ကိုဗစ်-၁၉ ရောဂါနှင့် ကျွန်ုပ်၏တာဝန်သုံးရပ်

ကိုဗစ်-၁၉ ရောဂါနှင့် ကျွန်ုပ်၏တာဝန်သုံးရပ်

ကိုဗစ်-၁၉ ရောဂါနှင့် ကျွန်ုပ်တို့၏အမိနိုင်ငံယခုအခါ ကျွန်ုပ်တို့အမိနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းကျရောက်လျက် ရှိသည်။ ယင်းကိုဗစ်-၁၉ ကပ်ရောဂါကြီး ကြောင့် အမိနိုင်ငံ၏နယ်ပယ်နှင့် ကဏ္ဍအသီးသီးတွင် အခက်အခဲ၊ အကျပ်အတည်း၊ ထိခိုက်ဆုံးရှုံးမှု အမျိုးမျိုးဖြစ်ပေါ် လျက်ရှိသည်။ မိဘပြည်သူများအနေဖြင့်လည်း စိုးရိမ်ကြောင့်ကြစိတ်၊ ထိတ်လန့်မှု၊  စိတ်ဓာတ်ကျဆင်းမှု၊ ပူဆွေးသောကရောက်မှု စသည့်  စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုအမျိုးမျိုးအပြင် လူမှုရေး၊ စီးပွားရေး၊ ပညာရေး ဆိုင်ရာပြဿနာအခက်အခဲမျိုးစုံကို ကြုံတွေ့ ခံစားရလျက်ရှိသည်။ ကိုဗစ်-၁၉ ကပ်ရောဂါ သည် မိဘပြည်သူများ၏ အသက်ပေါင်း  များစွာကိုဆုံးရှုံးစေသည်သာမက အမိနိုင်ငံ တော်ကြီးကို ဘက်စုံတိုက်ခိုက် လျက်ရှိသည်။

နိုင်ငံတော်၏ တာဝန်ကျေပွန်မှု

ယခုအချိန်တွင် နိုင်ငံတော်သည် ကိုဗစ်-၁၉ ကပ်ရောဂါဆိုးကြီး ကင်းစင်ပပျောက်ရေး အတွက် ကာကွယ်ရေး၊ ထိန်းချုပ်ရေး၊ ကုသရေးဟူ၍  ကဏ္ဍသုံးရပ်ခွဲခြားပြီး  အားသွန်ခွန်စိုက် ကြိုးပမ်းလျက်ရှိသည်။ တပ်မတော်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှ တာဝန်ရှိပုဂ္ဂိုလ်အသီးသီးသည်  လိုအပ်သည့်  မြေပြင်ကွင်းဆင်း လေ့လာမှုများကို မပြတ်ပြုလုပ်ပြီး အရေးပေါ် လိုအပ်ချက်အသီးသီးကို အမြန်ဆုံး ဖြည့်ဆည်းဆောင်ရွက် ပေးသည်။ လိုအပ်သည့် စည်းမျဉ်းစည်းကမ်း၊ အမိန့်ညွှန်ကြားချက်များကိုလည်း အချိန်မီ ထုတ်ပြန်ပေးသည်။ ကိုဗစ်-၁၉ ကပ်ရောဂါဝေဒနာရှင်များအတွက် လိုအပ်ချက်များကို အမြန်ဆုံး ဖြည့်ဆည်းပေးနိုင်ရန်အတွက် ပြည်ပ မိတ်ဆွေနိုင်ငံများနှင့်လည်း ချိတ်ဆက် ဆောင်ရွက်လျက်ရှိသည်။ ကိုဗစ်-၁၉ ကပ်ရောဂါ အမြန်ဆုံး ကင်းစင်ပပျောက်ရေးအတွက် နိုင်ငံတော်သည် မိမိကျေပွန် ရမည့်တာဝန်မှန်သမျှကို ကျေပွန်စွာထမ်းဆောင်လျက် ရှိသည်။

