Print this page

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်လာဖွယ်ရာ ရှိသော မုန်တိုင်းနှင့် စပ်လျဉ်းသည့် အသိပေးချက်

Friday, 01 May 2020 10:07 Written by  font size decrease font size decrease font size increase font size increase font size

 

နေပြည်တော်  ဧပြီ  ၃ဝ

 

မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနသည် ကပ္ပလီ ပင်လယ်ပြင် တောင်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော ဘင်္ဂလား ပင်လယ်အော် အရှေ့တောင်ပိုင်းတို့တွင် (နောက် ၂၄ နာရီအတွင်း) ၁-၅-၂ဝ၂ဝ ရက်ခန့်တွင်  လေဖိအားနည်း ရပ်ဝန်းတစ်ခု ဖြစ်ပေါ်နိုင်ပြီး ပိုမိုအားကောင်းလာကာ (နောက် ၇၂ နာရီအတွင်း) ၃-၅-၂ဝ၂ဝ ရက်ခန့်တွင်  မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်သည်။  အဆိုပါ မုန်တိုင်းငယ်သည် ကနဦးတွင်  မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားပြီး နောက်ပိုင်းတွင် မြောက်-အရှေ့မြောက်သို့ကွေ့ကာ မြန်မာ့ကမ်းရိုးတန်းသို့ ဦးတည်ရွေ့လျားမည်ဟု ထုတ်ပြန်ပေးထားသည်။

 

မိုးလေဝသခန့်မှန်းရေး မော်ဒယ်များ၏ ၃ဝ-၄-၂ဝ၂ဝ ရက် မြန်မာစံတော်ချိန် နံနက်ဝဝး၃ဝ နာရီကိုအခြေခံသည့် ခန့်မှန်းချက်များတွင် မုန်တိုင်းအခြေအနေမှာ အောက်ပါအတိုင်းဖြစ်သည်။ အိန္ဒိယမိုးလေဝသဌာန၏ Global Forecasting System(GFS) Model၏ ခန့်မှန်းချက်အရ ၁ဝ-၅-၂ဝ၂ဝ ရက်တွင် မုန်တိုင်းမှာ ဘင်္ဂလာပင်လယ်အော် အလယ်ပိုင်းတွင် ဆက်လက် တည်ရှိနေသေးကြောင်း တွေ့ရှိရသည်။

 

အမေရိကန်နိုင်ငံ National Ocean and atmospheric Administration (NOAA)/NWS/NCEP ၏ Global Forecasting System (GFS)Model  ၏ ခန့်မှန်းချက်အရ  ၇-၅-၂ဝ၂ဝ ရက် ည ၆ နာရီခွဲခန့်တွင် မုန်တိုင်းငယ်အဆင့်ဖြင့် ရခိုင်ကမ်းရိုးတန်းကို ဖြတ်ကျော်နိုင်ပြီး ညသန်းခေါင်ယံအချိန်တွင် မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသများကို ဆက်လက်ဖြတ်ကျော် ဝင်ရောက်နိုင်သည်ကို တွေ့ရသည်။

 

European Center for Medium Range Weather Forecast (ECMWF) ၏ ခန့်မှန်းချက်တွင် ၆-၅-၂ဝ၂ဝ ရက် ည ၆ နာရီခွဲ၌ ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသကို မုန်တိုင်းငယ် အဆင့်ဖြင့် ဖြတ်ကျော်နိုင်ကြောင်း တွေ့ရသည်။

 

NAVGEM (Navy Global Environ-mental Model) ၏ ခန့်မှန်းချက်တွင် ၇-၅-၂ဝ၂ဝ ရက်၌ ဆိုင်ကလုန်းမုန်တိုင်း အဆင့်ဖြင့်  ရခိုင်ကမ်းရိုးတန်း မြောက်ပိုင်းနှင့် ဘင်္ဂလားဒေ့ရှ် ကမ်းခြေကြားသို့ ဝင်ရောက်နိုင်ကြောင်း တွေ့ရသည်။

 

မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၏ Weather Research and Forecast (WRF) Model ၏ ခန့်မှန်းချက်အရ ၈-၅-၂ဝ၂ဝ ရက်တွင် မုန်တိုင်းမှာ ပင်လယ်ပြင်၌သာလျှင် တည်ရှိနေပြီး အရှေ့မြောက်ဘက်သို့ ဦးတည်ရွေ့လျား လာကြောင်း တွေ့ရသည်။ Joint Typhoon Warning Center (JTWC) ၏ မုန်တိုင်းများ အခြေအနေနှင့် ပတ်သက်၍ ခန့်မှန်းချက်များတွင် လက်ရှိအချိန်အထိ ဘင်္ဂလား ပင်လယ်အော်တွင် လေဖိအားနည်း ရပ်ဝန်းဖြစ်ပေါ်နိုင်သည့် အခြေအနေကို ဖော်ပြထားခြင်း မရှိသေးကြောင်း တွေ့ရသည်။

 

မေလဆန်းတွင် ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်လာနိုင်သည့်  မုန်တိုင်းနှင့် ပတ်သက်၍ ဦးတည်ရွေ့လျားမည့်နေရာ၊ ဖြတ်ကျော်မည့် ဒေသနှင့် မုန်တိုင်းအင်အား အခြေအနေများသည် ယနေ့အထိ မသေချာမှုများ ရှိနေဆဲဖြစ်ကြောင်း တွေ့ရသည်။

 

မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနသည် မြေပြင်မိုးလေဝသ အခြေအနေများ၊ အထက်လေထု အခြေအနေများ၊ သင်္ချာပုံစံပြု မိုးလေဝသခန့်မှန်းချက်များ၊ ဂြိုဟ်တုတိမ်ပုံများ၊ ရေဒါပုံရိပ်များနှင့် မုန်တိုင်းခန့်မှန်းခြင်း နည်းစနစ်များအပြင် ဒေသတွင်း အမျိုးသားမိုးလေဝသ ဌာနများ၏ ခန့်မှန်းချက်များကိုပါ ရယူပြီး မုန်တိုင်းခန့်မှန်းချက်၊ သတိပေးချက်များကို ထုတ်ပြန်ပေးလျက် ရှိသည်။ ယခုအခါ မေလဆန်းအတွင်း ဘင်္ဂလား ပင်လယ်အော်တွင် ဖြစ်ပေါ်လာဖွယ်ရာရှိသည့် မုန်တိုင်းနှင့် ပတ်သက်၍ လေဖိအားနည်း ရပ်ဝန်းဖြစ်ပေါ်သည့် အချိန်မှ မုန်တိုင်းအဖြစ်ရောက်ရှိပြီး မုန်တိုင်းကမ်းခြေကိုဖြတ်ကျော်သည့် အချိန်အထိ (၂၄/၇) စောင့်ကြည့်လျက်ရှိပြီး မုန်တိုင်းသတင်း/ သတိပေးချက်များကို မိဘပြည်သူများထံ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးသွားမည်ဖြစ်သည်။ ထို့ပြင် မုန်တိုင်းနှင့် ပတ်သက်၍ နေ့စဉ်ဖြစ်ပေါ်ပြောင်းလဲနေသည့် အခြေအနေများကိုပါ ထုတ်ပြန်ပေးသွားမည် ဖြစ်သည့်အတွက် မုန်တိုင်းနှင့် ပတ်သက်သည့် ကောလာဟလ သတင်းများကို မယုံကြည်ကြရန် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ အသိပေးအပ်ပါသည်။

 

Read 47 times
Rate this item
(0 votes)
Last modified on Friday, 01 May 2020 10:08
ကေတု

Latest from ကေတု