ကိုဗစ်-၁၉ ရောဂါနှင့် ရေရှည်ရင်ဆိုင်ကြရာဝယ်

ကိုဗစ်-၁၉ ရောဂါနှင့် ရေရှည်ရင်ဆိုင်ကြရာဝယ်

ဖြတ်ကျော်လာသည့် ရာစုနှစ်ကာလများတွင် ကမ္ဘာပေါ်ရှိ ကူးစက်လျက်ရှိသော ရောဂါ များအား သုံးသပ်ကြည့်ပါက အသစ်ဖြစ်ပေါ်လာသော ရောဂါပိုးများနှင့်   ပြန်လည်ဦးမော့ လာသော ရောဂါပိုးများဟူ၍ နှစ်မျိုးတွေ့ရနိုင်ပါသည်။ ကိုဗစ်-၁၉ ရောဂါပိုးကဲ့သို့ အသစ်ဖြစ်ပေါ်လာသော ရောဂါပိုးမှာ  ယခုဆိုလျှင် မြန်မာနိုင်ငံအတွင်း  တတိယလှိုင်း အသွင် ကူးစက်လျက်ရှိကြောင်း တွေ့ရပါသည်။ ထိုသို့ ကူးစက်မှုမြင့်မားနေချိန်ကာလတွင်  မြန်မာနိုင်ငံတွင်လည်း နိုင်ငံတကာနည်းတူ ကာကွယ်၊ ထိန်းချုပ်၊ ကုသမှုများ ရှေ့တန်းတင် ဆောင်ရွက်လျက်ရှိသည်ကို  တွေ့မြင်ရပါသည်။   ယခင်ရာစုနှစ်များ ဖြတ်ကျော်လာသည့် အတွေ့အကြုံများအရ   နောက်ပိုင်းကာလများတွင်  ကိုဗစ်-၁၉ ရောဂါပိုးသည်လည်း  ထိန်းချုပ်နိုင်သည့် ရောဂါအဖြစ်သာ ကျန်ရစ်နေမည်ဖြစ်ပေသည်။

ကိုဗစ်-၁၉  ရောဂါပိုးကူးစက်ခံရသော  နိုင်ငံအသီးသီးတွင် ကူးစက်မှုများခံစားရပြီးနောက် ထိန်းချုပ်နိုင်သော ကပ်ရောဂါအသွင်ပြောင်းလဲစေရေး ရေရှည်စီမံချက်များ ချမှတ် ဆောင်ရွက်ကြရပါသည်။  ထိုသို့ ထိန်းချုပ်နိုင်ရေးအတွက် ကာကွယ်ဆေးထိုးနှံခြင်းများ ဆောင်ရွက်ကာ လူထုအတွင်း ကိုယ်ခံစွမ်းအားရာနှုန်း ပြည့်ရရှိနိုင်ရေး ဆောင်ရွက်ရန်မှာ    အလွန်ပင် အရေးကြီးသောအချက်ပင်ဖြစ်ပေသည်။

ယခင်နှစ်များအတွင်း   ကူးစက်ပျံ့နှံ့ခဲ့ကြသည့် ရောဂါပိုးများသည် သာမန်ကူးစက်မှုပုံစံမှ ကပ်ရောဂါအဆင့်အထိ အမျိုးမျိုးပေါ်ထွက်ခဲ့ရာ သာမန်ရာသီ တုပ်ကွေးရောဂါပိုးများ ကူးစက်သကဲ့သို့ ငှက်ဖျားရောဂါပိုးကဲ့သို့ ကမ္ဘာကိုခြိမ်းခြောက်နိုင်ခဲ့သော ရောဂါပိုး များအား   သာဓကအနေဖြင့်တွေ့ရနိုင်ပါသည်။ အဆိုပါရောဂါပိုးများ၏ လှည့်စားမှု၊ ကူးစက်မှုများအပြင် အသက်ဆုံးရှုံးမှုများ ခံစားခဲ့ရကြောင်း သမိုင်းတွင်တွေ့ရပါသည်။ လူ့ပတ်ဝန်းကျင်တွင် ယခုအချိန်အထိ ထိန်းချုပ်နိုင်သောရောဂါပိုးများအဖြစ် တည်မြဲနေဆဲ ပင်ဖြစ်သည်။

