ကိုဗစ်-၁၉ ရောဂါဖြစ်ပြီး နေပြန်ကောင်းသူ ၃၇ ရာခိုင်နှုန်းတွင် အနည်းဆုံး နာတာရှည်ရောဂါ လက္ခဏာ တစ်ခုဖြစ်ပွား

ကိုဗစ်-၁၉ ရောဂါဖြစ်ပြီး နေပြန်ကောင်းသူ ၃၇ ရာခိုင်နှုန်းတွင် အနည်းဆုံး နာတာရှည်ရောဂါ လက္ခဏာ တစ်ခုဖြစ်ပွား

ကိုဗစ်-၁၉ ရောဂါဖြစ်ပြီး နေပြန်ကောင်းလာသူအနက် ၃၇ ရာခိုင်နှုန်းသည် ရောဂါပိုး ကူးစက်ခံရပြီးနောက် သုံးလမှ ခြောက်လအတွင်း    အနည်းဆုံး နာတာရှည်ရောဂါ လက္ခဏာ တစ်ခုဖြစ်ပွားသည်ကို   တွေ့ရကြောင်း အောက်စဖို့တက္ကသိုလ်နှင့်  အမျိုးသားကျန်းမာရေး သုတေသနဌာနတို့၏ စက်တင်ဘာ ၂၉ ရက်ထုတ်   သုတေသနစာတမ်းတစ်ခုတွင် တွေ့ရသည်။

အဖြစ်အများဆုံး    နာတာရှည်ရောဂါ လက္ခဏာများတွင် အသက်ရှူရခက်သည့် ပြဿနာများ၊ ပင်ပန်းနွမ်းနယ်ခြင်း၊ နာကျင် ကိုက်ခဲခြင်းနှင့်  စိုးရိမ်ပူပန်မှုဖြစ်ခြင်းတို့ ပါဝင်ကြောင်း    သုတေသန စာတမ်းတွင် ဖော်ပြထားသည်။

သုတေသနပညာရှင်များသည် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားပြီး နေပြန်ကောင်းလာသူ ၂၇ဝဝဝဝ ကျော်ကို သုတေသနပြု လေ့လာပြီးနောက် ယခုတွေ့ရှိချက်ကို ထုတ်ပြန်ခြင်းဖြစ်သည်။

အဆိုပါ နာတာရှည်ရောဂါ လက္ခဏာ ဖြစ်ပွားသူအများစုမှာ ကိုဗစ်-၁၉ ရောဂါဖြင့် ဆေးရုံတက်ရောက်ကုသမှု ခံယူရသူများ ဖြစ်ပြီး အရေအတွက်အားဖြင့် အမျိုးသမီးများတွင် အနည်းငယ်ပိုများကြောင်း သုတေသနတွင် ဖော်ပြထားသည်။

ထိုကဲ့သို့ နာတာရှည်ကိုဗစ်-၁၉ ရောဂါ လက္ခဏာများ ဖြစ်ပွားရသည့် အကြောင်းရင်းများ၊ ထိုရောဂါလက္ခဏာများ၏ ပြင်းထန်မှုနှင့် ကြာမြင့်ချိန်တို့ကို  အဆိုပါ သုတေသန စာတမ်းတွင် ဖော်ပြထားခြင်း မရှိသည်ကို တွေ့ရသည်။

သို့သော် သက်ကြီးရွယ်အိုများနှင့် အမျိုးသားများတွင် အသက်ရှူရခက်သည့် ပြဿနာများနှင့် စိတ်ပိုင်းဆိုင်ရာ ပြဿနာများဖြစ်ပွားလေ့ရှိပြီး လူငယ်များနှင့် အမျိုးသမီးများမှာမူ ခေါင်းကိုက်ခြင်း၊ ဝမ်းဗိုက်ပိုင်းနှင့်ဆိုင်သော ရောဂါလက္ခဏာများ ဖြစ်ပွားခြင်းနှင့် စိုးရိမ်သောကများခြင်း သို့မဟုတ် စိတ်ကျခြင်းတို့ ပိုမိုဖြစ်ပွားကြောင်း သုတေသနတွင် ဖော်ပြထားသည်။

ယခုကဲ့သို့ နေပြန်ကောင်းလာသူများတွင် မတူညီသောရောဂါ လက္ခဏာများ ဖြစ်ရခြင်းနှင့်ပတ်သက်၍ ပိုမိုသိရှိနိုင်စေရန်  ဆက်လက် ဆောင်ရွက်ရမည်ဖြစ်ကြောင်း အောက်စဖို့တက္ကသိုလ်မှ   သုတေသန အဖွဲ့ခေါင်းဆောင် ပါမောက္ခပေါဟာရီဆန်က ပြောသည်။

ထို့ပြင်  နာတာရှည်ကိုဗစ်-၁၉ ရောဂါ လက္ခဏာများကို ထိရောက်စွာ ကာကွယ်ရန် သို့မဟုတ်    ကုသရန်တို့အတွက်ဆိုလျှင် အဆိုပါ လေ့လာတွေ့ရှိချက်များသည် အလွန်အရေးပါမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်ဟု သိရသည်။          

   Ref: TST