ကာကွယ်ဆေးထိုးပြီးသော်လည်း ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရနိုင်တဲ့အကြောင်းရင်း (၄) ချက်

မိတ်ဆွေတို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးပြီးပြီလားခင်ဗျ။ ကာကွယ်ဆေးထိုးပြီးပြီဆိုတိုင်းလည်း ခပ်ပေါ့ပေါ့ မနေကြနဲ့ဦးနော်။ ကိုဗစ်-၁၉ ရောဂါပိုးက အချိန်မရွေး ကိုယ့်ဆီရောက်လာနိုင်သေးတယ်ဆိုတာကို နှလုံးသားထဲမှာ စွဲမြဲစွာမှတ်ထားလိုက်ပါဦး။

အကယ်၍မိတ်ဆွေက ကာကွယ်ဆေးထိုးထားပြီးပြီဆိုရင် ဒီစာလေးကိုဆုံးအောင်ဖတ်ပေးပါခင်ဗျ။ ဘာကြောင့်လဲဆိုတော့ ကာကွယ် ဆေးထိုးပြီးသူတိုင်း ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှုကနေ ကာကွယ်နိုင်ပြီလား၊ မကာကွယ်နိုင်သေးဘူးလား၊ ကာကွယ်ဆေးထိုးပြီးခါမှ  ရောဂါပိုးကူးစက်ခံရတာဘာကြောင့်လဲ အစရှိတဲ့မေးခွန်းတွေကို ဒီစာလေးထဲမှာ ဖြေပေးသွားမှာမို့လို့ပါ။

တကယ်လို့များ မိတ်ဆွေက ကာကွယ်ဆေးမထိုးရသေးဘူးဆိုရင်တော့ ကာကွယ်ဆေးအမြန်ဆုံးထိုးနိုင်အောင်ကြိုးစားရင်းနဲ့ ဒီစာလေးကိုအရင်ဆုံးဖတ်ထားသင့်ပါတယ်။ ဒါမှ ကာကွယ်ဆေးထိုးပြီးရင် ကိုယ့်ကိုရောဂါပိုးမကူးစက်နိုင်အောင် ဆောင်ရန်၊ ရှောင်ရန်လေးတွေကို သိနိုင်မှာမဟုတ်ပါလား။

ပုံမှန်အားဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကနှစ်လုံးထိုးရပါတယ်။ တစ်လုံးတည်းထိုးရတဲ့ဆေးတွေလည်းရှိပါတယ်။ ဒါပေမဲ့ သိပ်တော့မတွင်ကျယ်သေးပါဘူး။ ဒါကြောင့် ကာကွယ်ဆေးနှစ်လုံးထိုးရတာကိုပဲ အဓိကဦးတည်ပြီး ပြောသွားပါမယ်။

ကာကွယ်ဆေးဒုတိယတစ်ကြိမ်ထိုးပြီးတဲ့ရက်ကို သေချာမှတ်ထားပါ။ အဲဒီကနေစပြီးရေတွက်ရင် ၁၄ ရက်ပြည့်တဲ့နေ့က ကိုယ့်ခန္ဓာ ကိုယ်မှာ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှုကိုကာကွယ်နိုင်တဲ့ စွမ်းအားအပြည့်အဝရတဲ့နေ့ဖြစ်ပါတယ်။ ကာကွယ်ဆေးတွေက မိမိတို့ရဲ့ ကိုယ်ခံအားစနစ်ကိုသင်ကြားပေးပါတယ်။ ဘယ်ဟာကတော့ ကိုဗစ်-၁၉ ရောဂါကိုဖြစ်စေတဲ့ပိုးဖြစ်တယ်။ သူဝင်လာရင် ဘယ်လို တိုက်ထုတ်ရမယ်ဆိုတာကို   သင်ကြားပေးတာပါ။

