Print this page

မူဆယ်ဈေးကွက်သို့ ရှမ်းနှင့် ကချင်ပြည်နယ်ဒေသထွက် စိန်တစ်လုံး သရက်သီးများ ဝင်ရောက်နေပြီး အရောင်းအဝယ် သွက်သော်လည်း ဈေးရရှိမှု နည်းပါး

Wednesday, 03 June 2020 09:37 font size decrease font size decrease font size increase font size increase font size

 

 

 

မူဆယ်ဈေးကွက်သို့  ရှမ်းနှင့်ကချင်ပြည်နယ်ဒေသထွက် စိန်တစ်လုံးသရက်သီးများ ဝင်ရောက်နေပြီး အရောင်းအဝယ် သွက်နေသော်လည်း ဈေးရရှိမှု နည်းပါးနေကြောင်း ခွာညိုသစ်သီးပွဲရုံပိုင်ရှင် ဦးစိုင်းခင်မောင်၏ ပြောဆိုချက်အရ သိရသည်။

 

လတ်တလော မန္တလေးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှ စိန်တစ်လုံး သရက်သီး ထွက်ရှိမှု   လျော့နည်းသွားပြီ ဖြစ်သည့်အတွက် မူဆယ်ဈေးကွက်သို့ ဝင်ရောက်မှု နည်းပါးသွားကြောင်း သိရသည်။

 

''အရောင်းအဝယ်လည်း သွက်ပါတယ်။ ဈေးမရတာတစ်ခုပဲ။ ရောက်သလောက်တော့ ကုန်တယ်''ဟု ဦးစိုင်းခင်မောင်က ပြောသည်။

 

ထိုသို့ ဝင်ရောက်ရာတွင် ကချင်ပြည်နယ် အင်းတော်နှင့်  ရှမ်းပြည်နယ် တောင်ကြီး၊ ရပ်စောက် စသည့်ဒေသတို့မှ ဝင်ရောက်နေခြင်းဖြစ်ကြောင်း သိရသည်။

 

''ဈေးကွက်အလားအလာကတော့ ဒီတိုင်းပဲ သွားမှာပဲ။ သရက်ရာသီချိန် ပြီးတဲ့အထိ မျှော်လင့်ချက် သိပ်မရှိပါဘူး။ ဈေးနှုန်းကတော့  နည်းနည်းတက်မယ်၊ နည်းနည်းကျမယ်'' ဟု ဦးစိုင်းခင်မောင် ကပြောသည်။

 

သရက်ရာသီချိန်သည် တစ်လခွဲခန့်သာ ကျန်ရှိပြီး  ယခုနှစ် သရက်ရာသီချိန်တွင် COVID-19 ရောဂါကြောင့် အခက်အခဲများ ရှိခဲ့ကာ ယခင်နှစ်ကထက် ဈေးနှုန်းများ ကျဆင်းခြင်းဖြစ်ကြောင်း သိရသည်။

 

ဇွန် ၂ ရက်တွင် စိန်တစ်လုံးထိပ်စ တစ်ခြင်းလျှင် ယွမ် ၈ဝ မှ ၁၂ဝ၊ လတ်စ ယွမ် ၆ဝ မှ ၈ဝ နှင့် အလွတ် ၄၅ ယွမ်မှ ယွမ် ၆ဝ အထိ ဈေးနှုန်းရှိနေပြီး မူဆယ်ဈေးကွက်သို့ မယ်သီ၊ ရင်ကွဲ၊ မစောရင်၊ ပတ္တမြားငမောက်၊ ရွှေဖလား၊ ရွှေတောင်၊ မချစ်စု စသည့်သရက်များလည်း ဝင်ရောက်လျက် ရှိကြောင်း သိရသည်။

 

Read 57 times Last modified on Wednesday, 03 June 2020 09:38