ခရိုင်းမီးယားဒေသတွင် တိုက်ခိုက်မှုများ လုပ်ဆောင်ရန် စီစဉ်သူလေးဦးကို FSB ဖမ်းဆီး
ခရိုင်းမီးယားဒေသအတွင်း ဖောက်ခွဲတိုက်ခိုက်မှုများလုပ်ဆောင်ရန် စီစဉ်ခဲ့သူ လေးဦးကို ရုရှားလုံခြုံရေးအဖွဲ့ (FSB) က ဖမ်းဆီးနိုင်ခဲ့ကြောင်း ယင်းအဖွဲ့က ထုတ်ပြန်သည်။
အဆိုပါအကြမ်းဖက်တိုက်ခိုက်မှုများကို ယူကရိန်းအစိုးရက နောက်ကွယ်မှကြိုးကိုင် ခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးခံရသူများသည် ရုရှားလက်နက်ကိုင်တပ်ဖွဲ့အတွက် လိုအပ်သည့် စစ်ပစ္စည်းများသယ်ယူပို့ဆောင်ရေး အပါအဝင် ခရိုင်းမီးယားဒေသရှိ မီးရထားစနစ်ကို အဓိကထားဖောက်ခွဲတိုက်ခိုက်ရန် စီစဉ်ခဲ့ကြောင်း FSB က မေလ ၃၀ ရက်တွင် ထုတ်ပြန်ထားသည်။
ဖောက်ခွဲတိုက်ခိုက်မှုများ လုပ်ဆောင်မှုအတွင်း အကြမ်းဖက်သမား တစ်ဦးသေဆုံးခဲ့ကြောင်း၊ ၎င်းအကြမ်းဖက် သမားသည် ၁၉၇၀ ပြည့်နှစ်တွင်မွေးဖွားခဲ့သည့် ရုရှားနိုင်ငံသားတစ်ဦးဖြစ်ပြီး လက်လုပ်ဗုံးကို ဖောက်ခွဲပြီးနောက် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဖမ်းဆီးခံထားရသူများသည် ဒေသတွင်းရှိ ရုရှားစစ်ဘက်၏ တည်နေရာနှင့် လှုပ်ရှားသွားလာမှုများ၊ လေကြောင်းကာကွယ်ရေးစနစ်များ၏ တည်နေရာများနှင့် စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အဦများ စသည့် သတင်းအချက်အလက်များကို ယူကရိန်းအစိုးရထံသို့ ပေးပို့ခဲ့သည်ဟု FSB က စွပ်စွဲထားကြောင်းသိရသည်။
ခရိုင်းမီးယားဒေသတွင် အကြမ်းဖက်တိုက်ခိုက်မှုများလုပ်ဆောင်ရန် ကြိုးပမ်းမှု တစ်ရပ်ကို FSB က ပြီးခဲ့သည့်လအစောပိုင်းတွင် ဖော်ထုတ်တားဆီးနိုင်ခဲ့ကြောင်း သိရသည်။
Ref: RT