ကလေးများ အဆိပ်ရှိအင်းဆက်သတ္တဝါများ အကိုက်ခံရခြင်း၊ အဆိပ်မျိုမိခြင်း
ကလေးတိုင်း တစ်ချိန်မဟုတ်တစ်ချိန် အကောင်ကိုက်ခံရဖူးလိမ့်မယ်။ အသက်နဲ့နီးသလို အသက်နဲ့ ပေးခဲ့တာလည်းရှိနိုင်တယ်။ မပြုစုတတ်ရင် မိနစ်ပိုင်းအတွင်း သေဆုံးနိုင်အောင်အန္တရာယ်ရှိတယ်။ ဘာကောင်ကိုက်ရင် ချက်ချင်းဘာလုပ်ရမှာကို မိဘများ သိထားသင့်တယ်။ ကလေးအသက်အန္တရာယ်မှ ကင်းဝေးစေနိုင်တယ်။
(က) ခွေး၊ ကြောင်စတဲ့ သတ္တဝါတို့ကိုက်ခြင်း။ အရေပြားပွန်းပဲ့ရုံဆိုရင် ဒဏ်ရာကို ရေနွေးဆပ်ပြာတို့နဲ့ စင်ကြယ်အောင် ဆေးကြော တာ အခြောက်ခံထားသင့်တယ်။ ဒဏ်ရာကိုအရက်ပြန်ပွတ်လိမ်းပေးရမယ်။ အရေပြားပေါက်အောင် အကိုက်ခံရရင် အနာပတ်ဝန်း ကျင်ကို ရေနွေးဆပ်ပြာတို့နဲ့ စင်ကြယ်အောင် ဆေးသင့်တယ်။ အခြောက်ခံထားသင့်တယ်။ သွေးတိတ်အောင် သန့်ရှင်းတဲ့အဝတ်စ သို့မဟုတ် ပတ်တီး တစ်ခုနဲ့ ဒဏ်ရာပေါ်မှာစည်းသင့်တယ်။ ပတ်တီးမစည်းမီ အရက်ပြန်၊ ဒက်တော၊ ဟိုက်ဒရိုဂျင်ပါ အောက်ဆိုဒ်နဲ့ ဆေးသင့်ပါတယ်။ နီးရာဆေးခန်း၊ ဆေးရုံကို ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးအနည်းဆုံးသုံးကြိမ် (ဝ၊ ၁၊ ၂) ရက် သို့မဟုတ် တစ်ပတ်၊ နှစ်ပတ်၊ သုံးပတ်ကြာမှာ ထိုးပေးသင့်တယ်။ ယခင်က ချက်ပတ်လည်မှာ ၁၄ ရက် ထိုးနှံပေးခဲ့ဖူးတယ်။ဘယ်လိုအကောင်ပဲကိုက်ကိုက် အကိုက်ခံရရင် ကလေးမှာ လန့်တတ်ကာ အကြောက်လွန်သွေးလန့်နိုင်ပါတယ်။ ဘိုင်အိုဂျက်ဆစ်တိုက်ပေးနိုင်တယ်။ ကလေးက မူးတယ်ပြောပြီး ဖြူဖပ်ဖြူရော်ဖြစ်နေရင် လဲလျောင်းကာ အချိုရည် အနည်းငယ် တိုက်ပေးသင့်တယ်။
(ခ) မြွေကိုက်ခံရရင် ကိုက်လိုက်တဲ့မြွေဟာ အဆိပ်ရှိသို့မဟုတ် အဆိပ်မရှိဖြစ်စေ အကိုက်ခံရသူ ကြီးငယ်မရွေး ကြောက်လန့် သွားတတ်တယ်။ သွေးလန့်မေ့မြောနိုင်တယ်။ သွေးမလန့်အောင် သတိပြုသင့်တယ်။ အကိုက်ခံရတဲ့နေရာ ခြေထောက်အထက်မှ ပတ်တီး သို့မဟုတ် အဝတ်နဲ့စည်းကာ သွေးမပြန့်နိုင်စေဖို့ တင်းတင်းစည်းသင့်တယ်။ လမ်းမလျှောက်စေသင့်ဘဲ လဲလျောင်း