ဒီလိုသင်ကြားပေးမှုကာလက ၁၄ ရက်ကြာပါတယ်။ ဒါကြောင့် ၁၄ ရက်နောက်ပိုင်းကစလို့    ကိုယ့်မှာရောဂါပိုးဝင်ရောက်မှုကို  တားမြစ် ပေးမယ့် ကိုယ်ခံအားအပြည့်အဝဖြစ်ပေါ်နေပြီလို့မှတ်ရပါမယ်။ဒါပေမဲ့ ဒီလိုကိုယ်ခံအား အပြည့်အဝဖြစ်ပေါ်ပါပြီလို့ မှတ်ယူထား ပါလျက်နဲ့ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရပြီဆိုပါစို့။ ဒီလိုဖြစ်စဉ်ဟာဆိုရင် ရောဂါပိုးက ကာကွယ်ဆေးကို ကျော်လွှား သွားနိုင်တဲ့ဖြစ်စဉ်ဖြစ်ပါတယ်။ ဒါကိုသိသာထင်ရှားစွာ မြင်သာအောင်ပြောရရင် ကိုယ်က ကာကွယ်ဆေးထိုးထားပါသော်လည်း ကာကွယ်ဆေးမထိုးရသေးတဲ့သူတွေလိုပဲ ရောဂါပိုးကူးစက်မှုခံရတာပါ။

သို့သော် ရောဂါပိုးကူးစက်ခံရတာချင်းတူသော်လည်း အာနိသင်သက်ရောက်မှုချင်းကတော့ လွန်စွာကွဲပြားခြားနားပါတယ်။ ထင်ရှားတဲ့ ဥပမာတစ်ခုပြောရရင် ကာကွယ်ဆေးမထိုးထားသူက ရောဂါပိုးကူးစက်ခံရရင် အလွယ်တကူသေနိုင်ပေမယ့် ကာကွယ်ဆေး ထိုးထားပြီးသူကတော့ အဲဒီရောဂါကြောင့် တော်ရုံနဲ့မသေနိုင်တော့ပါဘူး။ဒီတော့ ကိုယ်ကကာကွယ်ဆေး နှစ်ကြိမ်စလုံး အပြည့်ထိုးထားပါလျက်နဲ့ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရပြီဆိုရင် ဘယ်လိုရောဂါလက္ခဏာတွေ ခံစားရလဲ ဆိုတာကိုကြည့်ရအောင်။ ဒီအချက်ကိုတော့ မက်ဆာချူးဆက်တက္ကသိုလ်၊ ဟားဗက်တက္ကသိုလ်တို့မှ ဆရာဝန်တွေ၊ သိပ္ပံပညာရှင် တွေရဲ့ ကိုဗစ်-၁၉ ရောဂါလက္ခဏာလေ့လာတွေ့ရှိချက်တွေက နေရာယူထားတာဖြစ်ပါတယ်။

ရောဂါပိုးက ကာကွယ်ဆေးကိုကျော်လွှားပြီးဝင်ရောက်လာလို့ ခံစားရလေ့ရှိတဲ့ရောဂါလက္ခဏာက ငါးမျိုးရှိပါတယ်။ အဲဒါတွေက ခေါင်းကိုက်ခြင်း၊ နှာရည်ယိုခြင်း၊ နှာချေခြင်း၊ လည်ချောင်းနာခြင်းနဲ့ အနံ့ပျောက်ခြင်းတို့ပါပဲ။

ကာကွယ်ဆေးမထိုးထားတဲ့သူတွေမှာဖြစ်လေ့ရှိတဲ့ ရောဂါလက္ခဏာတွေနဲ့တော့ သိပ်မကွာပါဘူး။ ဒါပေမဲ့ ကာကွယ်ဆေး မထိုးထား သူတွေမှာကျတော့ ကိုယ်ပူခြင်းနဲ့အဆက်မပြတ်ချောင်းဆိုးခြင်းတို့ကို ပိုပြီးခံစားရပါတယ်။ ကာကွယ်ဆေးထိုးပြီးမှ ရောဂါဖြစ်သူ တွေက ဒီလိုမျိုးရောဂါလက္ခဏာတွေကို မခံစားရပါဘူး။ ဒါက ကာကွယ်ဆေးထိုးထားသူတွေရဲ့အားသာချက်တစ်ခုပါ။

နောက်တစ်ချက်က ကာကွယ်ဆေးထိုးပြီးမှရောဂါပိုးကူးစက်ခံရရင် ဆေးရုံတက်ရလောက်တဲ့အထိ ရောဂါပြင်းထန်မှုမရှိတော့ဘဲ ရောဂါဖြစ်စမှာတင် ရောဂါကပျောက်ကင်းသွားတာကြောင့် ကာကွယ်ဆေးမထိုးရသေးသူတွေလို နာတာရှည်ကိုဗစ်-၁၉ ရောဂါဖြစ် ခြင်းကနေလည်း ကင်းဝေးစေပါတယ်။

