(၇)ကြိမ်မြောက် အာဆီယံ-တရုတ် ပိုးမွှားရောဂါ ကင်းစင်ရေး ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ဝန်ကြီးအဆင့် အစည်းအဝေး ကျင်းပ

 (၇)ကြိမ်မြောက် အာဆီယံ-တရုတ် ပိုးမွှားရောဂါ ကင်းစင်ရေး ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ဝန်ကြီးအဆင့် အစည်းအဝေး ကျင်းပ

နေပြည်တော်  စက်တင်ဘာ  ၁၃

အာဆီယံ-တရုတ် ပိုးမွှားရောဂါ ကင်းစင်ရေး ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဝန်ကြီးအဆင့် (၇)ကြိမ်မြောက် အစည်းအဝေးကို  ယနေ့နံနက်ပိုင်းတွင် Video Conference ဖြင့် ကျင်းပရာ အစည်းအဝေးသို့ အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ ဝန်ကြီးများ၊ အဆင့်မြင့်အရာရှိကြီးများ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အကောက်ခွန် အထွေထွေ စီမံအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့မှ ဒုတိယဝန်ကြီးများနှင့် အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြပြီး မြန်မာနိုင်ငံမှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် အဆင့်မြင့် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

ဖွင့်ပွဲအခမ်းအနားတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အကောက်ခွန် အထွေထွေစီမံ အုပ်ချုပ်မှု အာဏာပိုင်အဖွဲ့ ဒုတိယဝန်ကြီး၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ကွမ်ရှီကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ရေး နယ်မြေ၏ ဒုတိယဥက္ကဋ္ဌနှင့် အာဆီယံ  လယ်ယာစိုက်ပျိုးရေးနှင့်သစ်တောဆိုင်ရာ အလှည့်ကျ သဘာပတိဖြစ်သူ ကမ္ဘောဒီးယားနိုင်ငံ စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်း ဝန်ကြီးဌာန ဝန်ကြီးတို့က အဖွင့်အမှာစကား ပြောကြားကြသည်။

အစည်းအဝေးတွင်  (၂၃)ကြိမ်မြောက် အာဆီယံ-တရုတ် ထိပ်သီးအစည်းအဝေးနှင့် အာဆီယံနိုင်ငံများနှင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံတို့၏ ပူးပေါင်းဆောင်ရွက်မှု နှစ်(၃ဝ)ပြည့် အခမ်းအနား အထိမ်းအမှတ်အဖြစ် ကျင်းပခဲ့သည့် အာဆီယံ-တရုတ် နိုင်ငံခြားရေး ဝန်ကြီးများ၏ အထူးအစည်းအဝေးမှ ထွက်ပေါ်လာသော လမ်းညွှန်ချက်များအနက် ပိုးမွှားရောဂါ ကင်းစင်ရေးနှင့် သက်ဆိုင်သည့် အရေးကြီးသော အချက်များကို  တင်ပြဆွေးနွေးခြင်း၊ ၂ဝ၂၁ ခုနှစ် ဇူလိုင်လအတွင်း ကျင်းပခဲ့သည့် (၇)ကြိမ်မြောက် အာဆီယံ-တရုတ် ပိုးမွှားရောဂါ ကင်းစင်ရေးဆိုင်ရာ လုပ်ငန်းများအတွက် ချိတ်ဆက်ဆောင်ရွက်ရမည့် ပုဂ္ဂိုလ်များ အစည်းအဝေးမှ ရလဒ်များ၊ အာဆီယံ-တရုတ် ပိုးမွှားရောဂါ ကင်းစင်ရေးဆိုင်ရာ လုပ်ငန်းအစီအစဉ်(၂ဝ၁၉-၂ဝ၂ဝ) ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၏ ဆွေးနွေးတင်ပြချက်များ အပေါ် ပြန်လည် သုံးသပ်ခြင်းနှင့် လမ်းညွှန်ချက်များ ချမှတ်ပေးခြင်း၊ (၂ဝ၂၂-၂ဝ၂၃) တွင် ဆောင်ရွက်မည့် လုပ်ငန်း အစီအစဉ်အသစ်နှင့် ၂ဝ၂၁ ခုနှစ် အတွင်း လက်မှတ်ရေးထိုးမည့် အာဆီယံ အဖွဲ့ဝင်နိုင်ငံများနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံတို့အကြား ပိုးမွှားရောဂါ ကင်းစင်ရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာနှင့် အစည်းအဝေး၏ ပူးတွဲကြေညာချက်အား လက်ခံအတည်ပြုခြင်းတို့ကို ဆွေးနွေး သဘောတူညီခဲ့ကြောင်း သိရသည်။