ကိုဗစ်ရောဂါကာကွယ်ဖို့ ကာကွယ်ဆေးထိုးကြစို့

ကိုဗစ်ရောဂါကာကွယ်ဖို့ ကာကွယ်ဆေးထိုးကြစို့

ကိုဗစ်ရောဂါကာကွယ်ဖို့ ကာကွယ်ဆေးထိုးကြပါစို့ဟူသော တိုက်တွန်းနှိုးဆော်ချက်ကို သတင်းမီဒီယာမှ တစ်ဆင့် ပြည်သူတစ်ရပ်လုံးသိရှိစေရေး ထုတ်ပြန်ပေးလျက်ရှိသည်။ ကာကွယ်ဆေးထိုးထားခြင်းဖြင့် ရောဂါကူးစက်မှုမှ ကာကွယ်ပေးသည်။ အကယ်၍ ကူးစက်ခံခဲ့ရလျှင်သော်မှ စိုးရိမ်ဖွယ်ရာအနေအထားတွင်မရှိပါ။ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုလှိုင်းသည် အဆင့်လိုက်အဆင့်လိုက်ဖြစ်နေပေရာ ထိုရောဂါဖြစ်ပွားမှုကို ထိန်းချုပ်နိုင်သည့် တစ်ခုတည်းသောထွက်ပေါက်မှာ ကာကွယ်ဆေးထိုးနှံခြင်းဖြစ်သည်။ နိုင်ငံများစွာတွင် ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နေသည်။

ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးထားပါက ရောဂါကူးစက်မှုကို ၈၀ ရာခိုင်နှုန်းအထက် အကာအကွယ်ပေးနိုင်ပြီး ရောဂါဝေဒနာ ပြင်းပြင်းထန်ထန်ခံစားရမှုကို ၉၅ ရာခိုင်နှုန်း အထက် ကာကွယ်ပေးနိုင်သည်။ ကာကွယ် ဆေးလည်းထိုးထားမည်၊ ကာကွယ်ရေး နည်းလမ်းတွေအတိုင်းလည်း လိုက်နာပြုပြင်လုပ်ဆောင်ကြမည်ဆိုလျှင် ရောဂါပိုးသည် ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်နိုင်မည်မဟုတ်ပါ။ အကယ်၍ သည်ကြားထဲကမှ ပိုးဝင် လာမည်ဆိုပါက ကာကွယ်ဆေးထိုးထားသောခန္ဓာကိုယ်တွင် အသင့်ရှိနေသော ပဋိပစ္စည်း များက ဝင်လာသော ဗိုင်းရပ်ကိုဖမ်းပြီး တားဆီးလိုက်မည်ဖြစ်သည်။ ကာကွယ်ဆေး၏ ကာကွယ်ပေးမှုကြောင့် သေဆုံးပျက်စီးမှုလျော့ကျသွားမည်။

ကာကွယ်ဆေးသည် ရောဂါကူးစက်မှုကို လျော့ကျစေခြင်း၊ ရောဂါပြင်းပြင်းထန်ထန် ဖြစ်ပွားမှုကို လျော့ကျစေခြင်းစသော ကောင်းကျိုးများသာဖြစ်ပွားစေမည်။ ကမ္ဘာ့နိုင်ငံကြီး များတွင်လည်း ကာကွယ်ဆေးထိုးထားခြင်း၏ ကောင်းကျိုးရလဒ်ကိုသိရှိလာသည့်အတွက် ကာကွယ်ဆေးထိုးခြင်းကို ယုံယုံကြည်ကြည် လက်ခံဆောင်ရွက်လျက်ရှိသည်။ ကာကွယ်ဆေးထိုးထားခြင်း၏ ထင်ရှားသော ကောင်းကျိုးတစ်ခုကိုဖော်ပြရလျှင် မကြာခင်က အင်္ဂလန်နိုင်ငံတွင် ကျင်းပခဲ့သော ယူရို ၂၀၂၁ ဘောလုံးပြိုင်ပွဲသို့ တက်ရောက်အားပေးကြသူ ပရိသတ်များအနေဖြင့် မည်သည့်အကာအကွယ်မှ ဝတ်ဆင်စရာမလိုဘဲ ဘောလုံးကွင်းထဲမှာ လွတ်လပ်ပေါ့ပါးစွာ ပါဝင်အားပေးကြသည်ကို ဘောလုံးဝါသနာအိုးများမြင်တွေ့ကြပြီးဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့်  မိမိနိုင်ငံရှိပြည်သူအားလုံး ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် လိုအပ်သော ကာကွယ်ဆေးများဝယ်ယူခြင်း၊ ထောက်ပံ့မှုကို လက်ခံခြင်းများဆောင်ရွက်လျက်ရှိသည်။ မိမိ နိုင်ငံတွင် ကာကွယ်ဆေးထုတ်လုပ် နိုင်ရေးကိုလည်း အမြန်ဆုံး အကောင်အထည်ဖော်နိုင်ရေး ကြိုးစားလုပ်ဆောင် လျက် ရှိသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဇူလိုင် ၂၃ ရက်တွင် ကျင်းပခဲ့သည့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ စတုတ္ထအကြိမ်အစည်းအဝေး၌ ကာကွယ်ဆေးများထိုးပေးနိုင်ရေးအတွက် “ရောက်ရှိ လာသည့် ကာကွယ်ဆေးများ ထိုးနှံရေးဆောင်ရွက်ရာတွင် First Dose ကို အမြန်ဆုံးထိုးနှံပြီး ထပ်မံရောက်ရှိလာမည့်ကာကွယ်ဆေးများကိုလည်း အချိန်မီထိုးနှံပေး နိုင်ရေး စီမံဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ ၂၀၂၁ ခုနှစ်အတွင်း လူဦးရေ၏ ၅၀ ရာခိုင် နှုန်းကို ထိုးနှံပေးနိုင်ရေး ရည်မှန်းဆောင်ရွက်လျက်ရှိသော်လည်း ၇၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ထိုးနှံနိုင်ရေး အတွက် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း}} ပြောကြားခဲ့သည်။

