ကမ္ဘာ့နိုင်ငံများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ တိုက်ဖျက်ရေးအတွက် ညှိနှိုင်းဆောင်ရွက်ရန် IMFတောင်းဆို

ကမ္ဘာ့နိုင်ငံများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ တိုက်ဖျက်ရေးအတွက် ညှိနှိုင်းဆောင်ရွက်ရန် IMFတောင်းဆို

ကမ္ဘာ့နိုင်ငံတိုင်းရှိ လူဦးရေ ၄ဝ ရာခိုင်နှုန်းကို ယခုနှစ်အကုန်တွင်   ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးပေးပြီးစေရန် နိုင်ငံများ အနေဖြင့် ညှိနှိုင်း ဆောင်ရွက်မှုနှင့်အတူ ကြီးစွာသော တာဝန်ယူမှုပြုလုပ်ရန် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF)မှ စီးပွားရေး အကြီးအကဲ ဂီတာဂိုပီနတ်ကတောင်းဆိုသည်။

ယခုသီတင်းပတ်အတွင်း ကာကွယ်ဆေး တင်ပို့မှုပြန်စမည့် အိန္ဒိယ၏ ဆုံးဖြတ်ချက်သည် အဆိုပါကိစ္စ ဖြေရှင်းရေး၏ အရေးပါသော အစိတ်အပိုင်းဖြစ်ကြောင်း၊  သို့သော် စီးပွားရေး အင်အားကြီးနိုင်ငံများသည် ၎င်းတို့၏ကတိကဝတ်များကို လိုက်နာရန် ကာကွယ်ဆေး ပို့ဆောင်မှုများကို တိုးမြှင့်ရမည်ဖြစ်ကြောင်း  ဂီတာဂိုပီနတ်က ပြောသည်။

ကမ္ဘာတစ်ဝန်း၌ ကိုဗစ်-၁၉ ရောဂါကြောင့် လူငါးသန်းနီးပါး သေဆုံးထားကြောင်း၊ ဝင်ငွေနည်းသောနိုင်ငံများ၌  ယခုအချိန်အထိ လူဦးရေ ၂ ရာခိုင်နှုန်းကိုသာ  ကာကွယ်ဆေး ထိုးပေးရသေးပြီး မညီမျှသော ကျန်းမာရေး အခြေအနေများက   စိုးရိမ်ရသော အန္တရာယ်ကိုဖော်ညွှန်းနေကြောင်း IMF ၏ သတိပေးချက်တွင် ဖော်ပြထားသည်။

ချမ်းသာသော စက်မှုထိပ်သီး ခုနစ်နိုင်ငံ ပါဝင်သည့် အဖွဲ့သည် ၎င်းတို့ကတိပြုထားသော ကာကွယ်ဆေးများ အနက် ၁၄ ရာခိုင်နှုန်းကိုသာ ပေးပို့သော်လည်း ပို့ဆောင်မှုကို ၅ဝ ရာခိုင်နှုန်းအထိ တိုးမြှင့်ခြင်းက ၂ဝ၂၁ ခုနှစ် ရည်မှန်းချက်ကို ဖြည့်ဆည်းနိုင်ရေး လုံလောက်သော  ကာကွယ်ဆေးကို ရရှိမည်ဖြစ်ကြောင်း ဂီတာဂိုပီနတ်က ဆက်ပြောသည်။

နိုင်ငံများနှင့် ကာကွယ်ဆေး ကုမ္ပဏီများအနေဖြင့်  ထိုကမ္ဘာ့ ရည်မှန်းချက်အတွက် အတူဆောင်ရွက်ပြီး   ကာကွယ်ဆေးများ ပေးပို့ပါက ကိုဗစ်-၁၉ ရောဂါ အဆုံးသတ်ရေးသည် ဖြေရှင်းနိုင်သော ပြဿနာဖြစ်သည်ဟု ၎င်းအနေဖြင့် ထင်မြင်ကြောင်း  ဂီတာဂိုပီနတ်က ပြောထားသည်ဟု သိရသည်။