ကိုဗစ်ကူးစက်ရောဂါ စောစောကုသမှုခံယူ

ကိုဗစ်-၁၉ မျိုးကွဲဖြစ်သည့် ဒယ်တာ(Delta)မျိုးကွဲဟာ ယခင်မျိုးကွဲတွေဖြစ်တဲ့ အယ်ဖာ၊ ဘီတာတို့ထက်ကူးစက်မှုပြင်းထန်မှု၊ သေဆုံးမှု ပိုမြင့်နေတယ်လို့လေ့လာသုံးသပ်ကြပါတယ်။  ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)မှတ်တမ်းအရ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှ စတင်ခဲ့တဲ့ ကိုဗစ်-၁၉ ကြောင့် ကမ္ဘာတစ်လွှား ၂၀၂၁ ခုနှစ် သြဂုတ် ၁၉ ရက်ထိ ရောဂါကူးစက်သူ သန်း ၂၁၀ ကျော်၊ ရောဂါကြောင့် သေဆုံးသူ ၄ သန်းကျော်ရှိကြောင်းသိရပါတယ်။ မြန်မာနိုင်ငံမှာ သြဂုတ် ၁၉ ရက် ဓာတ်ခွဲနမူနာ ၁၁၅၄၆ ခုစစ်ဆေးခဲ့ရာ အတည်ပြု လူနာသစ် ၂၅၉၀ ဦး၊ သေဆုံးသူ ၁၅၉ ဦးရှိကြောင်း သိရပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က ဒယ်တာ(Delta)မျိုးကွဲကို အလျင်မြန်ဆုံး၊ အကြံ့ခိုင်ဆုံးမျိုးကွဲလို့ဆိုတယ်။ ယခုအခါ ချီလီ၊ ပြင်သစ် နိုင်ငံတို့မှာ ကိုဗစ်စတုတ္ထလှိုင်းစတင်နေပြီး  လူငယ်လူရွယ်များ အဖြစ်များကြောင်း တွေ့ရှိရပြန်ပါတယ်။ နှာခေါင်းစည်း(Surgical Mask)တပ်ခြင်း၊ လက်ကို ရေ၊ ဆပ်ပြာတို့နဲ့ စက္ကန့် ၂၀ ကျော်ကြာဆေးကြောခြင်း၊ လူတစ်ဦးနဲ့တစ်ဦး ၆ ပေခွာခြင်း၊ လူစုလူဝေး ရှောင်ခြင်း၊ အိမ်ထဲမှာနေခြင်း(Stay at Home)တို့ကျင့်သုံးပါက ရောဂါကူးစက်မှုလျော့ကျလာမှာဖြစ်ပါတယ်။ ရောဂါပိုးရှိ၊ မရှိရောဂါ လက္ခဏာပြစဉ်ကတည်းက  စစ်ဆေးကြည့်ကာ စောစောဆေးကုသမှုခံယူနိုင်ပြီး ရောဂါပြင်းထန်စွာ ခံစားရခြင်း၊အသက် ဆုံးရှုံးရခြင်း ကနေ ကာကွယ်နိုင်မှာပဲဖြစ်ပါတယ်။

ကိုဗစ်တတိယမျိုးဆက်ကူးစက်ခြင်း လက္ခဏာတွေက ဖျားခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ နှာရည်ယိုခြင်း၊ နှာပိတ်ခြင်း၊ အနံ့အရသာပျောက်ခြင်း၊ ဝမ်းလျှောခြင်း၊ သရိုးသရီဖြစ်ခြင်း စတဲ့လက္ခဏာတွေဖြစ်ကာ ရောဂါ သံသယရှိပြီဆိုရင် စမ်းသပ်စစ်ဆေးမှုခံယူကာ ကုသမှုစနစ်တကျ ခံယူသင့်ပါတယ်။ ဗိုင်းရပ်ကိုအတည်ပြုနိုင်မှသာ ဗိုင်းရပ်ပိုးပြန့်ပွား မှုကိုထိန်းချုပ်နိုင်မှာဖြစ်တယ်။ ရောဂါပြင်းထန်သည့်တိုင် အတူနေမိသားစုများ၊  သက်ကြီးရွယ်အိုများ၊  ရောဂါအခံရှိသူများကို ထပ်မံကူးစက်သွားနိုင်လို့ အတူနေမိသားစုများလည်း  ကိုဗစ်စည်းမျဉ်းစည်းကမ်းအတိုင်း လိုက်နာနေထိုင်ဖို့လို အပ်ပါတယ်။ သည်လိုမှ မလိုက်နာရင် ဆိုးရွားမယ့် နောက်ဆက်တွဲဆိုးကျိုးတွေနဲ့ အသက်ဆုံးရှုံးမှု၊ မိမိကိုယ်မိမိကာကွယ်မှု ဆောလျင်စွာ မပြုနိုင်မှု တို့ကြုံရပါမယ်။