ရောဂါပိုးကူးစက်ခံရသူချင်းအတူတူ ဒီလိုကောင်းကျိုးတွေခံစားရတာဟာ ကာကွယ်ဆေးကြောင့်ပါပဲ။ ကိုယ်ထိုးထားတဲ့ ကာကွယ်ဆေးက ကိုယ့်ကိုအားကောင်းလှတဲ့ရောဂါပိုးကူးစက်မှုကနေ မကာကွယ်ပေးနိုင်သော်လည်း ကိုယ့်ဆီရောက်လာတဲ့ ရောဂါပိုး အရေအတွက်ကို နည်းပါးစေပါတယ်။ ဒါကြောင့်လည်း ရောဂါမပြင်းထန်တာပါ။

အခုဆက်ပြီး ကာကွယ်ဆေးထိုးထားပါလျက်နဲ့ ဘာကြောင့်ရောဂါဖြစ်ရတာလဲဆိုတဲ့အကြောင်းရင်းတွေကို ဖော်ပြပေးသွားပါမယ်။ ပညာရှင်တွေရဲ့ လေ့လာသုတေသနပြုချက်အရတော့  အချက်(၄)ချက်ရှိတယ်လို့ဆိုပါတယ်။ ဒါဆိုရင် ဒီ (၄) ချက်နဲ့တိုက်စစ် ကြည့်ရအောင်။

ကာကွယ်ဆေးအမျိုးအစား

ပထမဆုံးနဲ့အဓိကအကျဆုံးက ကိုယ်ထိုးလိုက်တဲ့ကာကွယ်ဆေးရဲ့ အမျိုးအစားလို့ဆိုပါတယ်။ ဒါဟာဖြစ်နိုင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကာကွယ်ဆေးအမျိုးအစားတစ်ခုစီကပေးတဲ့  အာနိသင်တွေနဲ့အကျိုးရလဒ်တွေကမတူဘူးလေ။

ကာကွယ်ဆေးတစ်မျိုးရဲ့ ဆက်စပ်အန္တရာယ်လျှော့ချပေးနိုင်မှုကိုတိုင်းတာပေးနိုင်တာကတော့ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် ဝေဒနာပြင်းထန်မှုကဘယ်လောက်ရှိလဲဆိုတာပါပဲ။ ဒီအတွက်သုတေသနတွေကို လေ့လာကြည့်ဖို့လိုပါလိမ့်မယ်။

သုတေသီတွေရဲ့လေ့လာချက်တွေအရတော့ ရောဂါဖြစ်ပွားနိုင်ခြေကိုလျှော့ချပေးနိုင်တဲ့နှုန်းမှာ မိုဒါနာက ၉၄ ရာခိုင်နှုန်း၊ ဖိုင်ဇာက ၉၅ ရာခိုင်နှုန်း၊ ဂျွန်ဆင်အန်ဂျွန်ဆင်က ၆၆ ရာခိုင်နှုန်းနဲ့  အက်စထရာဇီနီကာက  ၈၁ ရာခိုင်နှုန်း အသီးသီးရှိပါတယ်။

ကာကွယ် ဆေးထိုးပြီးနောက်ကြာချိန်

ကာကွယ် ဆေးထိုးပြီးနောက်ကြာချိန်ကလည်း ကာကွယ်ဆေးက ရောဂါပိုးကူးစက်ဝင်ရောက်မှုကို တားမြစ်နိုင်ခြင်းရှိ၊ မရှိအပေါ် သက်ရောက် မှုရှိပါတယ်။

ဒါကြောင့်လည်း ထပ်တိုးကာကွယ်ဆေးဆိုပြီး တတိယအကြိမ်ကာကွယ်ဆေးတစ်လုံးကိုထပ်ထိုးဖို့ နိုင်ငံကြီးတွေက စိုင်းပြင်း လာကြတာပါ။ကိုယ်က ကာကွယ်ဆေးထိုးပြီးတာ တစ်လ၊ နှစ်လလောက်ပဲရှိသေးတယ်ဆိုရင် ရောဂါကူးစက်နိုင်ခြေအတွက် သိပ်ပြီး စိုးရိမ်စရာမရှိပေမယ့် လေး၊ ငါးလလောက်ကြာသွားပြီဆိုရင်တော့ ကူးစက်နိုင်ခြေက ကာကွယ်ဆေးမထိုးရသေးသူနဲ့ သိပ်မကွာခြား တော့ပါဘူး။

