ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံး ဖြစ်လာမည့် ဘူမိဖဿမုဒြာထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ရေးလုပ်ငန်း ဆိုင်ရာများအား နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများထံသို့ တင်ပြ လျှောက်ထားပြီး ဩဝါဒခံယူ

နေပြည်တော်၊ မတ် - ၂၅
    
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်တော်တွင် တည်ထားပူဇော်မည့် ဘူမိဖဿမုဒြာ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ရေးလုပ်ငန်းဆိုင်ရာများအား နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော် ကြီးများထံသို့ တင်ပြလျှောက်ထားခြင်းနှင့် ဩဝါဒခံယူခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်း တွင် ရုပ်ပွားတော်မြတ်ကြီးတည်ထားကိုးကွယ်မည့် ဒက္ခိဏသီရိ မြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်တော် မင်္ဂလာနေရာ၌ ကျင်းပပြုလုပ်သည်။ 
     
အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ မန္တလေးမြို့၊ ဗန်းမော် ကျောင်းတိုက် ပဓာနနာယက၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ ဗန်းမော်ဆရာတော်ကြီး၊ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်၊ သန်လျင်မြို့၊ မင်းကျောင်းပထမပြန် စာသင် တိုက် ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာ ဘိဝံသနှင့် ဘွဲ့တံဆိပ်တော်ရဆရာတော်၊သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကိုကို၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်၊ ကာကွယ်ရေးဦးစီး ချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် ဖိတ်ကြား ထားသည့် ဧည့်သည်တော်များ တက်ရောက်ကြည်ညိုကြသည်။
    
ဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားအားဖွင့်လှစ်ပြီး ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပူဇော်ရေးနှင့် စပ်လျဉ်း၍ တင်ပြ လျှောက်ထားရာတွင် နေပြည်တော်၌ ဉာဏ်တော် ၈၁ ပေအမြင့်ရှိ စကျင်ဆင်းတုတော်ကြီးကို မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓသာသနာတော်ကြီး ခိုင်မာစွာထွန်းလင်းတောက်ပလျက်ရှိ သည်ကို ကမ္ဘာကိုပြသရန်၊ တိုင်းပြည်အေးချမ်းသာယာမှုရှိစေရန်၊ ရုပ်ပွာတော်မြတ် ကြီးအား ပြည်တွင်းပြည်ပ ဘုရားဖူးများ လာရောက်ခြင်းဖြင့် ဒေသတိုးတက်စည်ကားမှုဖြစ်စေရန်၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုအထောက်အကူဖြစ်စေရန် စသည့် ရည်ရွယ်ချက် ၄ ရပ်ဖြင့် တည်ထားကိုးကွယ်ရန်လုပ်ဆောင်ခဲ့ခြင်းဖြစ်ပါကြောင်း၊ အဆိုပါဘူမိဖဿမုဒြာ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအဖြစ် ထုဆစ်ပူဇော်မည့် စကျင်ကျောက် တော်ကြီးကို Angelo Mining Company မှ ဦးအောင်ခိုင်သန်း မိသားစုတို့က ခရစ်နှစ် ၂၀၁၃ Shwe Foundation သို့ လှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း၊ ၂၀၁၇ ခုနှစ်နှောင်းပိုင်းတွင် Shwe Foundation ၏ မေတ္တာရပ်ခံချက်အရ တပည့်တော် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ခုနစ်ရက်သားသမီး ဘုရားဒါယကာ၊ ဒါယိကာမတို့က သီတဂူဆရာတော်ဘုရားကြီး၊ ရွှေသုဝဏ်ဆရာတော်ဘုရားကြီးနှင့် ပါမောက္ခချုပ်ဆရာတော် ဘုရားကြီးတို့၏ သြဝါဒများနှင့်အညီ ခေတ်မီနည်းစနစ်များဖြင့် ထုဆစ်ပူဇော်နိုင်ရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ၂၀၁၈ ခုနှစ်တွင် လေ့လာရေးလုပ်ငန်းများကို စတင် ဆောင်ရွက်ခဲ့ပြီး စကျင်ကျောက်တော်ကြီးမှ ထွက်ရှိလာနိုင်သည့် အတိုင်းအတာ၊ ထုထည်နှင့် အပြစ်အနာအဆာရှိမှုအခြေအနေများကို သိရှိနိုင်ရန် ကျောက်တော်ကြီးအား တူးဖော်၍ X-Ray ရိုက် စမ်းသပ်စစ်ဆေးခဲ့ရပါကြောင်း၊ ထိုမှတစ်ဆင့် ထွက်ပေါ်လာသည့် ကျောက်တော် ကြီးအားလှဲ၍ အကြမ်းထည် ပုံဖော်ကြည့်ရှုရာတွင် ဉာဏ်တော် ၆၅ ပေ ထွက်ရှိနိုင်သည်ကို တွက်ချက်ရရှိကာ ပလ္လင်တော် ၁၈ ပေ ထပ်မံ ထည့်သွင်းနိုင်ရေး လုပ်ဆောင်ခဲ့ရပါကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လတွင် သီတဂူ ဆရာတော်ဘုရားကြီးအား ပင့်ဆောင်၍ လိုအပ်သည့် လမ်းညွှန်မှာကြားမှုများကို ဩဝါဒခံယူခဲ့ပါကြောင်း၊ ထို့အတူ ရွှေသုဝဏ်ဆရာတော်ဘုရား ကြီး၊ ပါမောက္ခချုပ်ဆရာတော် ဘုရားကြီးနှင့် ပါဌိတက္ကသိုလ်ကျောင်းတိုက် ဆရာတော်ကြီး တို့ထံမှလည်း ဩဝါဒနာယူခဲ့ပါကြောင်း။
    