ယခုအခါ ကိုဗစ်ရှိ၊ မရှိစစ်ဆေးတဲ့ နှာခေါင်းတို့ဖတ် ယူစစ်ဆေးခြင်း(Rapid Test Kit)စမ်းသပ်စစ်ဆေးမှုဟာ အချိန်မရွေး၊ နေရာဒေသ မရွေး လုပ်ဆောင်နိုင်ကာ ရောဂါပိုး ရှိ၊မရှိကို မိနစ် ၂၀ အတွင်း သိရှိနိုင်မှာဖြစ်တယ်။ တိကျတဲ့အဖြေရခဲ့ရင် ကိုဗစ်ကုသမှုလမ်းကြောင်း အတိုင်းကုသမှုခံယူခြင်းက အသက်အန္တရာယ်မှ ကာကွယ်နိုင်ပါတယ်။ ရန်ကုန်မြို့မှာ ကျန်းမာရေး ဝန်ကြီးဌာန လမ်းညွှန်ချက်နဲ့အညီ အမျိုးသားဓာတ်ခွဲခန်း၊သူနာပြုတက္ကသိုလ်၊ ဗိုလ်ချုပ်လမ်း (Test Center)၊ ဒဂုံမြို့သစ် မြောက်ပိုင်း  စေတီဓမ္မာရုံ၊  ဒဂုံမြို့သစ် တောင်ပိုင်း အောင်မြင့်မိုလ်ဓမ္မာရုံ၊ ကျိုက္ကလို့ဘုရား၊ သာသနာ့ဗိမာန်(မင်္ဂလာဒုံ)၊ သန်လျင် မြို့နယ် သာသနာ့ဗိမာန်တို့မှာ တရားဝင်စစ်ဆေးနိုင်ပြီဖြစ်ပါတယ်။

သံသယရှိသူများ များများစစ်ဆေးခြင်း၊ ပိုးတွေ့သူများမြန်မြန်ခွဲထုတ်နိုင်ခြင်း၊ ဆောလျင်စွာကုသမှုခံယူခြင်းက ရောဂါပိုး ကူးစက်မှု ကွင်းဆက်ကို ဖြတ်တောက်နိုင်မှာဖြစ်တယ်။ ယခုအခါအောက်ဆီဂျင်မလောက်ငလို့၊ အောက်ဆီဂျင်ပြတ်လပ်လို့ အသက်ဆုံးရှုံးမှုများ နေခြင်းမှာ စောစောရောဂါအတည်မပြုနိုင်ခြင်း၊ ကုသမှုမထိရောက်ခြင်း၊ ကိုဗစ်ရောဂါရဲ့နောက်ဆက်တွဲဆိုးကျိုးများမကုသနိုင်ခြင်း၊ ရာသီတုပ်ကွေးနဲ့ ဆင်ဆင်တူကာ အချိန်တန်ပျောက်သွားမှာပါဟုယူဆကာ မကုသဘဲ ပေါ့ပေါ့နေခြင်းတို့ကြောင့် ကြုံတွေ့နေ ရတာဖြစ်ပါတယ်။

အချို့ဒယ်တာ(Delta)မျိုးကွဲတွေက စစ်ဆေးရာမှာ မပေါ်ဘဲလက္ခဏာအရပြသနေပါတယ်။ ယနေ့ကိုဗစ်-၁၉   ကူးစက်မှု၊ သေဆုံးမှု မြင့်မားရတဲ့  အခြေခံအကြောင်းရင်းက   ဒယ်တာမျိုးဗီဇပြောင်းလဲမှုကြောင့်ဖြစ်တယ်။  ဒယ်တာမျိုးစိတ်ဟာ အယ်ဖာ၊  ဘီတာထက် ၄၀-၆၀ ရာခိုင်နှုန်း ပိုးကူးစက်မှုမြင့်မားကာ အဆတစ်ထောင်ပိုများနေခြင်း ဖြစ်တယ်။ ကာကွယ်ဆေးထိုးနှံခြင်းက ရောဂါကြိုတင် ကာကွယ်နိုင်ပါတယ်။ ကာကွယ်ဆေးထိုးနှံပြီးသူများ နှစ်ကြိမ်(တစ်ကြိမ်နဲ့တစ်ကြိမ်)သုံး၊ လေးပတ်အကွာ ထိုးနှံပြီးသူများအနေနဲ့ ရောဂါကူးစက်နိုင်ခြေရှိနိုင်ပေမယ့် အောက်ဆီဂျင်ရှူရခြင်း၊ ဆေးရုံတက်ရခြင်းစတဲ့ ဆိုးကျိုးများနည်းပါးကာ ကူးစက်မှုလည်း နည်းပါး စေပါတယ်။

ရောဂါကြောင့်သေဆုံးနိုင်ခြေမှာ အသက် ၇၀-၇၉ အရွယ်တွေမှာ  အသက် ၆၀-၆၉ နှစ်  အရွယ်ထက် သေဆုံးနိုင်ခြေ ၁ ဒသမ ၉၄ ဆ၊ အသက် ၈၀-၈၉ အရွယ်တွေမှာ သေဆုံးနိုင်ခြေ ၄ ဒသမ  ၅၂ ဆ ပိုပါတယ်။  အသက်ကြီးရင့်သူတွေမှာ   သေဆုံးနိုင်ခြေ အမြင့်ဆုံး ဖြစ်လို့ ကာကွယ်ဆေးကို  အသက် ၆၅ နှစ်အထက်ထိုးနှံပေးတာဖြစ်ကာ အသက်အပိုင်းအခြားအလိုက် လုပ်ငန်းတာဝန်ဌာန၊  ရုံးအလိုက်ဦးစားပေးထိုးနှံလာပါတယ်။