အနေအထားနဲ့ ဆေးရုံခေါ်သွားရမယ်။ အနာကိုဆပ်ပြာရေတို့နဲ့ စင်အောင်ဆေးကာ ပါးစပ်မှာ အနာမရှိသူ၊ အကွဲမရှိသူတစ်ဦးက အနာကိုစုပ်နိုင်ကစုပ်ပေး၊ စုပ်ထုတ်လိုက်တဲ့သွေးထဲမှာ အဆိပ်ပါတတ်လို့ အားလုံးထွေးရမယ်။ ပါးစပ်မှာ အနာအကွဲ အအက်ရှိရင် မစုပ်သင့်ဘူး။ မြွေအမည်ကိုသိပါက ဆရာဝန်ကို ပြောပြသင့်တယ်။ မြွေကိုသတ်ပြီးယူလာသင့်တယ်။ အဆိပ်ရှိ၊ မရှိသေချာသိရင် မြွေဆေး(မြွေအဆိပ်ဖြေဆေး) ထိုးနိုင်တယ်။
(ဂ) ပျားတုပ်ခြင်း၊ ပုရွက်ဆိတ်ကိုက်ခြင်း၊ ခြကိုက်ခြင်းတို့မှာအတူတူဖြစ်တယ်။ ပုရွက်ဆိတ်ကိုက်ရင်ပိုပြီး ကြုံရနိုင်တယ်။ စိုးရိမ် သောကမဖြစ်သင့်ဘူး။ အနာကိုဆပ်ပြာရေတို့နဲ့ ဆေးကြောပေးသင့်တယ်။ ဆိုဒါရည်၊ နို့ရည်တို့ပွတ်လိမ်းနိုင်တယ်။ ရောင်နေ ရင် ရေအေးနဲ့ပွတ်တိုက်ပေးသင့်တယ်။ ကလမင်း (kalamene, Canadry)ဆေးရည်လိမ်းပေးနိုင်တယ်။ ယေဘုယျ အဆိပ်ဖြေ ဆေးဖြစ် တဲ့ ဘာမီတွန်၊ တီနာဒရိုင်လ်၊ ကလိုထရိုဒ်၊ကော်တီဇုန်းရှိပါက ဆေးညွှန်းအတိုင်း အသက်ကိုလိုက်ကာ တိုက်ကျွေးသင့်တယ်။ ပျားတုပ်ခံရရင် အစွယ်ငုပ်နေတတ်တယ်။ အစွယ်ကိုရှာတွေ့ရင် ဇာဂနာနဲ့နုတ်ပေးသင့်ပါတယ်။ မျက်နှာ အကိုက်ခံကာ မျက်စိ၊ နှာခေါင်း၊ လျှာတို့ရောင်နေရင် အရေးကြီးလို့ ဆေးရုံ အမြန်တင်ကာ အဖုအပိမ့်များမများခင် ဆေးရုံတင် ကုသသင့်ပါတယ်။
(ဃ) မှက်၊ ခြင်၊ ယင်အကိုက်ခံရခြင်းမှာ မကြာခဏ ကြုံကြိုက်ရတဲ့ကိစ္စဖြစ်ကာ အကိုက်ခံရခြင်းသက်သက်အနေနဲ့ အထူးအရေး မကြီးပါဘူး။ ခြင်ကိုက်လို့ဖြစ်ပွားတဲ့ ငှက်ဖျားရောဂါ၊ ဆင်ခြေထောက်ရောဂါ၊ သွေးလွန်တုပ်ကွေးစတဲ့ရောဂါတို့ သယ်ဆောင်လာလို့ အကိုက်မခံရအောင် အိမ်အတွင်း၊ အပြင် လေကောင်းလေသန့်ရရှိဖို့၊ နေရောင်အလင်းရောင်အပြည့်အဝရရှိဖို့ ယင်၊ ခြင်နှိမ်နင်းဖို့ လိုတယ်။ ခြင်ကြောင့်ဖြစ်တဲ့ သွေးလွန်တုပ်ကွေးရောဂါဟာ ဆိုးဝါးလှပါတယ်။ အေဒီ (Ades)ခြင်ကျား နေ့အချိန် ကိုက်တဲ့ ခြင်မကြောင့် ဖြစ်ရခြင်းဖြစ်ကာ အသက် ၁၂ နှစ် အောက်ကလေးတွေမှာဖြစ်ရင် ပြင်းထန်တတ်လို့ သေဆုံးနိုင်တယ်။ နှစ်နှစ်ခြား တစ်ကြိမ် အဖြစ်များ သေဆုံးတတ်လို့ မိုးဦးကျနဲ့ မိုးအကုန်ရောဂါဖြစ်ပွားချိန်တို့မှာ သတိထားသင့်တယ်။ ရေသိုလှောင်ထားတဲ့ ရေကန်၊ ရေအိုင်၊ ရေမြောင်းများ ရေစီးရေလာကောင်းအောင် ပြုသင့်တယ်။ ရေများဖုံးခြင်း၊ သွန်ပစ်ခြင်း၊ လဲလှယ်ပေးခြင်း၊ ရေစစ်နဲ့စစ်ခြင်း ပြုသင့် ပါတယ်။ ငှက်ဖျားမဖြစ်ရအောင် အင်နိုဖိလစ်ခြင် မကိုက်အောင်ဂရုစိုက်သင့်တယ်။ ငှက်ဖျားဒေသကို ရှောင်ကြဉ်သင့်တယ်။ ငှက်ဖျား ပိုးသွေးထဲမှာ ရှိ၊ မရှိ ငှက်ဖျားပိုး စစ်ဆေးခြင်းပြုသင့်တယ်။ ချမ်းတုန်ဖျားခြင်း၊ အဖျားတက်ပြီး ကောင်းသွားခြင်း၊ နှစ်ရက်ခြား ပုံမှန်အဖျားတက်ခြင်းတို့ဟာ ငှက်ဖျားရောဂါလက္ခဏာများ ဖြစ်တယ်။ ဖက်စီပရမ် (falciparum) ငှက်ဖျားက ဦးနှောက်ထိ ရောက်ရှိကာ သေဆုံးခြင်းဖြစ်တယ်။
(င)အဆိပ်ဖြစ်စေတဲ့ဆေးများ၊ အစာများစားမိခြင်း၊ အဆိပ်ဆိုတာ ကိုယ်ခန္ဓာအတွင်း ဝင်ရောက်ပါက ကျန်းမာရေး ထိခိုက်ပျက် ပြယ်စေခြင်း သို့မဟုတ် သေဆုံးခြင်းဖြစ်စေတဲ့ အရာမျိုးဖြစ်တယ်။ အဆိပ်ကို မတော်တဆလည်းကောင်း၊ သိလျက်နဲ့ တမင်သက် သက်သော်လည်းကောင်း စားသောက်မိနိုင်တယ်။ အဆိပ်မိခြင်းဆိုတာ အဆုတ်အတွင်း အဆိပ်ဖြစ်စေတဲ့ ဓာတ်ငွေ့ရှူခြင်း၊ အဆိပ်ငွေ့မိခြင်းဟာ အခြားအဆိပ်မိခြင်းထက်ပိုပြီး သေစေနိုင်တယ်။ အဆိပ်များပါးစပ်မှ စားမျိုမိခြင်း၊ အဆိပ်များကို အသား အရေထဲတို့ခြင်းတို့ကြောင့်ဖြစ်တယ်။ ခြင်ဆေးဖျန်းတဲ့ ဒီဒီတီ၊ မာလာသီရွန် (Malathion)ကို ရှူရှိုက်မိရင် အဆိပ်သင့်နိုင်ပါ တယ်။ နံရံများ၊ ခြင်ထောင်များဆေးဖျန်းထားရင် ကလေးတွေလျှာနဲ့ မလျက်မိအောင် မိဘတို့သတိထားသင့်တယ်။ အိမ်သုံး ဓာတ်ငွေ့များ၊ မီးဖိုမှ မီးခိုးများ၊လှောင်ပိတ်တဲ့အခန်းထဲ မီးစက်နှိုး အိပ်စက်ခြင်းတို့မှာ ကာဗွန်မိုနောက်ဆိုဒ်ဓာတ်ငွေ့ရှူရှိုက်မိလို့ အဆိပ်မိစေတယ်။ အဆိပ်ပြင်းစွာမိလို့ မေ့မြောသွားခြင်းက ကာဗွန်မိုနောက်ဆိုဒ်ဓာတ်ငွေ့ရှူရှိုက်မိလို့ အဆိပ်ပြင်းစွာမိလို့ မေ့မြော သွားခြင်းဖြစ်တယ်။ ကာဗွန်မိုနောက်ဆိုဒ်ကြောင့် အသက်ရှူကျပ်ခြင်း၊ သေဆုံးခြင်းထိဖြစ်နိုင်တယ်။