ရုပ်ပွားတော်မြတ်ကြီးကို ထုဆစ်ပူဇော်ရာတွင် မြတ်စွာဘုရားရှင်၏ သုံးဆယ့် နှစ်ပါး သော လက္ခဏာတော်ကြီး၊ ရှစ်ဆယ်သော လက္ခဏာတော်ငယ်တို့နှင့် သင့်လျော် ညီညွတ်  သော ဘူမိဖဿမုဒြာဟန်ဖြင့် ထုဆစ်ပူဇော်သွားမည်ဖြစ်ပြီး ပလ္လင်တော်အမြင့် ၁၈ ပေ၊ ဉာဏ်တော်အမြင့် ၆၃ ပေ၊ စုစုပေါင်း ၈၁ ပေအမြင့်ရှိမည်ဖြစ်ပြီး ခန့်မှန်းအလေးချိန်အနေဖြင့် ဆင်းတုတော် ၁၇၂၀ တန်၊ ပလ္လင်တော် ၃၀၆၀ တန်၊ စုစုပေါင်း တန်ချိန် ၄၇၈၀ တန်ရှိ မည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင်တည်ထားကိုးကွယ်ထားရှိသည့် ကျောက်တော်ကြီး ဘုရားများအနေဖြင့် မြန်မာသက္ကရာဇ် ၁၀၉၂ ခုနှစ်၊ အင်းဝမြို့တွင် တနင်္ဂနွေမင်းကြီး တည်ထားကိုးကွယ်ခဲ့သည့် မဟာလောကသရဖူကျောက်တော်ကြီးဘုရား (ဉာဏ်တော် အမြင့် ၂၇ ပေ ၆ လက်မ)၊ မြန်မာသက္ကရာဇ် ၁၁၄၈ ခုနှစ်၊ အမရပူရမြို့တွင် တောင်မင်းကြီး ကိုးကွယ်ခဲ့သည့် တောင်မင်းကြီး ကျောက်တော်ကြီးဘုရား (ဉာဏ်တော် အမြင့် ၁၃ ပေ ၉ လက်မ)၊ မြန်မာသက္ကရာဇ် ၁၂၂၇ ခုနှစ်၊ မန္တလေးမြို့တွင် မင်းတုန်းမင်းကြီး တည်ထား ကိုးကွယ်ခဲ့သည့် မဟာသကျမာရဇိန်ကျောက်တော်ကြီးဘုရား (ဉာဏ်တော် အမြင့် ၂၆ ပေ ၃ လက်မ)၊ မြန်မာသက္ကရာဇ် ၁၃၆၃ ခုနှစ်၊ ခရစ်နှစ် ၂၀၀၁ ခုနှစ်၊ နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက်တွင် ရန်ကုန်မြို့၌ တည်ထားကိုးကွယ် ခဲ့သည့် လောကချမ်းသာအဘယလာဘမုနိကျောက်တော်ကြီးဘုရား(ဉာဏ်တော်အမြင့် ၃၇ ပေ ၇ လက်မ)နှင့် မြန်မာသက္ကရာဇ် ၁၃၇၇ ခုနှစ်၊ ခရစ်နှစ် ၂၀၁၅ ခုနှစ်၊ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်လက်ထက်တွင် နေပြည်တော်၌ တည်ထားကိုးကွယ်ခဲ့သည့် မဟာသကျရံသီ ကျောက်တော်ကြီးဘုရား(ဉာဏ်တော်အမြင့် ၃၂ ပေ) တို့ပင်ဖြစ်ပါကြောင်း၊ ပြည်ပနိုင်ငံများရှိ ထိုင်တော်မူ ဆင်းတုတော်ကြီးများကို လေ့လာခဲ့ရာတွင် ၁၉၈၉ ခုနှစ်တွင် အိန္ဒိယ နိုင်ငံ၌ သဲကျောက်၊ နှမ်းဖက်ကျောက်တို့ဖြင့် တည်ထားကိုးကွယ်ခဲ့သည့် Great Buddha ဘုရား (ဉာဏ်တော်အမြင့် ၆၄ ပေ)၊ အေဒီ ၁၂၅၂ ခုနှစ်တွင် ဂျပန်နိုင်ငံ၌ ကြေးပြားသွန်းလုပ်ပူဇော် ထားရှိသည့် Kamakura Daibutsu ဘုရား(ဉာဏ်တော်အမြင့် ၄၃ ပေ ၈ လက်မ)နှင့် ၂၀၁၄ ခုနှစ်တွင် ထိုင်းနိုင်ငံ၊ ဖူးခက်မြို့၌ အာစီကွန်ကရစ်ဖြင့် တည်ဆောက်ထားပြီး စကျင် ကျောက်ကပ်ထားသည့် Phuket Big Buddha ဘုရား(ဉာဏ်တော်အမြင့် ၁၄၈ ပေ) တို့ဖြစ် သည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ယခုဆင်းတုတော်ကြီး တည်ထားကိုးကွယ်ပြီးစီး ပါက မြန်မာတွင်မက ကမ္ဘာ့နိုင်ငံများတွင်ပါ စကျင်ကျောက်တော်ကြီးဖြင့် ထုဆစ်သည့် ဆင်းတုတော်ကြီးများအနက် အကြီးဆုံး၊ ဉာဏ်တော်အမြင့်မားဆုံး ဆင်းတုတော်ကြီးဖြစ် လာမည်ဖြစ်ပါကြောင်း။
    
