ဗုဒ္ဓဘာသာဝင်များအဖို့ ကဆုန်လပြည့်နေ့ကို ထူးမြတ်သောနေ့ထူးနေ့မြတ်အဖြစ် သတ်မှတ်ခဲ့ကြသည်။ ဗျာဒိတ်၊ ဖွားမြင်၊ ဗောဓိပင်၊ စံဝင်နိဗ္ဗာန်နန်းဆိုသည်နှင့်အညီ ကဆုန်လပြည့်နေ့တွင် ဗုဒ္ဓဝင်ဆိုင်ရာ ထူးခြားသော သမိုင်းမှတ်တိုင်များရှိခဲ့သည်။ ဘုရားအလောင်းတော် သုမေဓာရှင်ရသေ့သည် ဒီပင်္ကရာဘုရားရှင်ထံမှ ဘုရားစင်စစ် ဧကန်ဖြစ်လိမ့်မည်ဟု နိယတဗျာဒိတ်ခံယူရရှိသောနေ့သည် ကဆုန်လပြည့်နေ့ဖြစ်သည်။ ဂေါတမဘုရားရှင်သည် မဟာသက္ကရာဇ် ၆၈ ခုနှစ် ကဆုန်လပြည့် သောကြာနေ့တွင် ဖွားမြင်တော်မူသည်။ မဟာသက္ကရာဇ် ၁၀၃ ခုနှစ် ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့တွင် ဘုရားဖြစ်တော်မူသည်။ မဟာသက္ကရာဇ် ၁၄၈ ခုနှစ် ကဆုန်လပြည့် အင်္ဂါနေ့တွင် ပရိနိဗ္ဗာန်ပြုတော်မူသည်။
ကဆုန်လကား ဘုရားရှင်၏ အရေးပါသောဖြစ်ရပ်များပေါ်ပေါက်ခဲ့သည့် လထူးလမြတ်ပင်ဖြစ်သည်။ မဟာသက္ကရာဇ် ၁၀၃ ခုနှစ် ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ နံနက်မိုးသောက်ယံတွင် ကျက်သရေမင်္ဂလာအပေါင်း နှင့်ပြည့်စုံလှသော ဥဒါန်းကျူးရင့်သံသည် အောင်မြင်ခံ့ညားစွာပေါ်ထွက်လာသည်။ “ခန္ဓာအိမ်ကို ဆောက်လုပ် တတ်သော ဟယ် .. တဏှာလက်သမား။ ငါသည် သင့်ကို ယခုမြင်အပ်ပြီ။ ငါ့ခန္ဓာအိမ်ကို နောက်တစ်ဖန် သင်ဆောက်လုပ်ရတော့မည်မဟုတ်။ သင်၏ကိလေသာ နယ်ပယ်အားလုံး ငါချိုးဖျက်အပ်ပြီ။ ငါ၏စိတ်သည် ပြုပြင်ခြင်းကင်းရာ နိဗ္ဗာန်သို့ရောက်ပြီ။ တဏှာကုန်ရာကုန်ကြောင်းဖြစ်သော အရဟတ္တဖိုလ်ကိုရပြီ” ဟူ၍ မြန်မာလိုသိမြင်နိုင်သည်။
သဗ္ဗညုတရွှေဉာဏ်တော်ကို လက်ဝယ်ပိုင်ပိုင်ရရှိတော်မူသော ဂေါတမဘုရားရှင်၏ ဥဒါန်းကျူးရင့် စကားသည် တစ်လောကလုံးကို အလင်းရောင်ပေးမည့် အနက်အဓိပ္ပာယ်ကိုဆောင်နေသော နှုတ်မြွက်သံပင် ဖြစ်ပေသည်။ ကဆုန်လဟုဆိုလိုက်သည်နှင့် ညောင်ရေသွန်းပွဲတော်ကို ဆက်စပ်သတိရကြသည်။ ဂေါတမ မြတ်ဘုရား ပွင့်တော်မူရာ ညောင်ဗုဒ္ဓဟေပင်ကို ရည်မှန်း၍ ရေသွန်းလောင်းပူဇော်ခြင်းဖြစ်သည်။ ဘာသာရေး အမွန်အမြတ် ဖြစ်သကဲ့သို့ သစ်ပင်များပူပြင်းခြောက်သွေ့သည့် ကဆုန်လရာသီနှင့်လိုက်ဖက်မှုရှိသည့်ပွဲတော် လည်းဖြစ်သည်။
မြန်မာလများအနက် ဒုတိယမြောက်လသည် ကဆုန်လဖြစ်သည်။ ပြိဿရာသီ၊ ဝိသာခါနက္ခတ်နှင့် စန်းယှဉ် သောလဖြစ်သည်။ ထို့ကြောင့် ပါဠိ၊ သက္ကတ၊ ဟိန္ဓီ၊ ဘင်္ဂါလီဘာသာတို့တွင် ကဆုန်လကို ဝိသာခါ (Vesaka)ဟု ခေါ်ဆိုကြသည်။ ယင်းမှဆင်းသက်ကာ ကဆုန်လပြည့်နေ့ကို ဗုဒ္ဓနေ့ (Vesaka Day)ဟုခေါ်ကြသည်။ သီရိလင်္ကာ ကိုလံဘိုမြို့တွင် ၁၉၉၈ ခုနှစ် နိုဝင်ဘာ ၅ ရက်မှ ၁၄ ရက်အထိကျင်းပသည့် အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာ ကွန်ဖရင့်တွင် ကဆုန်လပြည့်နေ့ကို ကမ္ဘာ့ရုံးပိတ်ရက်အဖြစ်သတ်မှတ်နိုင်ရေး ဆွေးနွေး ဆုံးဖြတ်ခဲ့ကြပြီး ၁၉၉၉ ခုနှစ် စက်တင်ဘာလတွင် သီရိလင်္ကာနိုင်ငံခြားရေးဝန်ကြီးက ကုလသမဂ္ဂသို့ အဆို တင်သွင်းခဲ့သည်။ ထို့ကြောင့် ၁၉၉၉ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်တွင် ကဆုန်လပြည့်နေ့ကို အပြည်ပြည်ဆိုင်ရာ ရုံးပိတ်ရက်အဖြစ်သတ်မှတ်ခဲ့သည်။
ကုလသမဂ္ဂ၏ဆုံးဖြတ်ချက်တွင် ဗုဒ္ဓဘုရားရှင်၏ သာသနာတော်သည် ကမ္ဘာပေါ်တွင် သက်တမ်းရှည်ကြာသည့် သာသနာဖြစ်ပြီး ဘုရားရှင်၏ အဆုံးအမတော်သည်လည်း နှစ်ပေါင်း ၂၅၀၀ ကျော်သည့်တိုင် လူသားတို့အပေါ် ကာယသုခ၊ စိတ္တသုခနှင့် ငြိမ်းချမ်းရေးတို့ကိုပေးခဲ့ပြီး နောင်အနာဂတ်တွင်လည်း ကမ္ဘာ့လူသားတို့အပေါ် ဆက်လက်သက်ရောက်နေမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။
မြန်မာနိုင်ငံတွင် ရှေးဘုရင်များရှိခဲ့စဉ်က ကဆုန်လတွင်ကျင်းပသော ညောင်ရေသွန်းပွဲတော်သည် ဘုရင် မင်းမြတ်ကိုယ်တော်တိုင် ကြီးမှူးကျင်းပ၍ အလွန်ကြီးကျယ် ခမ်းနားစည်ကားလှသည်။ ကုန်းဘောင်ခေတ် ဆင်ဖြူရှင်မင်းတရားလက်ထက်တွင် မဲဇာသို့အပို့ခံရသော လက်ဝဲသုန္ဒရအမတ်ကြီး ဦးမြတ်စံသည် ကဆုန်လပြည့် နေ့က မဲဇာရပ်သူတို့ကျင်းပသွန်းလောင်းကြသော ညောင်ရေပွဲသဘင်ကို တွေ့မြင်လိုက်ရသည့်အခါ ရတနာပူရ ရွှေမြို့တော်ကြီး၌ နှစ်စဉ်ကျင်းပမြဲဖြစ်သော ညောင်ရေသွန်းပွဲတော်ကြီးကို မြင်ယောင်လာပြီး ပွဲခါညောင်ရေ၊ သွန်းမြဲပေတည့်၊ ရိုသေသဒ္ဓါ၊ ထုံးစဉ်လာဖြင့်၊ မဲဇာရပ်သူ၊ တောင်းဆုယူသည် ဟူ၍ သူရောက်နေသော မဲဇာအရပ်မှ ညောင်ရေသွန်းပွဲကို မှတ်မှတ်ရရ စာဖွဲ့ခဲ့သည်။
ကဆုန်လကို ပုဂံခေတ်ကျောက်စာများတွင် ကဆုန် ကုဆုန် ဟူ၍ နှစ်မျိုးရေးသည်။ က၊ ကု တို့သည် ရေဟု အဓိပ္ပာယ်ရ၍ ဆုန်သည် သွန်းလောင်းသည်ဟု အဓိပ္ပာယ်ရသည်။ ထို့ကြောင့် ကဆုန်လဆိုသည်မှာ ရေသွန်းလ ဟုဆိုလိုသည်။ ကဆုန်လပြည့်နေ့အခါသမယတွင် မြန်မာတို့သည် မိမိတို့အရပ်ဒေသအသီးသီးရှိ စေတီပုထိုးများ၊ ညောင်ပင်များ၌ ညောင်ရေသွန်းလောင်းပွဲကိုကျင်းပကြသည်။ အပူဓာတ်လွန်ကဲသောကာလဖြစ်သည့်အတွက် အင်းအိုင်များ ရေခန်းခြောက်ချိန်ဖြစ်သည်။ လွန်စွာပူအိုက်နေသောအချိန်တွင် ရေစင်သွန်းလောင်းခြင်းသည် အေးမြခြင်း၊ ကြည်နူးခြင်း၊ ချမ်းမြေ့ခြင်းပီတိစိတ်ကိုဖြစ်စေပါသည်။ ထို့ကြောင့် ကဆုန်လပြည့်နေ့တွင် ညောင်ရေ သွန်းလောင်းပူဇော်ရသော ကုသိုလ်ကြောင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး အေးချမ်းသာယာ၍ ဖွံ့ဖြိုးတိုး တက်ပါစေကြောင်း ဆုမွန်တောင်း ရေးသားလိုက်ရပေသည်။ ။