ကိုဗစ်ကာကွယ်ဆေးထိုးပြီး ကိုဗစ်ရောဂါဖြစ်တယ် ဆိုတော့ ကျွန်မ အိပ်ငိုက်နေလို့ မှားပြီးရေးတယ်လို့ ထင်ချင်စရာပါ။ ဟုတ်ပါတယ်။ ကာကွယ်ဆေးထိုးပြီး ရင်လည်း ကိုဗစ်ရောဂါဖြစ်နိုင်ပါတယ်။ ပထမဆုံးအမျိုးအစားကတော့ ကာကွယ်ဆေးထိုး ပြီး ရက်သတ္တနှစ်ပတ်မတိုင်မီဖြစ်တာပါ။ အဲဒါကတော့ ကာကွယ်ဆေးရဲ့ အာနိသင်မပြနိုင်သေးတဲ့ အချိန်မှာပါ။ တစ်နည်းအားဖြင့် ကျွန်မတို့ခန္ဓာကိုယ်ထဲ မှာရှိတဲ့ ကိုယ်ခံအားစနစ်မှာ သင်တန်းသားတွေကို လေ့ကျင့်မှုပေးနေတဲ့အချိန်လို့ ပြောလို့ရပါတယ်။ အဲဒီ အချိန်မှာ လေထဲမှာရှိနေတဲ့ ကိုဗစ်ရောဂါပိုးဟာ ခန္ဓာကိုယ်ထဲ ဝင်လာတဲ့အချိန်မှာ သင်တန်းသားတွေက တန်ပြန်တိုက်ခိုက်တဲ့ သင်တန်းက မပြီးသေးတော့ ပြန်ပြီး မတုံ့ပြန်တတ်သေးဘူးလေ။ ဒီအချိန်မှာ ကျွန်မတို့ရဲ့ သွေးထဲမှာကာကွယ်ဆေးထိုးရင် ဖြစ်လာမယ့်တုံ့ပြန်ပစ္စည်းပမာဏကို တိုင်းကြည့်ရင်လည်း မရှိသေးဘူးပေါ့။
ဒုတိယအမျိုးအစားကတော့ ကာကွယ်ဆေးထိုးပြီး ခြောက်လကျော်မှဖြစ်တဲ့ ကိုဗစ်ရောဂါပါ။ ထိုးထားတဲ့ကိုဗစ်ကာကွယ်ဆေးရဲ့ အာနိသင်ဟာ ခြောက်လကျော်ရင် ကာကွယ်နိုင်မှုစွမ်းအား မရှိသလောက်ကို နည်းပါး သွားပြီဖြစ်ပါတယ်။ ဒီအချိန်မှာလည်းပဲ သွေးထဲမှာတုံ့ပြန်ပစ္စည်းပမာဏတိုင်းကြည့်ရင် အလွန်နည်းသွား ပြီပေါ့။ အဲဒါကြောင့် ခြောက်လကျော်ရင် ကိုဗစ် ကာကွယ်ဆေးကို ထပ်ပြီးထိုးဖို့လိုပါတယ်။
တတိယအမျိုးအစားကတော့ ပထမနဲ့ ဒုတိယ အမျိုးအစားနှစ်ခုရဲ့ ကြားကာလထဲမှာဖြစ်တာပါ။ ကာကွယ်ဆေးထိုးပြီး နှစ်ပတ် ကျော်မှ ခြောက်လအတွင်းဖြစ်တဲ့အမျိုးအစားပါ။ တစ်နည်းအားဖြင့် ကာကွယ်ဆေးအာနိသင် သေသေချာချာ ပြတဲ့အချိန်မှာဖြစ်တာ။ ကိုယ်ခံအားစနစ်မှာ သင်တန်းဆင်းပြီးတဲ့ သင်တန်းသားတွေ၊ ဥပမာ- သိုင်းပညာအကုန်တတ်ပြီး ရန်သူနဲ့ တကယ်ရင်ဆိုင်တဲ့အခါ ကိုယ့်ဘက်က ရှုံးနိမ့်သွားတာကို ပြောတာပါ။
