ကမ္ဘောဒီးယားက အထည်ချုပ်နှင့် ဖိနပ်လုပ်ငန်းတို့တွင် လုပ်ကိုင်နေသည့် အလုပ်သမားများအား  လုပ်ခလစာ တိုးမြှင့်

ကမ္ဘောဒီးယားက အထည်ချုပ်နှင့် ဖိနပ်လုပ်ငန်းတို့တွင် လုပ်ကိုင်နေသည့် အလုပ်သမားများအား  လုပ်ခလစာ တိုးမြှင့်

ကမ္ဘောဒီးယား အစိုးရသည်   နိုင်ငံ၏ အဓိကစီးပွားရေး လုပ်ငန်းဖြစ်သော အထည်ချုပ်နှင့်   ဖိနပ်လုပ်ငန်းတို့တွင် လုပ်ကိုင်နေသည့် အလုပ်သမားများအား အနိမ့်ဆုံး လုပ်ခလစာကို တိုးမြှင့်ပေးကြောင်းနှင့် လစာတိုးမြှင့်မှုသည်   လာမည့်နှစ်  ဇန်နဝါရီလမှစ၍ အသက်ဝင်မည်ဖြစ်ကြောင်း စက်တင်ဘာ ၂၈ ရက်တွင်ထုတ်ပြန်သည်။

တိုးမြှင့်ပေးသည့် လစာသည် အမေရိကန် ဒေါ်လာ ၂ ဒေါ်လာနှင့် ညီမျှကာ ထိုသို့ လစာတိုးမြှင့်ပေးမှုကြောင့် အလုပ်သမားများ အနေဖြင့် အနိမ့်ဆုံး လုပ်ခလစာ ၁၉၄ ဒေါ်လာ(ကမ္ဘောဒီးယားရီယယ် ရှစ်သိန်းနီးပါး) ရရှိမည်ဖြစ်သည်။

သို့သော် ထိုသို့လစာတိုးမြှင့်သတ်မှတ်ပေးမှုသည်   အမေရိကန်ဒေါ်လာ ၁၂ ဒေါ်လာနှင့် ညီမျှသောငွေပမာဏ တိုးမြှင့် ပေးရန်    အလုပ်သမား ခုနစ်သိန်းကို ကိုယ်စားပြုသော သမဂ္ဂများ၏ တောင်းဆိုမှုနှင့် များစွာ အလှမ်းကွာနေသည်။

ကိုဗစ်-၁၉ ရောဂါမဖြစ်ပွားမီက တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၇ ဘီလီယံ ရရှိသော အထည်ချုပ်လုပ်ငန်းသည် ကမ္ဘောဒီးယား၏ အကြီးမားဆုံးသော လုပ်ငန်းဖြစ်ပြီး ကျေးလက်နေမိသားစုများ အတွက် အဓိကဝင်င ွေထောက်ပံ့ပေးနိုင်သည်။

အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်လိုက်သော ယခုအနိမ့်ဆုံး လစာတိုးမြှင့်ပေးမှုသည် အလုပ်သမားများ၏ စားဝတ်နေရေးအတွက် အခက်အခဲ ဖြစ်နေဆဲဖြစ်ကြောင်း အလုပ်သမားများ၏ စုပေါင်းသမဂ္ဂ လှုပ်ရှားမှုအဖွဲ့ ဥက္ကဋ္ဌ ပက်ဆိုင်နာ ကပြောသည်။

ထို့ပြင် သက်ဆိုင်ရာ အဖွဲ့များ၊ အလုပ်ရှင်များနှင့် အစိုးရတို့အနေဖြင့် အလုပ်သမားများ၏လစာကို ယခုထက်ပိုမို တိုးမြှင့်ပေးနိုင်ရေးအတွက် စဉ်းစားသုံးသပ်ရန် ၎င်းက တောင်းဆိုထားသည်။

သို့သော် ယင်းကဲ့သို့ လုပ်ခလစာ တိုးမြှင့်မှုသည် ဆက်လက်မြှင့်တက်မည်ဟု မျှော်မှန်းရသည့် လုပ်ငန်းလည်ပတ်မှု ကုန်ကျစရိတ်နှင့် ကာမိမည်မဟုတ်ကြောင်း အထည်ချုပ်လုပ်ငန်းအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်ဟု သိရသည်။

Ref: TST