ပညာရေးဝန်ကြီးဌာန အရည်အသွေးအာမခံမှုစနစ် မူဝါဒကြေညာချက် (Ministry Quality Assurance System-MQAS) မိတ်ဆက်ခြင်းအခမ်းအနားကျင်းပ

ပညာရေးဝန်ကြီးဌာန အရည်အသွေးအာမခံမှုစနစ် မူဝါဒကြေညာချက် (Ministry Quality Assurance System-MQAS) မိတ်ဆက်ခြင်းအခမ်းအနားကျင်းပ

နေပြည်တော် ဇွန် ၁၇

ပညာရေးဝန်ကြီးဌာန အရည်အသွေးအာမခံမှုစနစ် မူဝါဒကြေညာချက် (Ministry Quality Assurance System-MQAS) မိတ်ဆက်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ပညာရေး ဝန်ကြီးဌာန ရုံးအမှတ် (၁၃)ရှိ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီးများဖြစ်ကြသော ဒေါက်တာဇော်မြင့်၊ ဒေါက်တာမိုးဇော်ထွန်း၊ ပညာရေးဝန်ကြီးဌာနနှင့် ဆက်စပ်ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ် များ၊ တက္ကသိုလ်ပါမောက္ခချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပညာရေး ဒီဂရီကောလိပ် ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးများ၊ ပညာရေး သုတေသန၊ စီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ပညာရေးဝန်ကြီးဌာနအတွင်း အရည်အသွေးအာမခံမှု စနစ်ကို  ပညာရေး ဝန်ကြီးဌာန  အရည်အသွေးအာမခံမှုစနစ် (Ministry Quality Assurance System - MQAS) အဖြစ် ရည်ညွှန်းသွားမည်ဖြစ်ကြောင်း၊ MQAS ကို မူကြိုတန်းများ၊ ကျောင်းပြင်ပ ပညာရေး စခန်းများ၊ အခြေခံ ပညာကျောင်းများ၊ ကောလိပ်များ၊ ပညာရေးဒီဂရီကောလိပ်များ၊ တက္ကသိုလ်များ အစရှိသည့် ပညာသင်ယူရာနေရာများ၊ ဦးစီးဌာနများနှင့် ပညာရေးနှင့် ဆက်စပ်အဖွဲ့အစည်းများ အားလုံးမှတစ်ဆင့် အကောင်အထည်ဖော်သွားကြရန်ဖြစ်ကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာ ဦးစီးဌာန အလိုက်   အတွင်းအရည် အသွေးအာမခံမှု (Internal Quality Ass-urance - IQA) လုပ်ထုံး လုပ်နည်းများ ကို ရေးဆွဲ၊ ဖော်ထုတ်၊ အကောင်အထည်ဖော်ရာတွင် ပညာရေးဝန်ကြီးဌာန အရည်အသွေး အာမခံမှု စနစ်ကို အသုံးပြုရန်ဖြစ်ကြောင်း၊ အခြေခံပညာကဏ္ဍတွင် ကျောင်းအရည် အသွေးအာမခံမှု စံသတ်မှတ် ချက် အညွှန်းဘောင် (School Quality Assurance Standards Framework - SQASF) ကို အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး တိုးတက်မှုရရှိခဲ့သည်ကို တွေ့ရကြောင်း၊ ဆရာအတတ် ပညာကဏ္ဍ တွင်လည်း ဆရာအတတ်ပညာကျွမ်းကျင်မှု စံသတ်မှတ်ချက် အညွှန်းဘောင် (Teacher Competency Standards  Framework -TCSF) ကို ရေးဆွဲ ဆောင်ရွက်လျက်ရှိကြောင်း။

ဦးစီးဌာနများနှင့် ပညာသင်ယူရာနေရာများ၊ ကျောင်းများအားလုံးတွင် အရည်အသွေး စံသတ်မှတ်ခြင်း နှင့် သတ်မှတ်ထားသည့်စံနှင့်အညီ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းတို့ကို ကြီးကြပ် အကဲဖြတ်လမ်းညွှန်မှု လုပ်ငန်းစဉ်များနှင့် ဦးစားပေးဆောင်ရွက်မည်ဖြစ်သည့်အတွက် ပညာရေး ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရာတွင် ပညာရေးဝန်ကြီးဌာန အရည်အသွေးအာမခံမှုစနစ်သည် အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (NESP)၏ မဟာဗျူဟာမြောက် တွန်းအားတစ်ရပ်လည်း ဖြစ်လာမည်ဖြစ်ကြောင်း၊ မိမိတို့ပညာရေး ဝန်ကြီးဌာနအနေဖြင့် အသိပညာ၊ အတတ်ပညာ၊ ပင်ကို အရည်အသွေး၊  စွမ်းရည်များနှင့်ပြည့်စုံသည့်  လူ့စွမ်းအားအရင်း အမြစ်များကို မွေးထုတ်ပေးနိုင်သော ဘက်စုံပညာရေးကဏ္ဍကို မြှင့်တင်ကြိုးပမ်းဆောင်ရွက်ရာတွင် ပညာရေးဝန်ကြီးဌာန အရည်အသွေး အာမခံမှုစနစ် (MQAS)   ကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းသည် ပညာရေးအဆင့်အတန်းနှင့် အရည်အသွေးအာမခံမှုအတွက် အဓိကဦးစားပေး လုပ်ငန်းဖြစ်သည့်အတွက်ကြောင့် ဦးစီးဌာနများနှင့်  ပညာသင်ယူရာနေရာများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်နှင့် ကျောင်းများအားလုံးသည် မိမိတို့တာဝန်ယူဆောင်ရွက်ရမည့်လုပ်ငန်းများကို ပေါင်းစပ်ညှိနှိုင်းပြီး အလေးထားလုပ်ဆောင်ကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် ပညာရေးသုတေသနစီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းသန်းမြင့်က MQAS ရေးဆွဲခြင်းနှင့် စပ်လျဉ်း၍ ဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ် အဆင့်ဆင့်ကို လည်းကောင်း၊ ပညာရေးသုတေသနစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးမိုးလွင်က MQAS တွင်ပါဝင်သည့် အကြောင်းအရာများနှင့် ဆောင်ရွက်မည့် လုပ်ငန်းစဉ် များကိုလည်းကောင်း ရှင်းလင်းပြောကြားပြီး ပြည်ထောင်စုဝန်ကြီးသည် တက်ရောက်လာသူများနှင့် အတူ စုပေါင်းမှတ်တမ်း ဓာတ်ပုံရိုက်သည်။

ထို့နောက် အစီအစဉ် ဒုတိယပိုင်းကိုကျင်းပရာ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ကြည်ရွှင်က တာဝန်နှင့် ဝတ္တရားများ၊ လုပ်ငန်းတာဝန်များအကောင် အထည်ဖော် ဆောင်ရွက် မည့်လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးပြီး ပညာရေးဝန်ကြီးဌာနအဆင့်၊ ဦးစီးဌာနအဆင့်နှင့် ပညာသင်ယူရာ နေရာများဆိုင်ရာအဆင့်(အခြေခံပညာကဏ္ဍ၊ အဆင့်မြင့်ပညာကဏ္ဍ၊ ဆရာအတတ် ပညာကဏ္ဍနှင့် ကျောင်းပြင်ပ ပညာရေးကဏ္ဍ)များအလိုက် အုပ်စုများခွဲ၍ ဆွေးနွေးဆောင်ရွက်ခဲ့ကြ ကြောင်း သတင်းရရှိသည်။                           

(သတင်းစဉ်)