ဘောလုံးကစားလို့ကောင်းတဲ့အရွယ်မှာ ဘာကြောင့် ကစားသမား-မန်နေဂျာတာဝန်ကို ရွေးချယ်လိုက် တာလဲ။
ရွေးချယ်လိုက်ရတဲ့အချက် သုံးချက်ရှိတယ်။ ပထမဆုံးအချက်က ကျွန်တော့်ကို ယုံကြည်စွာနဲ့ တာဝန်ပေးတဲ့ အသင်းပိုင်ရှင်၊ ဥက္ကဋ္ဌ၊ တာဝန်ရှိသူတွေကိုလေးစားလို့ မန်နေဂျာရာထူးကို လက်ခံခဲ့တာပါ။ သူတို့ က ကျွန်တော့်ကိုယုံလို့တာဝန်ပေးတာကို ဝမ်းသာစွာနဲ့ လက်ခံခဲ့တာပါ။
နောက်တစ်ချက်က ဦးစားပေးရမယ့် ညီငယ်ကစားသမားတွေရှိလို့ပါ။ အသင်းမှာ ဂိုးသမားလေးယောက် ရှိတယ်။ ကျွန်တော့် ကိုဖယ်လိုက်ရင် မျိုးမင်းလတ်၊ ဘုန်းသစ္စာမင်းနဲ့ အောင်မြင့်မြတ်တို့ကို ကျွန်တော် ယုံတယ်၊ အားကိုးတယ်၊ သူတို့အတွက် ကျွန်တော်တတ်နိုင်သလောက် ကူညီချင်တယ်။ ကျွန်တော့်ထက် သူတို့ကို ဦးစားပေးရမယ့် အချိန်ရောက်လာပြီလို့ ယုံကြည်တယ်။ အသင်းကလိုအပ်ရင် ကျွန်တော် ဂိုးဖမ်းပေးမယ်။ ဒါပေမဲ့ ကျွန်တော့်ညီတွေ က ယုံကြည်လို့ရတဲ့ အဆင့်ကိုရောက်နေပြီ။ နောက်ဆုံး တစ်ချက်က ကျွန်တော့် ရည်မှန်းချက်ပါ။ ကျွန်တော် အခုအသက် ၃၃ နှစ်ကျော်လာပြီ။ အသက် ၃၅ နှစ် လောက်ကစပြီး တစ်ခုခုကို အပြောင်းအလဲ လုပ်ရမယ်လို့တွေးထားတယ်။ ဘာလုပ် မလဲစဉ်းစားတော့ ဂိုးဖမ်းတာကိုပဲ ပြန်ပြီး သင်ပေးချင်တယ်။ သိထားတာလေးတွေ ဝေမျှပေးချင်တယ်။ အခုချိန်မှာ ကျွန်တော် က နည်းပြလိုင်းနဲ့ပတ်သက်ပြီး ကျောင်းသား အဆင့်ပဲရှိသေးတယ်။ အများကြီးသင်ယူ ရဦးမယ်။ ဒီအချိန်လောက်ကစလုပ်မှ နောက်ငါးနှစ်ဆိုရင် ကျွန်တော်တစ်ခုခုဖြစ် လာလိမ့်မယ်ထင်လို့ ပြောင်းလိုက်တာပါ။
မန်နေဂျာတာဝန်ယူတော့မယ်ဆိုတော့ တာဝန်တွေကို လေ့လာပြီးပြီလား။
ဟုတ်ကဲ့ အားလုံးမဟုတ်ဘူးဆိုရင်တောင် အများစုကို ဆရာတွေဆီမှာ မေးပြီး လေ့လာသင်ယူနေ ပါတယ်။ ကျွန်တော်က သင်ယူနေရတာကိုပျော်တယ်။ အသင်းကလည်း ချန်ပီယံဆုအတွက် ရည်ရွယ် ကစားမယ့်အသင်းဆိုတော့ အမှားမခံတာကြောင့် ဂရုတစိုက် သင်ယူနေပါတယ်။ မန်နေဂျာရာထူးယူထား ပြီဆိုတော့ တာဝန်ကျေအောင် အကောင်းဆုံးကြိုးစားသွားမှာပါ။
အရင်က အသင်းခေါင်းဆောင် တာဝန်ယူထားတော့ အခုနောက်တစ်ယောက်ရွေးရမယ်ဆိုရင် ဘယ်သူ့ကို ထောက်ခံမဲပေးမလဲ။
ဒေးဗစ်ထန်းပါ။ ကစားအား၊ ဦးဆောင်မှု၊ စံပြဖြစ်မှု၊ အနေအထိုင်၊ ကြိုးစားမှုအားလုံးမှာ တကယ် လေးစားရတဲ့သူပါ။ တကယ်ရှားတဲ့ကစားသမားတစ်ယောက်ပါ။ သူ့ကို အသင်းခေါင်းဆောင်အဖြစ်ထားဖို့ ထောက်ခံပေးမှာပါ။
မန်နေဂျာတာဝန်ယူတော့မယ်ဆိုတော့ ကစားသမားဘဝကနေ အနားယူမှာလား။
အသင်းအတွက် တကယ်လိုအပ်တယ်ဆိုရင် ဆက်ကစားမယ်။ ကျွန်တော်က ရည်ရွယ်ထားတာ တွေရှိနေတော့ ဒီနှစ်က ကစားသမားဘ၀ နောက်ဆုံးနှစ်လည်းဖြစ်သွားနိုင်ပါတယ်။
ကိုယ်ပိုင်သင်တန်းတွေ၊ ဂိုးသင်တန်းတွေကိုရော ဆက်လုပ်သွားမလား။
ပထမဦးစားပေးက ကျွန်တော့်အသက်မွေးဝမ်းကျောင်းအလုပ်ပါ။ (အခုရှမ်းယူနိုက်တက်အသင်းမှာ ကစားသမား-မန်နေဂျာအလုပ်) နောက်တစ်ခုက နောက်ငါးနှစ်မှာ ကျွန်တော်ဖြစ်ချင်တဲ့ အိပ်မက်၊ နည်းပြလိုင်း၊ အဲဒါပြီးရင် သင်တန်းတွေ၊ သုံးခုစလုံးကို ဦးစားပေးအနေအထားအတိုင်း ဆက်လုပ်သွားမှာပါ။ ဂိုးသမားတစ်ယောက်ဖြစ်နေလို့ အနာဂတ်မှာ ဂိုးသမားကောင်းတွေ အများကြီး ပေါ်ထွက်လာအောင် တတ်နိုင်မျှ ကြိုးစားသင်ပြပေးသွားပါမယ်။
ကိုရဲ