ဆင်းတုတော်ကြီးအား နေပြည်တော်တွင် တည်ထားကိုးကွယ်နိုင်ရေးအတွက် ပင့်ဆောင် ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာတွင် ထုထည်ပမာဏကြီးမားသောကြောင့် မူလဉာဏ်တော်အမြင့် ကို မထိခိုက်စေဘဲ အစိတ်အပိုင်း ၄ ပိုင်းခွဲ၍လည်းကောင်း၊ ပလ္လင်တော်ကို အစိတ်အပိုင်း ၅ ပိုင်းခွဲ၍လည်းကောင်း အပိုင်းလိုက်ဖြတ်တောက်၍ သယ်ယူနိုင်ရန် စီစဉ်ဆောင်ရွက်ခဲ့ရပါကြောင်း၊ သယ်ဆောင်နိုင်ရေးအတွက် စကျင်ကျောက်တော်ကြီးတည်ရှိရာ မတ္တရာမြို့နယ်၊ စကျင်တောင်မှ မြောင်မြစ်အထိ မြေကြီးကျင်းပေါင်း ၉၂၅၀၇ ကျင်းပါရှိသည့်တူးမြောင်း ဖောက်လုပ်ကာ Barge ရေယာဉ်ပေါ်သို့ တင်ဆောင်နိုင်ရေးလုပ်ဆောင်ခဲ့ရပါကြောင်း၊ ယင်းမှတစ်ဆင့်  ဧရာဝတီမြစ်ကြောင်းအတိုင်း မြင်းခြံမြို့နယ်ရှိ ဆီမီးခုံ ဆိပ်ကမ်းသို့ ပထမအဆင့် ပင့်ဆောင် ပူဇော်ရပါကြောင်း၊ ဆီမီးခုံဆိပ်ကမ်းတွင် အလေးချိန်လျှော့ချခြင်းလုပ်ငန်းများကို လုပ်ဆောင် ခဲ့ပြီး ယင်းမှတစ်ဆင့် မန္တလေး-ရန်ကုန် အမြန်လမ်းအတိုင်း Modular Trailer များဖြင့် နေပြည်တော်သို့ ဆက်လက်ပင့်ဆောင်ခဲ့ရခြင်းဖြစ်ပါကြောင်း။
    