ဒီအတွက်ကြောင့် ကာကွယ်ဆေးထိုးပြီးသားသူတွေမှာ ရောဂါကူးစက်မှုတွေဖြစ်ရတယ်ဆိုတဲ့ပြောဆိုမှုတွေ၊ တွေ့ရှိချက်တွေ ထွက်ပေါ်လာရတာဖြစ်ပါတယ်။

ပြောင်းလဲသွားတဲ့ဗီဇများ

အကြိမ်ကြိမ်ပြောခဲ့ဖူးသလိုပဲ ရောဂါပိုးမှန်သမျှဟာ အခြေအနေအပေါ်မူတည်ပြီး ဗီဇပြောင်းလဲနိုင်စွမ်းရှိပါတယ်။ ပြောင်းလဲသွားတဲ့ ဗီဇမှန်သမျှကလည်း  မူရင်းရောဂါပိုးထက် ပိုမိုပြင်းထန်လာစမြဲပါပဲ။ ဒါကြောင့်လည်း တချို့တွေမှာ ဆေးမတိုးတဲ့ ရောဂါ တွေဖြစ်လာရတာပါ။

ကိုဗစ်-၁၉  ရောဂါပိုးကျတော့ပိုဆိုးတယ်ခင်ဗျ။ သူ့ရဲ့ ပြောင်းလဲသွားတဲ့ဗီဇကြောင့် ရောဂါပိုးကူးစက်နိုင်ခြေက မူလရောဂါပိုးထက် အဆထောင်ပေါင်းများစွာရှိတယ်လေ။ ဒယ်တာဗီဇပြောင်းရောဂါပိုးကတော့ အဆိုးဆုံးပေါ့။လက်ရှိကာကွယ်ဆေးတွေဆိုတာ များ သောအားဖြင့် မူလရောဂါပိုးကိုသာအခြေခံပြီး ထုတ်လုပ်ထားကြတာဖြစ်တဲ့အတွက် ဗီဇပြောင်းသွားတဲ့ ရောဂါပိုးတွေရဲ့ ကူးစက်မှုကနေကာကွယ်နိုင်ဖို့ စွမ်းအားအပြည့်အဝမရှိပါဘူး။ ဒီတော့ ကာကွယ်ဆေးထိုးပြီးကြာမြင့်ချိန်နဲ့ပေါင်းလိုက်ရင် အချိန်ကြာ လေ၊ ဆေးစွမ်းပြယ်လေ၊ ဗီဇပြောင်းရောဂါပိုးကူးစက်ခံရနိုင်လေပါပဲ။

ကိုယ်ခံအားစနစ်

အထက်မှာပြောခဲ့တဲ့အချက်တွေက ပြင်ပကထောက်ကူပေးတဲ့  အရာတွေပါ။ တကယ်တမ်း ရောဂါပိုးကို တိုက်ထုတ်မှာက ကိုယ့်ရဲ့ ကိုယ်ခံအားစနစ်ပါ။ ကာကွယ်ဆေးတွေဆိုတာ ကိုယ်ခံအားစနစ်ကိုနှိုးဆွပေးခြင်းသာဖြစ်ပါတယ်။

ဒါကြောင့် ကိုယ့်ရဲ့ကိုယ်ခံအားစနစ် ဘယ်လိုနည်းနဲ့ ရောဂါပိုးကူးစက်လဲဆိုတဲ့အခြေအနေတွေက ကာကွယ်ဆေးရဲ့ အစွမ်းထက်မှု အပေါ် သက်ရောက်မှုရှိနေတာပါ။ ကလေးဘဝငယ်တုန်းမှာတော့ ကိုယ်ခံအားက အလွန်အားကောင်းလှပါတယ်။ ဒါပေမဲ့ အသက်ကြီး လာတာနဲ့အမျှ ဒါမှမဟုတ် နာတာရှည်ရောဂါခံစားနေရတာနဲ့အမျှ ကိုယ်ခံအားသည်လည်း တဖြည်းဖြည်းနဲ့နည်းလာရပါတော့တယ်။