ကျွန်ုပ်တို့ကျေပွန်ရမည့်တာဝန်သုံးရပ်

ကိုဗစ်-၁၉ ကပ်ရောဂါ အမြန်ဆုံးကင်းစင် ပပျောက်ရေးသည် နိုင်ငံတော်အပေါ်တွင် သာ တာဝန်ရှိသည်မဟုတ်ပါ။ ကျွန်ုပ်တို့ နိုင်ငံသူ၊ နိုင်ငံသားများတွင်လည်း အတိုင်းအတာ တစ်ခုအထိ တာဝန်ရှိပါသည်။ နိုင်ငံ တော်မှ တာဝန်ကျေပွန်စွာဆောင်ရွက်သကဲ့သို့ ကျွန်ုပ်တို့နိုင်ငံသားများဘက်ကလည်း မိမိတို့ထမ်းဆောင်ရမည့် တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ကြရပါမည်။ သို့မှသာ ကိုဗစ်-၁၉ ကပ်ရောဂါဆိုးကြီး အမြန် ကင်းစင်ပပျောက် မည်ဖြစ်သည်။ ကျွန်ုပ်တို့ နိုင်ငံသားများထမ်းဆောင်ရမည့်  တာဝန်သုံးရပ် ရှိသည်။ ပထမတာဝန်မှာ ကိုဗစ်-၁၉ ကပ်ရောဂါနှင့်ပတ်သက်၍ ထုတ်ပြန်ထားသော စည်းမျဉ်း စည်းကမ်း၊ အမိန့်ညွှန်ကြားချက်များကို တိကျစွာလိုက်နာခြင်း။ ဒုတိယတာဝန်မှာ  ကိုဗစ်-၁၉ ရောဂါ  ကင်းစင်ပပျောက်ရေးအတွက် နိုင်ငံတော်နှင့် တက်ကြွစွာ ပါဝင်ပူးပေါင်း ဆောင်ရွက်ခြင်း။ တတိယတာဝန်မှာ ကိုဗစ်-၁၉ ရောဂါ ကင်းစင်ပပျောက်ရေး ကြိုးပမ်း ဆောင်ရွက်နေစဉ်အတွင်း မသမာသူပုဂ္ဂိုလ်၊ အင်အားစုများဖန်တီးလာမည့် အခြေအနေဆိုး တစ်ခုအား  သတိဖြင့်စောင့်ကြည့်ခြင်းတို့ဖြစ်သည်။ ဤတာဝန်သုံးရပ် သည် အမိနိုင်ငံတော်အပေါ်   ကျွန်ုပ်တို့ကျေပွန်ရမည့် တာဝန်များပင်ဖြစ်သည်။

စည်းကမ်းနှင့်စိတ်ဓာတ်

လောက၌  လိုက်နာရမည့် စည်းကမ်းများစွာရှိသည်။ သို့သော် အမျိုးအစားခွဲလိုက်ပါက နှစ်မျိုးသာရှိသည်။ ပထမတစ်မျိုးမှာ ဆောင်ရန်စည်းကမ်းဖြစ်ပြီး ဒုတိယတစ်မျိုးမှာ ရှောင်ရန်စည်းကမ်းဖြစ်သည်။ ဆောင်ရန်စည်းကမ်းသည် ဆောင်ရွက်သင့်ဆောင် ရွက်ထိုက်သော အရာမှန်သမျှကို မပျက်မကွက်ပြုလုပ်ရန် တိုက်တွန်းထားခြင်းဖြစ်သည်။ ရှောင်ရန်စည်းကမ်းသည် မဆောင် ရွက်သင့် မဆောင်ရွက်ထိုက်သောအရာ မှန်သမျှကို လုံးဝမဆောင်ရွက်ရန် တားမြစ်ထားခြင်းဖြစ်သည်။ ဆောင်ရန်စည်းကမ်းကို စဉ်ဆက်မပြတ် လိုက်နာနေသည့်အခါ မိမိပြုလုပ်သင့်   ပြုလုပ်ထိုက်သောအရာ မှန်သမျှ ကို မဖြစ်မနေပြီးမြောက်အောင် ဆောင်ရွက်သည့် ပြင်းထန်သောတွန်းအားတစ်ရပ်ကို ပိုင်ဆိုင်လာသည်။ ထို့အတူ ရှောင်ရန်စည်းကမ်းကို  စဉ်ဆက်မပြတ် လိုက်နာနေသည့်အခါ မိမိမပြုလုပ်သင့်၊ မပြုလုပ်ထိုက်သော  အရာမှန်သမျှကို မပြုလုပ်ဘဲ မိမိကိုယ်မိမိ ထိန်းချုပ်နိုင်သည့် ထိန်းချုပ်အားတစ်ရပ်ပိုင်ဆိုင်လာသည်။  ထို့ကြောင့် စည်းကမ်းကို တိကျစွာ စဉ်ဆက်မပြတ် လိုက်နာနေပါက စိတ်ဓာတ်ပိုင်း ဆိုင်ရာတွန်းအားနှင့် ထိန်းချုပ်အားကို ပိုင်ဆိုင်ရသည်။

