ကမ္ဘာ့အကြီးဆုံး ကာကွယ်ဆေးထိုးလုပ်ငန်းဟုခေါ်နိုင်သော အိန္ဒိယနိုင်ငံ၌လုပ်ဆောင်မည့် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးအစီအစဉ်ကိုစတင်နိုင်ရန် ပြည်တွင်းလေကြောင်းလိုင်းများက ဇန်နဝါရီ ၁၂ ရက်တွင် နိုင်ငံတစ်ဝန်းသို့ ကာကွယ်ဆေးများပို့ဆောင်ပေးကြောင်း သိရသည်။
အဆိုပါကာကွယ်ဆေးထိုးအစီအစဉ်ကို ဇန်နဝါရီ ၁၆ ရက်တွင်စတင်သွားမည်ဖြစ်ပြီး ရောဂါကူး စက်နိုင်ခြေများသည့် ပြည်သူသန်း ၃၀၀ ကို ခြောက်လမှ ရှစ်လအတွင်း ကာကွယ်ဆေးထိုးပေးသွား မည်ဖြစ်ကြောင်းသိရသည်။
ကနဦးတွင် ကာကွယ်ဆေးထိုးခွင့်ရရှိမည့်သူများမှာ ကျန်းမာရေးဝန်ထမ်းများနှင့် ကပ်ရောဂါ တိုက်ဖျက်ရေးရှေ့တန်း၌ တာဝန်ထမ်းဆောင်နေသူ သန်း ၃၀ ဖြစ်ပြီး ၎င်းတို့အားလုံးပြီးမှသာ ကျန်ရှိသည့်သန်း ၂၇၀ ဖြစ်သော အသက် ၅၀ ကျော်သူများနှင့် ရောဂါကူးစက်နိုင်ခြေများသူများကို ကာကွယ်ဆေးထိုးပေးမည်ဖြစ်သည်။
ဇန်နဝါရီ ၁၂ ရက်တွင်မူ လေကြောင်းလိုင်းများက ကာကွယ်ဆေးအလုံးပေါင်း ၅ ဒသမ ၆၅ သန်းကို ပို့ဆောင်ပေးခြင်းဖြစ်သည်။ အဆိုပါကာကွယ်ဆေးများကို လေဆိပ်မှအအေးခန်းသို့ သယ်ဆောင်သွား မည်ဖြစ်ပြီး ယင်းနောက်တွင် ကာကွယ်ဆေးထိုးရုံများသို့ ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း ဂူဂျာ ရတ်ပြည်နယ်ဒုတိယဝန်ကြီးချုပ် နီတင်ပါတဲကပြောသည်။
အိန္ဒိယအစိုးရသည် ပူနေးပြည်နယ်အခြေစိုက် ဆီရမ်ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီမှ ကိုဗီရှီးအမည် ရှိကာကွယ်ဆေးများကိုဝယ်ယူရန် ဇန်နဝါရီ ၁၁ ရက်တွင် လက်မှတ်ရေးထိုးကြောင်း သိရသည်။ အဆိုပါ ကုမ္ပဏီသည် အစိုးရအား ကာကွယ်ဆေးတစ်လုံးလျှင် ရူပီး ၂၀၀ နှုန်းဖြင့် ကာကွယ်ဆေးအလုံးပေါင်း ၁၁ သန်းရောင်းချပေးထားကြောင်းသိရသည်။