ကသာမြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက် ထိုးနှံပေး
နေပြည်တော် သြဂုတ် ၁၅
စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ် အတွင်းရှိ ရပ်ကွက်များနှင့် ကျေးရွာများမှ အသက် ၆၅ နှစ်နှင့် အထက်ရှိသည့် ဘိုးဘွားများနှင့် အသက် ၁၈ နှစ်အထက်ရှိသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံခြင်းကို သြဂုတ် ၁၅ ရက် နံနက်ပိုင်းတွင် ကသာမြို့တော်ခန်းမ၌ ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကသာမြို့နယ် အနေဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Sinopharm ကို စုစုပေါင်း လူဦးရေ ၂ဝဝဝ ဦးတို့အတွက် ထိုးနှံပေးသွားမည်ဖြစ်ပြီး ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် နံနက်ပိုင်းနှင့် ညနေပိုင်း နှစ်ချိန်ခွဲ၍ မြို့တော်ခန်းမ၌ ထိုးနှံပေးရာ ကသာမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများမှ ဆရာတော်၊ သံဃာတော်များ၊ သီလရှင်များ၊ အသက်၆၅ နှစ်အထက်နှင့် အသက် ၁၈ နှစ်အထက်ရှိသည့်ပြည်သူများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ လာရောက်ထိုးနှံလျက်ရှိပြီး ကသာခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကသာပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်နှင့် တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိသည်။
ထို့ပြင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံသူများကိုလည်း လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုများနှင့် ကူညီဆောင်ရွက်ရေး လုပ်ငန်းများကိုလည်း မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များ ပါဝင်သည့် ပူးပေါင်းအဖွဲ့တို့က ကျန်းမာရေးဌာနမှ တာဝန်ရှိသူများနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း သိရသည်။