သဘာဝအရ လူသားတွေမှာ ကိုယ်ခံအားစနစ်(Immunity)က ဘယ်ရောဂါ ဝင်ဝင်တိုက်ခိုက်ကြပါတယ်။ AIDS ၊ ကင်ဆာရောဂါ စွဲကပ်နေသူများကိုလည်း ခုခံမှုစနစ်က တိုက်ခိုက်ပေးပါတယ်။ ကိုဗစ်ဗိုင်းရပ်ကိုလည်း တိုက်ဖျက်ပေးနေပေမယ့် ရောဂါပိုးပြင်းထန် တာကြောင့် ကူးစက်ခံရပါတယ်။ လူတစ်ဦးချင်းရဲ့အခြေခံကျန်းမာရေး ကွာခြားတာနဲ့အမျှ အဓိကဆီးချို အမျိုးအစား(၂) ရောဂါရှိ သူမှာ ရောဂါကြောင့် သေဆုံးနိုင်ခြေများတယ်။ အမျိုးသားတွေက အမျိုးသမီးတွေထက်  သေဆုံးနိုင်ခြေ ၁ ဒသမ ၆၁ ဆ ပိုမိုပါတယ်။

ရောဂါပိုးရဲ့ကူးစက်မှုမှာ ပတ်ဝန်းကျင်၊ ရာသီဥတုအခြေအနေက အားပြုနေပြန်ပါတယ်။ အပူချိန်(Temperature)၊ စိုထိုင်းဆ (Humidity) တွေက မိုးရာသီစိုစွတ်ကာလမှာ ပိုမိုကူးစက်ဖြစ်ပွားလွယ်ပြီး ခြောက်သွေ့တဲ့နွေရာသီမှာကူးစက်မှု၊ ဖြစ်ပွားမှု ကျဆင်း ကြောင်း သိရပါတယ်။ မြန်မာနိုင်ငံမှာမိုးသည်းထန်စွာရွာသွန်းကာ စိုထိုင်းဆမြင့်တက်နေတဲ့ကာလမှာ ကိုဗစ်-၁၉ ပိုမိုရှင်သန် ပေါက်ပွားနိုင်လို့ ကူးစက်မှုနှုန်းမြင့်ပါတယ်။

လူနေသိပ်သည်းမှု၊ နေအိမ်မှာ လူနေထူထပ်ခြင်းကလည်း ရောဂါကူးစက်မှုမြင့်စေတယ်။ လူနေကျဲတဲ့တောင်တန်းဒေသတွေထက်  လူနေစိပ်တဲ့ ရန်ကုန်၊မန္တလေး၊ ပြည်နယ်၊ တိုင်း၊ မြို့တော်များ၊ခရိုင်မြို့ကြီးတွေမှာ ရောဂါကူးစက်ဖြစ်ပွားမှု မြင့်မားနေပါတယ်။

ရန်ကုန်မြို့မှာ ကာကွယ်ဆေးထိုးနှံပြီးသူတွေဟာ ရောဂါကူးစက်မှုဒဏ်ခံနိုင်ရည်ရှိကာ အသက်ဆုံးရှုံးမှုဖြစ်ပွားရသူတွေဟာ  ကာကွယ်ဆေး မထိုးနှံသူများဖြစ်တယ်။ အသက်ကြီးသူတွေ၊ ဆရာဝန်တွေ ကိုဗစ်တတိယလှိုင်းမှာ သေဆုံးကြရတယ်။  အရွယ်မျိုးစုံ ကူးစက်ခံကြရပါတယ်။

ဗိုင်းရပ်ရဲ့ သဘာဝပြောင်းလဲလာခြင်း၊ လူသားတို့ခုခံမှုစနစ်ကျဆင်းခြင်း၊ ဗိုင်းရပ်ကာကွယ်ဆေးများရဲ့ အားနည်းချက်အချို့ရှိခြင်း၊   ရောဂါကုသဆေးများ ဈေးနှုန်းမြင့်မားနေခြင်း၊ ဆရာဝန်၊ ဆရာမ၊ ဆေးရုံ၊ ဆေးခန်းမမျှခြင်းတို့က ကိုဗစ်ရောဂါနဲ့  လူသားအချို့ ကမ္ဘာမြေပေါ်မှ ဖယ်ရှားခဲ့ပြီလည်းဖြစ်တယ်။ ကုသမှု၊ ကျန်းမာရေးပညာပေးခြင်းနဲ့ ကာကွယ်ဆေးထိုး လုပ်ငန်းတွေ တိုးချဲ့ဖို့လိုအပ် လာပါတယ်။    ။

 ဒေါက်တာလွင်သန့်