ကမ္ဘာပေါ်ရှိ  ကျန်းမာရေးဆိုင်ရာ  ပညာရှင်များ၊ ဆေးသိပ္ပံသုတေသီများမှ စဉ်ဆက်မပြတ် စောင့်ကြည့်လေ့လာခြင်း၊ သုတေသနပြုခြင်းများ၏ အဓိကရည်မှန်းချက်များမှာ  အဆိုပါ ကူးစက်ခဲ့သော  ရောဂါများ ပြန်လည်ဦးမော့လာပြီး ကပ်ရောဂါအသွင်မဖြစ်ပေါ်စေရေးနှင့် အပြီးတိုင် ပပျောက်စေနိုင်ရေးပင်ဖြစ်ကြောင်း ဖော်ပြလိုပါသည်။ ထိုနည်းတူစွာ ကိုဗစ်-၁၉ ရောဂါပိုးအား ပထမအဆင့်အနေဖြင့် ကပ်ရောဂါအသွင်မှ ပယ်ရှားနိုင်စေရေးအတွက် ရောဂါကူးစက်မှုကွင်းဆက် များဖြတ်တောက်နိုင်ရေး   ကာကွယ်ထိန်းချုပ်ခြင်းများ၊ လူထု အကြား ရာခိုင်နှုန်းတစ်ခုအထိ ကာကွယ်ဆေးထိုးနှံစေပြီး ကိုယ်ခံစွမ်းအား ပဋိပစ္စည်းများ ရရှိရန် စီမံဆောင်ရွက်ခြင်းများ လုပ်ဆောင်ကြရပါသည်။

ကူးစက်ပျံ့နှံ့မှု အမြင့်မားဆုံးအခြေအနေများကို ရင်ဆိုင်နေချိန်တွင်    လူတစ်ဦးချင်းစီ မှတစ်ဆင့် တစ်ကမ္ဘာလုံးအတိုင်းအတာအထိ ပူးပေါင်းဆောင်ရွက်နေကြရာ ကာလ တစ်ခုတွင် ထိန်းချုပ်နိုင်သည့် ရောဂါပိုးအဖြစ် ရောက်ရှိစေနိုင်မည်ဖြစ်သည်။ လူအများအကြား  ကိုယ်ခံစွမ်းအားရရှိမှု ကန့်သတ်ချက်များရှိလေလေ  ရောဂါထိန်းချုပ်မှု လုပ်ဆောင်ချက်များ ခက်ခဲလေလေဖြစ်သဖြင့် ကာကွယ်ဆေးထိုးနှံမှုသည် တစ်ခုတည်း သော ပြီးပြည့်စုံနိုင်သည့် ဆောင်ရွက်ချက်ဖြစ်ကြောင်းသိရှိကာ   စနစ်တကျပါဝင် ဆောင်ရွက်ပေးရန် တိုက်တွန်းလိုပါသည်။

ထိုသို့   ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် သက်ဆိုင်ရာအစိုးရများမှ   အစွမ်းကုန် ဆောင်ရွက်ပေးကာ ကျန်းမာရေးဝန်ထမ်းများမှ အမြန်ဆုံးထိုးနှံပေး လျက်ရှိကြောင်းကို လည်း နေ့စဉ်ထုတ်သတင်းစာများ၊ သတင်းများတွင် တွေ့ရပါသည်။ သို့ရာတွင် နိုင်ငံအသီးသီးတွင် ကာကွယ်ဆေးရရှိမှုတွင် ကန့်သတ်ချက်များရှိနေသေး၍ ဦးစားပေး အုပ်စုများသတ်မှတ်ခြင်းသာဖြစ်ပြီး အသက် ၁၈ နှစ်နှင့်အထက် လူတိုင်းထိုးနှံပေးရန်  ရည်မှန်းချက်ထားဆောင်ရွက်နေပါသည်။ ထိုမှတစ်ဆင့် နိုင်ငံတကာမှ ဆောင်ရွက်လျက် ရှိသော ကာကွယ်ဆေးဆိုင်ရာ  ဘေးကင်းလုံခြုံမှု သုတေသနရလဒ်များနှင့် ကာကွယ်ဆေး လုံလောက်စွာရှိမှုအပေါ်မူတည်၍ ကျန်အသက်အပိုင်းခြားများနှင့် ဆေးထိုးနှံရာတွင် ကန့်သတ်ချက်များရှိသူများအား ထိုးနှံပေးမည်ဖြစ်ပါသည်။