လက်ရှိအချိန်ထိ နေပြည်တော်သို့ စုစုပေါင်း ၅ ကြိမ်သယ်ဆောင်ပြီးစီးခဲ့ပြီး ထပ်မံသယ်ယူပင့်ဆောင်ရန် ၂ ကြိမ်ကျန်ရှိမည်ဖြစ်ကာ စုစုပေါင်း အလေးချိန် တန်ချိန် ၇၆၃၂  တန်ကို သယ်ဆောင်ရမည်ဖြစ်ပါကြောင်း၊ နေပြည်တော်သို့အားလုံးရောက်ရှိပါက အစိတ် အပိုင်းများအားလုံး ပြန်လည်တွဲဆက်ခြင်းလုပ်ငန်းများကို ခိုင်ခိုင်မာမာအောင် အဆင့်မြင့် နည်းပညာများဖြင့်လုပ်ဆောင်မည်ဖြစ်ပြီးCNC Machine များဖြင့် ပုံဖော်ထုဆစ်ခြင်း လုပ်ငန်း များကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ဆင်းတုတော်ကြီးတည်ထားမည့် ဥယျာဉ်တော်အတွင်း၌ ရပ်နီးရပ်ဝေးမှ ဘုရားဖူးလာပြည်သူများ အဆင်ပြေစေရေးအတွက် ဂန္ဓကုဋိတိုက်များ၊ ဓမ္မာရုံများ၊ မော်ကွန်းတိုက်များ၊  သုဓမ္မာဇရပ်၊ ဘုတ်တလုတ် ရေကန်၊ ရေပန်းများကို ရတနာပုံခေတ်လက်ရာများအတိုင်း ထည့်သွင်းတည်ဆောက်သွားမည်ဖြစ်ပါ ကြောင်း၊  ဂန္ဓကုဋိတိုက်အတွင်း၌လည်း ဗုဒ္ဓယဉ်ကျေးမှုများ၊ ဗုဒ္ဓဝင်များကို စကျင်ကျောက် များဖြင့် ထုဆစ်ပူဇော်သွားမည်ဖြစ်ပါကြောင်း၊ ခန့်မှန်းကုန်ကျစရိတ်အနေဖြင့် ငွေကျပ်သန်းပေါင်း ၃၅၃၇၈.၆ သန်း၊ အမေရိကန်ဒေါ်လာ ၉.၇၄ သန်းခန့် ကုန်ကျမည်ဖြစ်ပြီး လက်ရှိအချိန်ထိ အလှူငွေလက်ခံခြင်းမရှိသေးဘဲ ဆရာတော်ကြီးများကိုတင်ပြလျှောက်ထားပြီးချိန်မှသာ အလှူငွေ များကို လက်ခံသွားမည်ဖြစ်ပါကြောင်းဖြင့် Power point Presentation များ၊ အထူးပြုလုပ်ချက် Video Clip များဖြင့် အကျယ်တဝင့် တင်ပြလျှောက်ထားသည်။
    