(စ)ကလေးဘာသာဘာ၀ အဆိပ်များမျိုမိ၊ စားမိနိုင်တယ်။ မူးမေ့အော့အန်ခြင်း၊ ဗိုက်နာခြင်း၊ ဝမ်းလျှောခြင်းတို့ဖြစ်တတ်တယ်။ ဓာတ်သတ္တုပါတဲ့ အဆိပ်များ၊ အဆိပ်ဖြစ်စေတဲ့မှိုများ၊ ကြက်ဆူဆီများ၊ ကြာရှည်စွာထုပ်ပိုးထားတဲ့အစားအစာတို့မှာ အဆိပ်ဖြစ်နေ တတ်ကာ စားသောက်မိရင် သေစေနိုင်တယ်။ အက်စစ်အပြင်း၊ပေါ့စတစ်ဆိုဒါတို့ဟာ ကိုယ်ခန္ဓာအတွင်း ပျံ့နှံ့လွယ်တဲ့ဆေးတို့ဖြစ်ကာ အဆိုပါ အဆိပ်မျိုးဟာပါးစပ်၊ နှုတ်ခမ်း၊ အစာအိမ်တို့လောင်စားကာ နာကျင်စေပါတယ်။ သေဆုံးသည်အထိ ဖြစ်နိုင်ပါတယ်။ အဆိပ်တွေဟာ သွေးထဲစိမ့်ဝင်ကာ အာရုံကြောထဲအထိ ထိခိုက်တဲ့အခါ လူနာမှာ လုံးဝသတိလစ်ကာ မေ့မြောသွားရင် သေဆုံး တတ်တယ်။ အိပ်ဆေးလွန်ခြင်း၊ အဆိပ်များတဲ့ဆေး၊ ဘာမီတွန်များစွာသောက်ခြင်း၊ ဖီနိုဆေးများစွာသောက်ခြင်း၊ ဘိန်းပါတဲ့ဆေးပိုမို စားသောက်ခြင်း၊ ထိုးမိခြင်း၊ ဘိန်း၊ အရက်အသောက်လွန်ခြင်းတို့က လူ့ကိုယ်အတွင်း အဆိပ်များစေကာ ကယောင်ချောက်ချား များဖြစ်ခြင်း သို့မဟုတ် တက်ခြင်းတို့ဖြစ်နိုင်ပါတယ်။ ဥပမာ-ပဒိုင်းသီး၊ ဇာတိပ္ဖိုလ်သီး၊ ကြက်ဆူသီးတို့ဖြစ်တယ်။
(ဆ)အသားထဲအရေပြားထဲထိုးသွင်းတဲ့ အဆိပ်အနေနဲ့ မြွေ၊ ကင်း၊ ပျား၊ ပိတုန်း စတဲ့ပိုးမွှားတိရစ္ဆာန်များ အကိုက်ခံရခြင်း၊ အတုပ်ခံရခြင်းနည်းနဲ့ အသားအရေထဲရောက်နိုင်တယ်။ လုံးဝသတိမေ့ခြင်း၊ မေ့မြောခြင်း၊ အသက်အန္တရာယ်စိုးရိမ်ရတယ်။ ကလေး တွေ အသက်အန္တရာယ်မဖြစ်ရအောင် အိမ်တွင်း လူကြီးသောက်တဲ့ဆေးဝါးများ၊ ကလေးဆေးဝါးများ၊ ပိုးသတ်ဆေးများ၊ ဓာတ်ဆီ၊ အရက်ပြန်၊ အက်စစ်များ စတာတို့ကို ကလေးမမီနိုင်တဲ့အဆင့် သို့မဟုတ် နေရာမှာ ထားသိုသင့်ပါတယ်။ ကလေးအဆိပ်မိရင် မိတဲ့အဆိပ်ကို အနီးစပ်ဆုံးသိရှိအောင်လုပ်ကာ ဆရာဝန်၊ ဆေးရုံကိုပြသသင့်ပါတယ်။ ။
ဒေါက်တာလွင်သန့်