ယခင်ကူးစက်မှုဖြစ်ပေါ်ခဲ့သော ရောဂါပိုးများ၏ရာဇဝင်များအရ ကျောက်ရောဂါ ကဲ့သို့သော ရောဂါပိုးအတွက် ထိရောက်သော ကာကွယ်ဆေးထုတ်လုပ်နိုင်ခဲ့ပြီး ကမ္ဘာ့နိုင်ငံ များပူးပေါင်း ဆောင်ရွက်ထိုးနှံနိုင်ခဲ့သဖြင့် ကူးစက်မှုအပြီးတိုင် ပပျောက်ခဲ့သော သာဓကများ လည်းရှိကြောင်း သတိပြုစေလိုပါသည်။

ရောဂါပိုးများ၏ဖြစ်ပွားမှုနှင့် ကူးစက်ပျံ့နှံ့မှုတို့ကို အချိန်တိုအတွင်း အလွယ်တကူ ကင်းစင်ပပျောက်နိုင်ရန် မလွယ်ကူနိုင်ပေ။ သို့ရာတွင် ဆောင်ရွက်မှုလုပ်ငန်း အဆင့် တိုင်းတွင် ပူးပေါင်းလုပ်ဆောင်ပါက အချိန်ကာလတစ်ခုတွင် လိုအပ်သောအခြေအနေ တစ်ခုသို့ ရောက်ရှိစေနိုင်ပါသည်။ ကာကွယ်ဆေးထိုးနှံမှု ဆောင်ရွက်ခြင်းနှင့် ရောဂါ ကာကွယ်၊ ထိန်းချုပ်ခြင်းလုပ်ငန်းများအား ပြိုင်တူဆောင်ရွက်ခြင်းဖြင့် ကူးစက်မှုကို လျော့ကျစေနိုင်မည်မှာ အမှန်ပင်ဖြစ်၍ တစ်မျိုးသားလုံးအနေဖြင့် လက်တွေ့ကျကျ ပါဝင်ရန်သာ လိုအပ်ပါသည်။

တတိယလှိုင်း ကူးစက်ချိန်ကာလအတွင်း ရောဂါပိုးကူးစက်ခံရသူများ အထိုက်အလျောက် ရှိခဲ့ပြီး ၎င်းင်းတို့၏ကိုယ်ခန္ဓာတုံ့ပြန်မှုမှ ကူးစက်ခံရသော ရောဂါပိုးအား တွန်းလှန် သည့်အနေဖြင့် ကိုယ်ခံစွမ်းအားပဋိပစ္စည်းများ သဘာဝအတိုင်းထွက်ပေါ်လာနိုင်ကြောင်း သိရှိနိုင်ပါသည်။ ထို့အတူ ကာကွယ်ဆေးထိုးနှံထားသည့် ပမာဏမှာလည်း  တစ်နေ့ထက် တစ်နေ့ များပြားလာသဖြင့် ရှိသင့်ရှိထိုက်သောကာကွယ်နိုင်သည့် ကိုယ်ခံစွမ်းအားများ အချိန်ကာလတစ်ခုအတွင်း ပြည့်မီလာမည်မှာမလွဲပေ။

နိုင်ငံတစ်နိုင်ငံနှင့်  တစ်နိုင်ငံအကြား  အကြောင်းအမျိုးမျိုးဖြင့်  ကူးလူးဆက်သွယ် သွားလာနေရသဖြင့် မိမိနိုင်ငံတစ်ခုတည်း ကာကွယ်နိုင်ရေးသာမက ဒေသတွင်းနိုင်ငံ များမှစ၍ တစ်ကမ္ဘာလုံး ကာကွယ်နိုင်စွမ်းအားရရှိနိုင်ရေးကိုပါ စဉ်းစားလာကြသည်။ တစ်နိုင်ငံနှင့် တစ်နိုင်ငံ၊ ဒေသတစ်ခုနှင့်တစ်ခု၊ မြို့တစ်မြို့နှင့်တစ်မြို့ လူဦးရေထူထပ်မှု၊    သိပ်သည်းမှုနှုန်းမတူနိုင်သဖြင့် ကာကွယ်ဆေးထိုးနှံပြီးစီးမှုမှာလည်း ကာလတစ်ခုအထိ အချိန်ယူဆောင်ရွက်ကြရပေမည်။ ထိုသို့ ကာကွယ်ဆေးထိုးနှံပြီး ကိုယ်ခံစွမ်းအား မြင့်မား လာသည်နှင့်အမျှ ရောဂါပိုးပျံ့နှံ့မှုလည်း ကျဆင်းလာမည်ဖြစ်သည်။