လျှောက်ထားတင်ပြမှုအပေါ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဗန်းမော် ဆရာတော်ဘုရားကြီးက အကြီးဆုံးဖြစ်လာမည်ဖြစ်သည့်အတွက် ခိုင်ခိုင်ခံ့ခံ့နှင့် ကြည်ညို ဖွယ်ဖြစ်အောင်ထုဆစ်လုပ်ဆောင်ကြစေလိုကြောင်းဖြင့်လည်းကောင်း၊ နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ အကျိုးတော်ဆောင် သန်လျင်မင်းကျောင်း ဆရာတော်ကြီးက တင်ပြလျှောက် ထားမှုများအရ ပြည့်စုံမှုရှိပြီး ရဟန်းရှင်လူအများပြည်သူတို့ ဖူးမြော်ကြည်ညိုကြရာတွင် လေးစား ယုံကြည်စွာ ဖူးမြော်နိုင်ရေးအတွက် မျက်နှာတော်ကို သပ္ပါယ်အောင် လုပ်ဆောင် သင့်ကြောင်း၊ ဂုဏ်တော်ကို အာရုံပြု၍ ဖူးမြော်သည် ဆိုသော်လည်း ရုပ်ပွားတော်က သပ္ပါယ် ဖွယ် ဖြစ်ပါက ဝမ်းမြောက်ဝမ်းသာဖြစ်ပြီး ပိုမိုကုသိုလ်ဖြစ်စေသောကြောင့် မျက်နှာတော်ကို ဂရုစိုက်ထုဆစ်ကြစေလိုကြောင်းဖြင့်လည်းကောင်း၊ ဘွဲ့တံဆိပ်တော်ရဆရာတော်ကြီးများ ကိုယ်စား ပဲခူးမြို့မကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ဂန္ဓမာ က ပြောဆိုရန်မရှိအောင် ပြည်စုံမှုရှိသော် လည်း အကောင်းဆုံးဖြစ်အောင်လုပ်ဆောင်သကဲ့သို့ အခိုင်မာဆုံး၊ အရှည်ကြာဆုံးအထိ တည်တံ့အောင် လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ သဒ္ဒါတရားများကို တည်တံ့အောင်၊ ဘာသာ သာသနာကို တည်တံ့ခိုင်မြဲတိုးပွားအောင် လုပ်ဆောင်သွားကြစေလိုကြောင်းဖြင့်   အသီးသီး အကြံပြုမိန့်ကြားတော်မူကြသည်။
    
မိန့်ကြားမှုများအပေါ် ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကပြန်လည်ဆွေးနွေးတင်ပြလျှောက်ထားပြီး ဗုဒ္ဓ သာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်းကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။
    
ထို့နောက် ဘူမိဖဿမုဒြာထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတည်ထား ကိုးကွယ်မည့် ပုံစံအတိုင်းပြုလုပ်ပုံဖော်ထားသည့် ဥယျာဉ်တော်အကွက်ချပုံစံငယ်များ၊ ရုပ်ပွားတော်ကြီးပုံစံငယ်များ၊ ရောက်ရှိပြီးဖြစ်သည့် ကျောက်တော်ကြီးများ နေရာချထားမှုနှင့် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ဆရာတော်ကြီးများ က လိုက်လံကြည့်ရှုကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြခဲ့ကြကြောင်း သတင်းရရှိသည်။