စည်းကမ်းနှင့် သတိတရား

စည်းကမ်းကို  စဉ်ဆက်မပြတ် လိုက်နာသည့်အခါ မိမိတွင်ဆန္ဒတစ်ခုဖြစ်ပေါ်လာ သည်နှင့် တစ်ပြိုင်နက် ပြုလုပ်သင့်၊ မပြုလုပ်သင့်ဟူ၍ စဉ်းစားဆင်ခြင်သည်။ ဤသို့ စဉ်းစားဆင်ခြင် ပြီးနောက် ပြုလုပ်သင့်က ပြုလုပ်သည်။ ပြုလုပ်ရန်မသင့်ပါက မပြုလုပ်ဘဲနေသည်။ အပြုအမူတစ်ခုကို ပြုလုပ်ရန် သင့်၊ မသင့် စဉ်းစားဆင်ခြင်ခြင်းသည် သတိတရား ဖြစ်ပေါ်လာခြင်းသဘောဖြစ်သည်။ သတိတရားထဲတွင် အသိတရားများ ပါဝင်ထားသည် ဖြစ်ရာ သတိဖြစ်ပေါ်လာ သည်နှင့်တစ်ပြိုင်နက် အသိတရားလည်း ဖြစ်ပေါ်လာသည်။ အသိတရားဖြစ်ပေါ်လာမှုကြောင့် အမှားအမှန်၊ အကြောင်းအကျိုး၊ အကောင်းအဆိုးကို   မှန်ကန်စွာဝေဖန် ပိုင်းခြားနိုင်လာသည်။ ဤသို့မှန်ကန်စွာ ဝေဖန်ပိုင်းခြားနိုင်မှုကြောင့် အကျိုးတရား လေးမျိုးဖြစ်ပေါ်လာသည်။ ပထမအကျိုး တရားမှာ ဆုံးဖြတ်ချက်များကို မှန်ကန်စွာချမှတ်နိုင်ခြင်း။ ဒုတိယမှာ ဘေးအန္တရာယ်၊ ထိခိုက်ဆုတ်ယုတ်မှုများ မိမိတွင် ဖြစ်ပေါ် မလာရန်ကာကွယ်ဟန့်တားနိုင်ခြင်း။ တတိယမှာ  ကြုံတွေ့နေရသော ဘေးအန္တရာယ်၊ ထိခိုက်ဆုတ်ယုတ်နေမှုများကို ဆက်လက် ကြီးထွားမလာရန် ထိန်းချုပ် ထားနိုင်ခြင်း။ စတုတ္ထအကျိုးတရားမှာ ဖြစ်ပေါ်နေသော ဘေးအန္တရာယ်၊ အခြေအနေဆိုးကို အောင်မြင်စွာကိုင်တွယ်ဖြေရှင်းနိုင်ခြင်း စသည့် အကျိုးတရားများဖြစ်သည်။ စည်းကမ်းကို စဉ်ဆက်မပြတ်လိုက်နာမှုကြောင့် သတိနှင့် အသိတရားကြီးမားလာပြီး ယင်းသတိနှင့် အသိတရားကြောင့် ဤကဲ့သို့ အကျိုးတရား လေးမျိုးကို ပိုင်ဆိုင်ရခြင်းဖြစ်သည်။

