယ်လို့ အဲဒီကိစ္စနဲ့နီးစပ်တဲ့သူ တစ်ယောက်ကပြောပါ တယ်။ ပုဂ္ဂလိကကုမ္ပဏီတွေအနေနဲ့ကတော့ ဒီလိုအမိန့်ကို လက်ခံရရှိခြင်းမရှိဘူးလို့ သိ ရပါတယ်။

ကုန်သွယ်ရေး စစ်ပွဲဖြစ်ပွားစဉ်တုန်းက အမေရိကန်နိုင်ငံမှာ လယ်သမားတွေတော် တော်ဒုက္ခတွေ့သွားပါတယ်။ အဲဒီဒုက္ခတွေကို ဖြေရှင်းပေးမယ်လို့ ဒေါ်နယ်ထရမ့်က ကတိပြုပြီးတော့မှ ပထမအဆင့်ကုန်သွယ်ရေးသဘောတူစာချုပ်မှာ တရုတ်နိုင်ငံအနေနဲ့ အမေရိကန်မှ လယ်ယာထွက်ကုန်တွေကို ပိုမိုဝယ်ယူပေးဖို့ ထည့်သွင်းချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် တရုတ်အစိုးရဟာ ၂၀၂၀ ပြည့်နှစ်အတွင်းမှာ အမေရိကန်ဆီကနေ လယ်ယာ ထွက်ကုန်တန်ဖိုးစုစုပေါင်း ဒေါ်လာ ၃၆ ဘီလီယံခွဲဖိုးအထိ ဝယ်ရမှာပါ။

ဒါပေမဲ့ နိုဗယ်ကိုရိုနာဗိုင်းရပ် ကူးစက်ပျံ့နှံ့မှုကြောင့် တရုတ်ကုန်သည်တွေဟာ ပထမ သုံးလပတ်အတွင်းမှာ အမေရိကန် လယ်ယာထွက်ကုန်ကို ဒေါ်လာ ၃ ဒသမ ၃၅ ဘီလီယံဖိုးသာဝယ်ယူနိုင်ခဲ့ပါတယ်။ ဒါဟာ ၂၀၀၇ ခုနှစ်နောက်ပိုင်း ပထမသုံးလပတ် အတွင်း တရုတ်နိုင်ငံရဲ့ဝယ်ယူနိုင်မှု အနည်းဆုံးဖြစ်ပါတယ်။

တရုတ်အစိုးရက ဗိုင်းရပ်ကူးစက်မှုကြောင့် ချမှတ်ထားရတဲ့ အသွားအလာ တားမြစ်ကန့် သတ်မှုတွေကို ဖြေလျှော့ပေးလိုက်ချိန်မှာတော့ တရုတ်ကုန်သည်တွေဟာ အမေရိကန် လယ်ယာထွက်ကုန်တွေကို တိုးမြှင့်ဝယ်ယူပေးခဲ့ပါတယ်။

မေလအတွင်းမှာဆိုရင် သီတင်းပတ်နှစ်ပတ်အတွင်းမှာပဲ အမေရိကန်ဆီကနေ ပဲပိစပ် တန်ချိန်တစ်သန်းကျော်ကို ဝယ်ယူပေးနိုင်ခဲ့တာပါ။ ဒါ့အပြင် ပဲပိစပ်ဆီနဲ့အီသနောတို့ကို လည်း တရုတ်ကုန်သည်တွေက ဝယ်ယူပေးနိုင်ခဲ့ပါတယ်။

အခုတော့ အမေရိကန်အစိုးရက သူတစ်ပါးနိုင်ငံရဲ့ပြည်တွင်းရေးမှာ ဝင်ရောက်စွက် ဖက်မှု၊ ဗိုင်းရပ်ကူးစက်မှုနဲ့ ပတ်သက်ပြီး ကိုယ့်နိုင်ငံအတွင်းမှာ ကိုယ်နိုင်အောင် မထိန်း ချုပ်နိုင်ဘဲ တရုတ်အစိုးရနဲ့ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကို အပြစ်တင်စွပ်စွဲမှုတွေကြောင့် ခက်ခက်ခဲခဲရရှိထားတဲ့ ပထမအဆင့် ကုန်သွယ်ရေး သဘောတူစာချုပ်ပျက်စီးပြီး မမျှော်လင့်ထားတဲ့ဆုံးရှုံးမှုတွေကို ရရှိတော့မယ့် အခြေအနေဖြစ်နေပါပြီ။

တရုတ်နိုင်ငံအနေနဲ့ကတော့ သူ့နိုင်ငံအတွက်လိုအပ်တဲ့ ပဲပိစပ်တွေကို အမေရိကန်က နေမဝယ်လည်း ဘရာဇီးကနေ ပြောင်းလဲဝယ်ယူနိုင်ပါတယ်။ ဒါပေမဲ့ အမေရိကန် လယ်သမားတွေကတော့ အရင်လိုပဲ အတိဒုက္ခ ပြန်ရောက်သွားနိုင်ပါတယ်။

တကယ်လို့ ကမ္ဘာ့စီးပွားရေးအင်အားကြီးဖြစ်တဲ့ အမေရိကန်နဲ့ တရုတ်တို့ကြားမှာ ကုန်သွယ်ရေး စစ်ပွဲပြန်ဖြစ်လာဦးမယ်ဆိုရင် တကယ်တမ်းအထိနာမှာက ကျန်ကမ္ဘာ့ နိုင်ငံတွေဖြစ်ပါတယ်။

ဗိုင်းရပ်ကူးစက်မှုကြောင့် ပြိုလဲမလိုဖြစ်နေတဲ့ စီးပွားရေးကုမ္ပဏီတွေကလည်း ကုန်သွယ် ရေးစစ်ပွဲကြောင့် နာလန်မထူနိုင်အောင် ဖြစ်သွားနိုင်ပါတယ်။ လက်ရှိမှာ နိုဗယ်ကိုရိုနာ ဗိုင်းရပ်ကူးစက်မှုကလည်း အခြေမငြိမ်သေးပါဘူး။ ဆက်လက် ကူးစက်နေဆဲဖြစ်ပါ တယ်။ ကာကွယ်ဆေးလည်း မတွေ့သေးပါဘူး။ အစိုးရ တာဝန်ရှိသူတွေကလည်း   ကန့်သတ်ချက်တွေကို ဖြေလျှော့မှုတွေ လုပ်နေပါတယ်။ အချိန်မတိုင်မီ   ဖြေလျှော့မှု တွေကြောင့်  ဗိုင်းရပ်ကူးစက်မှု နောက်တစ်ကျော့ထပ်ဖြစ်လာနိုင်တယ်လို့ ကျန်းမာရေး ကျွမ်းကျင်သူတွေကလည်း သတိပေးထားပါတယ်။

ဒီအချိန်မှာ ကုန်သွယ်ရေးစစ်ပွဲသာ နောက်တစ်ကြိမ်ပြန်ဖြစ်ပါက ရင်းနှီးမြှုပ်နှံမှုတွေ လည်း ရပ်တန့်သွားမှာဖြစ်သလို ရောင်းလိုအား ကွင်းဆက်တွေကလည်း ပြတ်တောက် သွားနိုင်တဲ့အထိ ဆိုးရွားပြီး ကမ္ဘာ့စီးပွားရေးတစ်ခုလုံး ပျက်ကပ်ထဲကို ရောက်သွားမှာ မလွဲဧကန်ပင်ဖြစ်ပါတယ်။

Ref: Bloomberg

ထက်မြက်

Read 18 times
Rate this item
(0 votes)
Last modified on Tuesday, 02 June 2020 12:13