ဒီလိုဆိုရင် မေးစရာရှိတာက “ကျွန်မတို့ရဲ့ ကိုယ်ခံ အားစနစ်မှာ သင်တန်းပေးတာ၊ ချို့ယွင်းချက်ရှိသလားလို့ပါ”။ ဟုတ်ပါတယ်။ ချို့ယွင်းချက်လည်း ရှိနိုင် ပါတယ်။ စဉ်းစားကြည့်လေ၊ စာသင်တဲ့ကိစ္စလေးကိုပဲကြည့်ပါ။ ကိုယ်သင်တဲ့တပည့်တွေ ရာနှုန်းပြည့် စာမေးပွဲအောင်မယ်လို့ ဘယ်ဆရာများ အတတ်ပြောနိုင်သလဲလို့။ စာမေးပွဲရှုံးနိမ့်တဲ့ လူလည်းရှိနိုင်တယ်လို့ အတွေ့အကြုံများတဲ့ ဆရာတွေဆိုရင် စာမေးပွဲမစစ်ခင်ကတည်းက ဟောကိန်းထုတ်နိုင်ပါတယ်။
ဒီလိုပါပဲ ကိုဗစ်ကာကွယ်ဆေးမှာလည်း ကာကွယ် ဆေးစပြီး ထုတ်ကတည်းက ကိုဗစ်ရောဂါကာကွယ်နိုင်စွမ်းအားကို သုတေသန အဆင့်ဆင့်လုပ်ပြီး ပြောထားပါတယ်။ တချို့ကာကွယ်ဆေးရဲ့ ကာကွယ်စွမ်းအားက၉၀ ရာခိုင်နှုန်းကျော်တယ်။ တချို့က ၈၀ ရာခိုင်နှုန်း ကျော်တယ်။ အနည်းဆုံးတော့ ၆၀ ရာခိုင်နှုန်းကနေ ၇၀ ရာခိုင်နှုန်းကျော်ကြတာများပါတယ်။အဲဒီကတည်းက ကိုယ့်ရဲ့ အောင်စာရင်းကို အကြမ်း ဖျင်းအားဖြင့် ကြိုပြီးတွက်ဆနိုင်ပါပြီ။ ဥပမာ-ကျွန်မက COMAXIN (ကိုမက်ဆင်) ထိုးထားတယ်ဆိုရင် ကျွန်မရဲ့ ကိုဗစ်ကာကွယ်စွမ်းအားက ၇၀ ရာခိုင်နှုန်း၊၈၀ ရာခိုင်နှုန်းဝန်းကျင်ပဲရှိမှာလေ။ အဲဒီတော့ နှာခေါင်းစည်းတပ်ဖို့၊ မျက်နှာ အကာတပ်ဖို့၊ ခေါင်းစွပ် တပ်ဖို့၊ လက်ဆေးဖို့တွေကို မမေ့မလျော့ ဂရုပြုရမှာပါ။
ကမ္ဘာပေါ်မှာလည်း ဒီလို ကိုဗစ်ကာကွယ်ဆေးထိုးပြီး ကိုဗစ်ရောဂါဖြစ်တာနဲ့ဆိုင်တာကို သုတေသီတိုင်းလေ့လာကြပါတယ်။ အကြမ်းဖျင်းအားဖြင့်တော့ ကာကွယ်ဆေးပြည့်ပြည့်၀၀ထိုးပြီးဖြစ်တာ ၅ ရာခိုင်နှုန်း လောက်ရှိပါတယ်။ ကာကွယ်ဆေး ပြည့်ပြည့် ၀၀ထိုးတယ် ဆိုတာ သူ့ဆေးရဲ့ သတ်မှတ်ချက်အတိုင်း နှစ်ခါ ထိုးတာပါ။ အိန္ဒိယနိုင်ငံမှာ ကာကွယ်ဆေးထိုးပြီးမှ ကိုဗစ်ရောဂါ ဖြစ်တာကို ကျန်းမာရေးဝန်ထမ်းတွေထဲ မှာ လေ့လာကြည့်တော့ ကာကွယ်ဆေးထိုးတာ ကိုးဦး ဆိုရင် အဲဒီထဲမှာ တစ်ဦးဟာ ကိုဗစ်ရောဂါဖြစ်တယ်ဆိုတာတွေ့ရပါတယ်။
ဒီလိုဆိုရင် ကိုဗစ်ရောဂါကို အပြည့်အဝကာကွယ်မှု မပေးနိုင်ဘဲ ကိုဗစ်ကာကွယ်ဆေးကို ငွေကုန်ကြေးကျ ခံပြီး ထိုးဦးမလား၊ အလုပ်ရှုပ်ခံပြီး ထိုးဦးမလားဟု စောဒကတက်ဖွယ်ရှိပါတယ်။ ဒီအဖြေအတွက်ဆိုရင် အောက်ပါစာပိုဒ်ကို ဆက်ဖတ်ကြည့်ပြီး ကိုယ့်ဘာသာ ကိုယ် အဖြေပေးပါလို့ ပြောချင်ပါတယ်။
ကိုဗစ်ပိုးဟာ မုတ်သုံမိုးနဲ့တူပါတယ်။ ကိုဗစ် ကာကွယ်ဆေးဟာ “ကြက်ဆင်ဖဲထီး”နဲ့ အလားတူ ပါတယ်။ မိုးဖွဲဖွဲလေးပဲ ကျနေရင် တော့ ကျွန်မတို့ ထီးမဆောင်းရင် အဆုတ်အအေးမိတာ ဖြစ်နိုင်ခြေ နည်းပါတယ်။ အနည်းလေးတော့ ခေါင်းမှာ သန်းပေါက် နိုင်တာပေါ့။ ဒါပေမဲ့ မုတ်သုံမိုး အကြီးအကျယ်ရွာတဲ့အခါမှာတော့ ကြက်ဆင်ဖဲထီးမပါရင် အဆုတ်အအေးမိတာ ကျိန်းသေဖြစ်မယ်။ သိပ်ဆိုးရင် အဖိတ်အစဉ်လည်း ဖြစ်မှာပေါ့။
ထီးလေးဆောင်းရတာလည်း အပန်းမကြီးဘူးလေ။ ဒါကြောင့် ကိုဗစ်ရောဂါတွေ အများကြီး တစ်ချိန်တည်း တစ်ရပ်ကွက်လုံး၊ တစ်အိမ်လုံးဖြစ်နေတဲ့အချိန် တစ်နည်းအားဖြင့် မုတ်သုံမိုးသဲသဲမဲမဲ ရွာနေချိန်မှာ ကြက်ဆင်ဖဲထီးနဲ့တူတဲ့ ကိုဗစ်ကာကွယ် ဆေးကိုထိုးကြရမှာလေ။ ဘယ်လောက်ပဲ ကာနိုင်ကာနိုင် ကာနိုင်သရွေ့ အမြတ်ပါပဲ။
ဒီလိုမျိုး ကိုဗစ်ကာကွယ်ဆေးထိုးပြီး ကိုဗစ်ရောဂါဖြစ်တဲ့သူတွေကို လေ့လာတဲ့သုတေသန စာတမ်းတွေကိုကြည့်တဲ့အခါ နှစ်မျိုးနှစ် စားရှိပါတယ်။ လူငယ် လူရွယ်တွေ တစ်နည်းအားဖြင့် အခြေခံအားဖြင့် ကျန်းမာသန်စွမ်းတဲ့ ကျန်းမာရေးဝန်ထမ်းနဲ့ဆိုင်တဲ့ သုတေသနနဲ့ မသန်မစွမ်း