စည်းကမ်းလိုက်နာမှုတာဝန်ကိုကျေပွန်ခြင်း

ကိုဗစ်-၁၉ ကပ်ရောဂါ ကင်းစင်ပပျောက်ရေးအတွက် ပထမဦးဆုံးတာဝန်အနေဖြင့် ကျွန်ုပ်တို့သည်  ထုတ်ပြန်ထားသောစည်း မျဉ်းစည်းကမ်း၊ အမိန့်ညွှန်ကြားချက်များကို တိကျစွာလိုက်နာကြရမည်။ စည်းကမ်းသည် ဘေးအန္တရာယ်၊ အခြေအနေဆိုးများကို ကာကွယ်နိုင်စွမ်း၊ ထိန်းချုပ်နိုင်စွမ်း၊ ဖြေရှင်း ဆောင်ရွက်နိုင်စွမ်းရှိသည်ဖြစ်ရာ ထုတ်ပြန်  ထားသောစည်းမျဉ်းစည်းကမ်း၊ အမိန့်ညွှန် ကြားချက်မှန်သမျှကို ကျွန်ုပ်တို့လိုက်နာ ကြသည့်အခါ ကိုဗစ်-၁၉ ကပ်ရောဂါဆိုး ကြီးကို ကျွန်ုပ်တို့အောင်မြင်စွာကြိုတင် ကာကွယ်နိုင်မည်။ ထိန်းချုပ်နိုင်မည်။ ကုသပေးနိုင်မည်။ ကျွန်ုပ်တို့အားလုံး၏စည်းကမ်း နှင့် အမိန့်နာခံမှုဟူသော စွမ်းအားကြီးကို ကိုဗစ်-၁၉ ကပ်ရောဂါဆိုးကြီးက အရှုံးပေး ရမည်သာဖြစ်သည်။

ပူးပေါင်းဆောင်ရွက်မှုတာဝန်ကျေပွန်ခြင်း

ဒုတိယတာဝန်အနေဖြင့် ကိုဗစ်-၁၉  ကပ်ရောဂါ ကင်းစင်ပပျောက်ရေးအတွက် နိုင်ငံ တော်အား ရိုးသားတက်ကြွစွာ ပူးပေါင်း ဆောင်ရွက်ရမည်။ ကိုဗစ်-၁၉ ကပ်ရောဂါသည် နိုင်ငံတော်အား ဘက်စုံတိုက်ခိုက် နေသည့်အတွက် ကျွန်ုပ်တို့၏အမိနိုင်ငံတွင် လိုအပ်ချက် အမျိုးမျိုး အထိုက်အလျောက် ဖြစ်ပေါ်နေသည်။ ဤလိုအပ်ချက်များကို နည်းလမ်းနှစ်သွယ် ဖြင့် ဖြည့်ဆည်းပေးနိုင်သည်။ ပထမနည်းလမ်းမှာ ကျွန်ုပ်တို့တစ်ဦး ချင်းစီက နိုင်ငံတော်မှ ထုတ်ပြန်သည့် စည်းမျဉ်းစည်းကမ်း၊ အမိန့်ညွှန်ကြားချက်များကို အသိစိတ်ဓာတ် မြင့်မားစွာဖြင့် တိကျစွာ လိုက်နာဆောင်ရွက်ခြင်းဖြစ်သည်။ ဒုတိယနည်းလမ်းမှာ  နိုင်ငံတော်၏လိုအပ်ချက် အမျိုးမျိုးကို မိမိတို့၏ ကာယအား၊ ဉာဏအား၊ ဝီရိယအား၊ ဓနအား၊ ရုပ်ဝတ္ထုပစ္စည်း အားတို့ဖြင့် ဖြည့်ဆည်းပံ့ပိုးပေးခြင်းဖြစ်သည်။ ဤနည်းလမ်း နှစ်သွယ်ဖြင့် အမိနိုင်ငံတော်အား ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်သည်။ ညီညွတ်ခြင်းသည် အင်အား၊ စုပေါင်း ညီညာအောင်ကြောင်းဖြာ၊ တစ်ယောက် အားနှင့်ယူသော်မရ၊ တစ်သောင်းအားနှင့် ယူသော်ရ၏ဟူသော အဆုံးအမများကို အောက်မေ့သတိရပြီး အမိနိုင်ငံတော်အား ဝိုင်းဝန်းကူညီကြရမည်။

