ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများနှင့် ကာကွယ်ဆေးထိုး လုပ်ငန်းများ ညှိနှိုင်းဆွေးနွေး

နေပြည်တော် ဖေဖော်ဝါရီ ၁၆

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏  လတ်တလော ဆောင်ရွက်နေသည့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများနှင့် ကာကွယ်ဆေးထိုး လုပ်ငန်းများ၊ ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်သည့်  ညှိနှိုင်းအစည်းအဝေးကို  ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာန၌ ကျင်းပသည်။

အစည်းအဝေးတွင်  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက   လက်ရှိတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၌ တာဝန်ထမ်းဆောင်လျက် ရှိသော ဝန်ထမ်းများအနေဖြင့် သက်ဆိုင်ရာ လုပ်ငန်းခွင်အသီးသီးသို့ ပြန်လည်ဝင်ရောက်လာသည့် ဝန်ထမ်းများ  အဆင်ပြေစေရေးအတွက် ကူညီပံ့ပိုး ဆောင်ရွက်ပေးစေလိုကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိက အရေးပါသည့် လုပ်ငန်းစဉ်ဖြစ်သည့်အတွက်ကာကွယ်ဆေးများ ထိုးနှံနိုင်ရေးကို မူလက စီစဉ်ထားသည့်အတိုင်း ဆောင်ရွက်နိုင်ရေး၊ ကာကွယ်ဆေးများကို စနစ်တကျ သိုလှောင်ထားရှိနိုင်ရေး၊ စနစ်တကျ ဖြန့်ဖြူးသွားနိုင်ရေးစသည်တို့ ကြပ်မတ်ဆောင်ရွက် သွားစေလိုကြောင်း၊ လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးမှုပိုင်းတွင် အကြောင်းအမျိုးမျိုးကြောင့် အားနည်းလျက်ရှိရာ ပုံမှန်အတိုင်း စစ်ဆေးပေးနိုင်မှုများ ဆောင်ရွက်နိုင်ရန် တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေး/ ကုသရေး ဦးစီးဌာနမှူးများနှင့် ညှိနှိုင်း ဆောင်ရွက်သွားစေလိုကြောင်း။

 ကိုဗစ်ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများကို အချိန်နှင့်တစ်ပြေးညီ ကုသမှုများ ပေးနိုင်ရေးအတွက်  စီစဉ်ဆောင်ရွက်စေလိုကြောင်း၊    ကိုဗစ်ကာကွယ်ဆေးကို ပုဂ္ဂလိကကဏ္ဍမှ ဝယ်ယူ တင်သွင်းနိုင်ရေး အတွက်  အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာနမှ တင်သွင်းခွင့်အား လုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်ခွင့်ပြုနိုင်ရေး အမြန်ဆုံး ဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ တက်ရောက်လာသူများက ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စု ဝန်ကြီးက ပြန်လည်ဆွေးနွေးသည်။

အစည်းအဝေးသို့  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊   ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း  သိရသည်။