ဆီးချိုရောဂါရှင်တွေ၊ ကင်ဆာရောဂါရှင်တွေ၊ ကျောက်ကပ်ဝေဒနာသည်တွေ၊ လေသင်တုန်း ဖြတ်ထားသူ တွေ၊ ကိုယ်ခံအားနည်းသူ တွေ၊ သက်ကြီးရွယ်အိုတွေကြားမှာဖြစ်တဲ့ သုတေသနဆိုပြီး နှစ်မျိုးဖြစ်ပါတယ်။ ပထမအုပ်စုဖြစ်တဲ့ လူငယ် တွေမှာဖြစ်တဲ့ ကာကွယ်ဆေးထိုးပြီး ကိုဗစ်ဖြစ်တဲ့ အုပ်စုမှာတော့ အနေအထိုင်အစားအသောက်မပျက်တဲ့ ကိုဗစ်ရောဂါပဲဖြစ်ပါတယ်။ ဆိုလိုတာက နည်းနည်း လေးပဲ ဖျားမယ်။ စားနိုင်သောက်နိုင်တယ်။ မမောဘူးပေါ့။
သူတို့အုပ်စုမှာ ဆေးရုံတင်ရတဲ့ လူအရေအတွက်ဟာလည်း လေး၊ ငါးဦးလောက်ပဲရှိတယ်။ အသေအချာလည်းမရှိဘူးလို့ ဆိုပါတယ်။ဒုတိယအုပ်စု-တစ်နည်းအားဖြင့် ကျန်းမာရေးချို့ယွင်းချက်အမျိုးမျိုးရှိတဲ့၊ အသက်အရွယ်မငယ်တဲ့ သူတွေမှာတော့ ကိုဗစ်ရောဂါဟာ ဆိုးဆိုးရွားရွားအနေအထား ဖြစ်တာများပါတယ်။ ဆေးရုံမှာအောက်ဆီဂျင်ရှူရတဲ့ လူနာအရေအတွက်များသလို အသေအပျောက်လည်း များပါတယ်။ ဒီအုပ်စုရဲ့အခြေခံသဘောတရားကိုကကိုဗစ်ရောဂါဖြစ်ရင် ဆိုးဆိုးရွားရွားဖြစ်မယ့် သဘော တရားပဲလေ။ ကာကွယ်ဆေးမထိုးရင် အသေအပျောက်နှုန်းက ၂၀ ရာခိုင်နှုန်းဖြစ်မယ်။ ကာကွယ်ဆေးကူထားရင်တော့ အသေ အပျောက်နှုန်းက ထက်ဝက်မကလျော့ကျနိုင်တာပါ။
ဒါ့အပြင် တခြားစဉ်းစားစရာအချက်တွေလည်းရှိပါတယ်။ ဥပမာအားဖြင့် ကိုဗစ်ပိုးကောင်ရေပမာဏဟာလည်း အရေးကြီးပါတယ်။ ကျွန်မတို့နှာခေါင်းထဲကို အသက်ရှူရင် ဝင်သွားတဲ့ ပိုးကောင်ရေ ၁၀ ကောင်ဝင်တာနဲ့ ၁၀၀၀ ဝင်တာဟာလည်း ရောဂါဖြစ်မှု ကွာခြားပါတယ်။
ဒါတင်မကသေးပါဘူး။ “ကိုဗစ်ပိုးရဲ့ မျိုးကွဲဗီဇ”တွေနဲ့ တွေ့ရင်လည်း ကိုဗစ်ရောဂါဖြစ်နှုန်းဆိုးရွားနှုန်းကွာခြားပါတယ်။ သူတို့ဟာ မူရင်းအမေကြီးဖြစ်တဲ့ ကိုဗစ်ပိုးထက် လက်စွမ်းထက်ပါတယ်။ ကိုဗစ်ကာကွယ်ဆေးတစ်ခုဟာ ပြည့်ပြည့်၀၀ထိုးပြီးရင် ခြောက်လ လောက်ပဲ ကာကွယ်မှုပေးနိုင်စွမ်းအားရှိပါတယ်။ ခြောက်လကျော်ရင်တော့ စစ်ကူလိုလာပါပြီ။ နောက်ထပ် ကာကွယ်ဆေး ထပ်ပြီးထိုးရမှာပေါ့။