ဒီအချိန်မှာ ကာကွယ်ဆေးက ကိုယ်ခံအားကိုဘယ်လောက်ပဲနှိုးဆွပါစေ ကိုယ်ခံအားကို၌က မနိုးထနိုင်ဘူးဆိုရင် ကာကွယ်ဆေး ထိုးထားပေမယ့် ရောဂါပိုးရဲ့ကူးစက်မှုကိုခံရမှာ မလွဲဧကန်ပါပဲ။

စိုးရိမ်နေရမှာလား

ဒီတော့ ထွက်လာတဲ့မေးခွန်းတစ်ခုက    ကာကွယ်ဆေးထိုးပြီးလည်း ရောဂါပိုးကြောင့်ဖြစ်နိုင်ခြေတွေကိုတွေးပြီး  စိုးရိမ်နေရဦးမှာ လားဆိုတာပါပဲ။ တကယ်လို့ မိတ်ဆွေကကာကွယ်ဆေးထိုးပြီးသူဆိုရင်တော့ အဲဒီလိုမျိုးတွေးပြီးကြောက်နေဖို့မလိုပါဘူး။ ဘာကြောင့်လဲဆိုရင် ကာကွယ်ဆေးကမတားနိုင်လို့ ရောဂါပိုးကူးစက်ခံရသည့်တိုင်အောင် ရောဂါပြင်းထန်စွာမဖြစ်စေ တော့တဲ့ အတွက် ဒီရောဂါကြောင့် ငါမသေနိုင်တော့ဘူးလို့သာ မှတ်ထားလိုက်ပါ။

လက်ရှိမှာတော့ နိုင်ငံအများအပြားက တတိယအကြိမ်ကာကွယ်ဆေးလို့ခေါ်တဲ့ ထပ်တိုးကာကွယ်ဆေးတွေထိုးပေးဖို့ ခေါင်းချင်းဆိုင် ဆွေးနွေးနေကြပါတယ်။  ဒါဟာ အချိန်ကြာလာတာနဲ့အမျှ ကာကွယ်ဆေးရဲ့အစွမ်းပြယ်သွားတယ်ဆိုတဲ့ တွေ့ရှိချက်ကြောင့်ပါ။

ဒါပေမဲ့လည်း ဒီအတွက်တော့ စိုးရိမ်စရာမရှိသေးပါဘူး။ အကြောင်းရင်းက အချိန်ကြာလာတာနဲ့အမျှ ကာကွယ်ဆေးရဲ့အစွမ်းက ပြယ်သွားပေမယ့် ကိုယ်ခံအားရဲ့မှတ်ဉာဏ်ကတော့ ကိုဗစ်-၁၉ ရောဂါဝင်လာတာနဲ့ တိုက်ထုတ်ဖို့အသင့်ဖြစ်နေတယ်ဆိုတဲ့          သုတေသနလည်း ထွက်ထားလို့ပါပဲ။

ဒါကြောင့် အနှစ်ချုပ်ပြောရမယ်ဆိုရင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးပြီးသူတိုင်း ရောဂါပိုးကူးစက်မှုကနေ အပြည့်အဝ မကာကွယ်နိုင်ပါဘူး။ အထူးသဖြင့် ကိုယ့်အလုပ်က လူအများအပြားနဲ့ထိတွေ့ဆက်ဆံရတဲ့အလုပ်ကို လုပ်ရတယ်။ ကိုယ်ကနေရာစုံ အောင်လျှောက်သွားရတယ်ဆိုရင်တော့ ပိုလို့သာဂရုစိုက်ပါ။

အချိန်ကြာလာတာနဲ့အမျှ ဆေးစွမ်းကပြယ်သွားတတ်ပေမယ့် နှာခေါင်းစည်းတပ်ခြင်း၊ လက်ဆေးခြင်း၊ တစ်ကိုယ်ရည် သန့်ရှင်းရေး ဂရုစိုက်ခြင်း၊ လူအများနဲ့ခပ်ခွာခွာနေခြင်းတို့အားဖြင့်လည်း ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှုကိုကာကွယ်နိုင် ကြောင်းရေးသား တင်ပြလိုက်ရပါတယ်။

Ref: Scitech Daily

 ထက်မြတ်