ရောဂါပိုးကူးစက်မှု  အမြန်ဆုံးထိန်းချုပ်နိုင်မှသာ ရောဂါပိုး၏ မျိုးဗီဇပြောင်းလဲခြင်းနှင့် ပုံစံကွဲများဖြစ်ပေါ်ခြင်းကို   ကာကွယ်နိုင်မည်ဖြစ်သည်။   ထိုသို့မဆောင်ရွက်ပါက  မျိုးဗီ ဇကွဲများ ပေါ်ထွက်လာပြီး ရောဂါကူးစက်မှုမြန်ဆန်လာနိုင်ပြီး  ကူးစက်ခံရပါက ရောဂါ လက္ခဏာဆိုးရွားစွာ   ခံစားရနိုင်ပေသည်။ ဥပမာအားဖြင့် အများသိသော ဝက်သက် ရောဂါသည် ကာကွယ်ဆေးများထိုးနှံပြီး ထိန်းချုပ်နိုင်သော ရောဂါတစ်ရပ် ဖြစ်လာပြီးသော်လည်း ကာကွယ်ဆေးထိုးနှံရန် အချို့နေရာများကျန်လှပ်နေ၍    ၂၀၁၈ ခုနှစ်တွင် ပြန်လည်ဦးမော့လာကာ ကပ်ရောဂါအသွင်ပြန်လည်ကူးစက်လာနိုင်ကြောင်း တွေ့ရပါသည်။

ကပ်ရောဂါတစ်ခုကိုထိန်းချုပ်နိုင်ရန် အသုံးပြုသော ကာကွယ်ဆေး၏ အကျိုးအာနိသင် ပြည့်ဝမှုများလိုအပ်သဖြင့် ယခုအသုံးပြုနေသော ကာကွယ်ဆေးများကိုလည်း သုတေသန အများအပြားဆောင်ရွက်ခဲ့ပြီး ထိုးနှံပေးလျက်ရှိပါသည်။ ထို့ပြင် သုတေသနများ ဆက်လက် ဆောင်ရွက်လျက်ရှိပြီး ကာကွယ်ဆေး၏ အာနိသင်သက်ရောက်မှုများ   မည်သည့် အချိန်ကာလအထိ ဆက်လက်တည်မြဲနေမည်၊ မည်သည့်ကာလတွင် ပြန်လည်ဖြည့်စွက်ထိုးနှံရမည် စသည့် လိုအပ်ချက်များကို     တိတိကျကျသိရှိစေနိုင်ရန် ဆောင်ရွက်နေကြပါသည်။

သို့ဖြစ်ရာ ကိုဗစ်-၁၉ ရောဂါပိုးနှင့်  ရေရှည်ရင်ဆိုင်ကြရန်အတွက်     အောက်ပါအချက်များ ဆက်လက်ဆောင်ရွက်သွားကြရပါမည်--

-        မြန်မာနိုင်ငံအပါအဝင်    ကမ္ဘာ့နိုင်ငံများတွင်ကိုဗစ်-၁၉ ရောဂါပိုး၏ မျိုးဗီဇများ ပြောင်းလဲမှုရှာဖွေဖော်ထုတ်   စောင့်ကြည့်လေ့လာခြင်း ဆိုင်ရာသုတေသနများကို    စဉ်ဆက်မပြတ်ဆောင်ရွက်ခြင်း၊ ရရှိလာသော သုတေသနရလဒ်များအား နိုင်ငံတကာမှ သိရှိ၍ ကြိုတင်ကာကွယ်နိုင်ရန် ဆောင်ရွက်ခြင်းများ။

-        ရောဂါကူးစက်ပျံ့နှံ့မှုပုံစံများကို ကိန်းဂဏန်းများနှင့် မြေပြင်လက်တွေ့ အခြေအနေ များအား ဆက်စပ်ဖော်ထုတ်၍ ကန့်သတ်ချက်များ၊ တားမြစ်ချက်များထုတ်ပြန်ကာ ရောဂါကူးစက်မှု ကွင်းဆက်ထိန်းချုပ်ခြင်း။