ကာကွယ်ဆေးကို ထုတ်လိုက်တဲ့စက်ရုံကနေပြီး ကျွန်မတို့ဆေးရုံကိုရောက်တဲ့အထိသယ်လာတဲ့အခါမှာမော်တော်ယာဉ်၊ လေယာဉ်ပျံ၊ မီးရထား...အစရှိသည်တို့မှာ သတ်မှတ်ထားတဲ့ စံချိန်စံနှုန်းများရှိတဲ့အအေးခန်းတွေနဲ့ပဲ သယ်ရပါမယ်။ တစ်နေရာရာမှာ စံချိန် စံနှုန်းလျော့ရင် သူ့ရဲ့အာနိသင်လည်း ပျောက်သွားနိုင်ပါတယ်။ ဒါတွေကို အားလုံးဝိုင်းပြီး လုပ်ကြရမှာဖြစ်ပါတယ်။
နောက်ဆုံးတစ်ခုကတော့ ကျွန်မတို့ကိုယ်တိုင်ပါပဲ။ကျွန်မတို့မှာရှိတဲ့ ကိုယ်ခံစွမ်းအားစနစ်ဟာ အခြေခံကောင်းမှ ကာကွယ်ဆေးရဲ့ အာနိသင်ထိရောက်မှာဖြစ်ပါတယ်။ ဥပမာဆိုရင် လူငယ်တွေမှာ ကိုယ်ခံစွမ်းအားကောင်းတယ်။ အသက်ကြီးတဲ့ အဘိုးအဘွားတို့မှာ ကိုယ်ခံစွမ်းအား လျော့တယ်ပေါ့။ ဒီတော့ ကာကွယ်ဆေးထိုးတာချင်းအတူတူ လူငယ်တွေမှာ ကာကွယ်စွမ်းအားပိုကောင်းပြီး လူကြီးတွေမှာတော့ ကာကွယ်စွမ်းအားနည်းတာပေါ့။
အဲဒါကြောင့် အဘိုးအဘွားတွေ၊ ဆီးချိုရောဂါရှင်တွေ၊ ကျောက်ကပ်ရောဂါရှင်တွေဆိုရင် ပိုမိုပြီး သတိပြုသင့်ပါတယ်။ လူစုလူဝေး ထဲမသွားတာတို့၊ နှာခေါင်းစည်းတပ်တာတို့တွေကို အမြဲအလေးထားသင့်ပါတယ်။ ဒီဆောင်းပါးလေးကိုတော့ ကိုဗစ်ကာကွယ်ဆေး ထိုးပြီးရင်လည်း အကြောင်းအမျိုးမျိုးကြောင့်ကိုဗစ်ရောဂါဖြစ်နိုင်တယ်။ အကာအကွယ်နှာခေါင်းစည်းတပ်တာတွေဟာ အမြဲတမ်း အရေးကြီး တယ်။ ကိုဗစ်ပိုးဟာ အင်မတန်ဉာဏ်များတယ်။ ကျွန်မတို့ရဲ့ ကာကွယ်ဆေးတွေကို အနိုင်ယူဖို့ နည်းမျိုးစုံနဲ့ ကြိုးပမ်း နေကြတယ်ဆိုတာကို အားလုံးသိစေချင်လို့ပါ။ ။
ပါမောက္ခ ဒေါက်တာခင်ဖြူပြာ