သတိကြီးစွာထားရမည့်တာဝန်ကိုကျေပွန်ခြင်း

တတိယတာဝန်အနေဖြင့် အမိနိုင်ငံ၏ ပစ္စုပ္ပန်အခြေအနေအရပ်ရပ်ကို သတိကြီး စွာဖြင့် ကျွန်ုပ်တို့စောင့်ကြည့်နေကြရမည်။ ဆိုလိုသည်မှာ ကိုဗစ်-၁၉ ကပ်ရောဂါဆိုး ကြီးကို အထူးအာရုံစူးစိုက်၍ တိုက်ထုတ် နေစဉ်အတွင်း အခြေအနေဆိုးတစ်ခု မည်သို့ ဖန်တီးဖြစ်ပေါ်လာမည်ကို သတိကြီးစွာ ဖြင့် စောင့်ကြည့်နေရမည်ဟု ဆိုလိုခြင်းဖြစ် သည်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့ အမိနိုင်ငံတွင် မစားရမည့်အမဲ သဲနှင့်ပက် မည့်သူ၊ မင်းသားကြီးမလုပ်ရလျှင် ပတ်မကြီးထိုးဖောက်မည့် အရှက်နှင့်အကြောက် တရားကင်းမဲ့ နေသည့်  ပြည်တွင်းသစ္စာ ဖောက်ပုဂ္ဂိုလ်၊ အဖွဲ့အစည်းများရှိနေသော  ကြောင့်ဖြစ်သည်။ ယင်းပုဂ္ဂိုလ်၊ အဖွဲ့အစည်းများက အခြေအနေဆိုးတစ်ခုကို ဖန်တီး ကြမည်ဖြစ်သည်။ ထို့ကြောင့် ကိုဗစ်-၁၉ ကပ်ရောဂါဆိုးကြီး ကင်းစင်ပပျောက်ရေးကိုသာ ဝီရိယ စိုက်ထုတ် နေရုံဖြင့် မလုံလောက်သေးဘဲ ယင်းတို့က ထပ်မံဖန်တီးလာမည့် အခြေအနေဆိုး တစ်ခုကို လည်း သတိပညာဖြင့် စောင့်ကြည့်နေရမည်ဖြစ်သည်။ အမိနိုင်ငံ၏ ပစ္စုပ္ပန်အခြေအနေ  အရပ်ရပ်သည် ဝီရိယအားတစ်မျိုးတည်း စိုက်ထုတ်နေရုံဖြင့် မလုံလောက်တော့ဘဲ သတိအား၊ ပညာအား စသည့်အားနှစ်မျိုး ကိုပါ ထပ်မံစိုက်ထုတ်သုံးစွဲရန် လိုအပ်နေပြီ ဖြစ်သည်။ ဤအချက်ကို နားလည်သိမြင်ပြီး ကျွန်ုပ်တို့၏သတိအား၊ ပညာအား၊ ဝီရိယ အား စသည့်အားသုံးမျိုးကို အမိနိုင်ငံအား အပြည့်အဝပေးဆပ်နေကြရမည်။

ကျွန်ုပ်တို့နိုင်ငံသားများ တာဝန်ကျေပွန်မှသာ

ယခုအခါ နိုင်ငံတော်က ကိုဗစ်-၁၉ ကပ်ရောဂါဆိုးကြီးကို ကာကွယ်၊ ထိန်းချုပ်၊ ကုသ  ဟူ၍ ကဏ္ဍ (၃)ရပ်ခွဲ၍ တိုက်ဖျက်လျက်ရှိ သည်။ ထိရောက်စွာ ကြိုတင်ကာကွယ်နိုင်လျှင် ထိရောက်စွာထိန်းချုပ်နိုင်မည်။ ထိရောက်စွာထိန်းချုပ်နိုင်လျှင် ထိရောက် စွာကုသနိုင်မည် ဖြစ်သည်။ ဤလုပ်ငန်းများ အောင်မြင်နိုင်ရန်အတွက် အဓိကအကျဆုံး သောအင်အားစုမှာ ကျွန်ုပ်တို့နိုင်ငံသားများ ပင်ဖြစ်သည်။ ကျွန်ုပ်တို့နိုင်ငံသားများက အသိစိတ်ဓာတ် မြင့်မားစွာဖြင့် စည်းမျဉ်းစည်းကမ်းများကို တိကျစွာလိုက်နာခြင်း၊ နိုင်ငံတော်နှင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက်ခြင်း၊ အမိနိုင်ငံ၏ အခြေအနေအရပ် ရပ်ကို သတိကြီးစွာဖြင့် စောင့်ကြည့်ခြင်း စသည့် တာဝန်သုံးရပ်ကို ကျေပွန်နေပါက  ကိုဗစ်-၁၉ ကပ်ရောဂါကြီး အမြန်ကင်းစင် ပပျောက်မည်ဖြစ်ပါကြောင်း နိဂုံးချုပ်အနေဖြင့် တင်ပြအပ်ပါသည်။   ။