-        လိုအပ်သောစည်းကမ်းများ၊ တားမြစ်ချက်များနှင့် သတိပေးချက်များကို သက်ဆိုင်ရာ ကျန်းမာရေးဌာနများမှအကြံပေးကာ အစိုးရအဖွဲ့မှထုတ်ပြန်ကြပ်မတ်ခြင်း။

-        ကာကွယ်ဆေး  ရာနှုန်းမီအောင်ထိုးနှံနိုင်ရေး ရနိုင်သမျှသောနည်းလမ်းများကို   တွင်တွင်ကျယ်ကျယ်အသုံးပြုကာ ရရှိအောင်ဆောင်ရွက်ခြင်း၊ ကုသရေးတွင် အသုံးပြု သော ဆေးဝါးနှင့် ဆေးပစ္စည်းများအား  အရည်အသွေးပြည့်ဝစွာ ရရှိပြီး ထိရောက်စွာ အသုံးပြုနိုင်ခြင်း။

-        ရောဂါပိုးကူးစက်မှုထိန်းချုပ်နိုင်ရန်  သံသယလူနာများအားဖော်ထုတ်စစ်ဆေးခြင်း၊   ကိုယ်တိုင် အသိစိတ်ပြည့်ဝစွာဖြင့် သတင်းပို့စစ်ဆေးခြင်းများ ဆောင်ရွက်ပြီး  ရောဂါပိုးပျံ့နှံ့မှု ကွင်းဆက်ဖြတ်တောက်ခြင်း။

-        ကာကွယ်ဆေးထိုးနှံသူများအနေဖြင့် သတ်မှတ်ထားသော အသက်အုပ်စုအလိုက် ထိုးနှံရာတွင် စနစ်တကျပူးပေါင်းပါဝင်ခြင်း၊ ကာကွယ်ဆေးထိုးနှံပေးသည့်   ကျန်းမာရေး ဝန်ထမ်းများမှလည်း ကာကွယ်ဆေးထိုးနှံရာတွင်    လိုက်နာရမည့် အခြေခံအချက်များအား သိရှိလိုက်နာဆောင်ရွက်ခြင်း။

-        နိုင်ငံများအကြား ရနိုင်သမျှသော လူ့စွမ်းအားအရင်းအမြစ်များ၊ ခေတ်မီနည်းပညာ များ၊ ဆေးနှင့် ဆေးပစ္စည်းများအပါအဝင်  အခြားလိုအပ်ချက်များအား မျှဝေခြင်းနှင့် လှူဒါန်းခြင်းများ၊  ဖွံ့ဖြိုးပြီးနိုင်ငံများမှ   ဖွံ့ဖြိုးဆဲနိုင်ငံများအား  လိုအပ်ချက်များ ဆက်သွယ် ကူညီထောက်ပံ့ပေးခြင်း။

မိမိတို့နိုင်ငံတွင်လည်း အထက်ပါအချက်များအား လက်ရှိဆောင်ရွက်လျက်ရှိရာ    ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ၊ ကာကွယ်ဆေးထိုးနှံပေးခြင်းများ၊ ကုသရေး လုပ်ငန်းများ အပါအဝင် အခြားကိစ္စများအား ပြည်သူလူထုနှင့်အတူ လက်တွဲဆောင်ရွက် လျက်ရှိပါသည်။ ၎င်းင်းအပြင် ကပ်ရောဂါ၏နောက်ဆက် တွဲဖြစ်ပေါ်လာသည့် ပညာရေး၊ စီးပွားရေးများအပြင် လူမှုရေးနယ်ပယ်များအား စဉ်ဆက်မပြတ် ဆောင်ရွက်ပေး လျက်ရှိသည်ကို တွေ့မြင်ကြရပါသည်။ ထို့ကြောင့် ကိုဗစ်-၁၉ ရောဂါပိုးနှင့်   ရေရှည် ရင်ဆိုင်ကြရာတွင် ကျန်းမာရေးသာမက အခြားသောလိုအပ်ချက်များအား အားလုံး လက်တွဲ ပူးပေါင်းဆောင်ရွက်ရင်း ဖြတ်ကျော်သွားကြရမည်ဖြစ်ကြောင်း   အသိပညာပေး တိုက်တွန်းအပ်ပါသည်။     ။