ကာကွယ်ဆေးနှင့်ပတ်သက်လျှင်  ယုံယုံကြည်ကြည်နှင့် မြန်မြန်ဆန်ဆန် ထိုးထားကြရန် လိုအပ်သည်။ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးခြင်းများကို နေပြည်တော်ကောင်စီ နယ်မြေနှင့် တိုင်းဒေသကြီး/ပြည်နယ်များတွင် စတင်ဆောင်ရွက်နေပြီဖြစ်သည်။ လူတိုင်းသည် ကျန်းမာရေးနှင့်ပတ်သက်လာလျှင် မိမိကိုယ်မိမိအထူးဂရုပြု ကြရန် လိုပါသည်။ ရောဂါဟူသည် လူမျိုးဘာသာ အသားအရောင် ခွဲခြားနေမည်မဟုတ်ပါ။ မိမိပေါ့ဆလျှင် မိမိခံစားရမည်ဖြစ်သည်။ ရောဂါဝေဒနာစွဲကပ်လျှင် မည်သူမျှ စိတ်ချမ်းသာ တော့မည်မဟုတ်ပါ။ ကာကွယ်ဆေးမထိုးထားမိတာမှားလေခြင်းဟူသောနောင်တမျိုး ရလိမ့်မည်သာဖြစ်သည်။ ပြည်သူများအနေဖြင့် လက်ရှိအနေအထားတွင် ကိုဗစ်-၁၉ ရောဂါထက် ကြောက်စရာကောင်းသည်မှာ သတင်းအမှားများဖြစ်သည်။ သူများပြောသော သတင်းအမှားများကို မယုံကြည်မိပါစေနှင့်။ ယခုထိုးနှံပေးမည့် ကာကွယ်ဆေး အပေါ် ယုံကြည်မှု အပြည့်အဝရှိစေချင်သည်။

ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးရာတွင် ထိုးနှံခြင်းမပြုမီ ကျန်းမာရေးဝန်ထမ်းများနှင့် တာဝန်ရှိသူများက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ သွေးအတွင်းအောက်ဆီဂျင်ပါဝင်မှု ပမာဏတိုင်းတာပေးခြင်း၊ သွေးတိုး၊ ဆီးချို၊ သွေးချို တိုင်းတာပေးခြင်း အစရှိသည့် ကျန်းမာရေးစစ်ဆေးပေးခြင်း များကို ဦးစွာ ဆောင်ရွက်ပေးပြီး ပုံမှန်အခြေအနေရှိမှသာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ထိုးပေးခြင်း ဖြစ်သည်။ ဆေးထိုးပြီးလျှင်လည်း တစ်စုံတစ်ခုဖြစ်ပွားလာပါကလည်း အရေးပေါ် ကုသမှုပေးခြင်းတို့ကို  ဆောင်ရွက်နိုင်ရန် Medical Team များ ဖွဲ့စည်းထားရှိသည်။ မိမိနှင့်မိမိ မိသားစုအတွက် ရရှိလာမည့် အခွင့်အရေးကို လက်လွတ်မခံဘဲ ပါဝင်ထိုးနှံကြရန်လိုပေသည်။ ထို့ကြောင့် ကိုဗစ်ရောဂါကာကွယ်ဖို့ ကာကွယ် ဆေးထိုးကြစို့ ဟူ၍ တိုက်တွန်းရေးသားလိုက်ရပေသည်။